ဖေဖော်ဝါရီ-၂၀၊ ၂၀၂၆။ ဒလပန်း/People’s Spring
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေအတွင်းကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဥ်နီးပါး ပစ်ခတ်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်း၊ ကျောင်းကုန်းနဲ့ ရေဖြူကန်ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၈၊ ၁၉ ရက် နှစ်ရက်အတွင်း စစ်တပ်က ပါရာမော်တာနဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်တာတွေပါ လုပ်ဆောင်ခဲ့တာပါ။

“ရေတွင်းကုန်း၊ကျောင်းကုန်းမှာတော့ နေအိမ်နဲ့ တံတားတစ်ခုပျက်စီးတယ် လူအထိတော့မရှိဘူး။ ရေဖြူကန်ဘက်တော့ မသိရသေးဘူး”လို့ ညောင်လေးပင်ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း ကျောက်ကြီးမြို့နယ်အတွင်းကို ပိန်းဇလုတ်မြို့အခြေစိုက် ခမရ-၂၆၄ တပ်ရင်းမှ ဒရုန်းအပြင် ၈၁ မမ လက်နက်ကြီး ၁လုံး နဲ့ ရေတွင်းကုန်းကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စောရောင်ရွက်ရဲ့ နေအိမ်နဲ့ ဂိုဒေါင်(၁)လုံး ထိမှန်ပျက်စီးခဲ့ရပြီး စောဆိဖိုးရဲ့ နေအိမ်နဲ့ ဆိုင်ကယ် (၁) စီး ထိမှန်ပျက်စီးခဲ့ပြီး စောဇင်ယော်ရဲ့ နေအိမ် (၁) လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUက ဖေဖော်ဝါရီ ၁၈ ရက်မှာထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်မှာလည်း ခမရ-၃၀၇ နဲ့ ခမရ-၄၃၉ ပူးပေါင်းတပ်ရင်းက မုန်းမြို့နယ် ကင်မွန်းခြုံကျေးရွာအတွင်းကို လက်နက်ကြီး အလုံး (၂၀) ခန့် ပစ်ခတ်ခဲ့ရာ ကင်းမွန်ခြုံရွာသား ဦးဝင်းနိုင် အသက်(၅၈)နှစ် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁၂ ရက်မှာ ဂျိုင်ရိုကော်ပတာ(Gyrocopter) နဲ့ ရွှေကျင်မြို့နယ် ပျဉ်ရင်ကျေးရွာအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့် ပျဉ်ရင်ကျေးရွာက နေအိမ် ၂ လုံး၊ စာသင်ကျောင်းထိမှန်ပျက်စီးခဲ့ပြီး နွား ၁ ကောင်၊ မြင်း ၁ ကောင်သေဆုံးခဲ့ကာ နွား ၄ ကောင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၉ ရက်မှာလည်း စစ်တပ်က စက်တပ်လေထီး (ပါရာမော်တာ)နဲ့ ရွှေကျင်မြို့နယ် ဝိုင်ကျွန်းကျေးရွာ အတွင်းကို လာရောက်ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးထိမှန် ပျက်စီးခဲ့ရပါတယ်။
လေကြောင်းအပါအဝင် ပိန်းဇလုတ်မြို့အခြေစိုက် ခမရ ၂၆၄ တပ်ရင်းနဲ့ ပဲနွယ်ကုန်းမြို့ ၊ ရွှေဝါကျေးရွာအခြေစိုက် ခမရ – ၃၀၇ တပ်ရင်းက တပ်ဖွဲ့တွေဟာ KNU တပ်မဟာ ၃ နယ်မြေထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ နေ့စဥ်နီးပါးပစ်ခတ်နေတာလည်း ဖြစ်ပါတယ်။
“ပါရာမော်တာနဲ့ လာကြဲတာတို့ လက်နက်ကြီးနဲ့ ထုတာတို့က နေ့စဥ်နီးပါး တောက်လျှောက်ရှိတယ်။ ပြောမယ်ဆိုရင် အဲ့နေရာတွေက မြို့နဲ့ကပ်တဲ့နေရာတွေပေါ့ ။ တိုက်ပွဲဖြစ်ဖြစ် မဖြစ်ဖြစ်အကြောင်းမရှိလည်း ဒီတိုင်းပစ်နေတာ”လို့ ရွှေကျင်ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်မှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်း စတဲ့ မြို့နယ်သုံးခု ပါဝင်ပါတယ်။
စစ်တပ်က ညောင်လေးပင်ခရိုင်အတွင်း နေထိုင်တဲ့ အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတာကြောင့် ပြည်သူလူထုဟာ ထိတ်လန့် ကြောက်ရွံ့စွာနဲ့ နေထိုင်နေကြရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


















































