–အသတ်ခံရသူများတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးပါဝင်
မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ကျေးရွားရှိ ပြည်သူငါးဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း YDF(ထီးလင်း)က ယနေ့ (ဒီဇင်ဘာ၁၆)အတည်ပြုထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၃ ရက်က စမိတ်ကျေးရွာသို့ စစ်ကောင်စီတပ်အင်အား ၃၀ခန့်ဖြင့်ရောက်ရှိလာပြီး ဒေသခံပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်မှ ပြည်သူငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် စမိတ်ရွာသားများက YDF(ထီးလင်း)ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

Public Service Announcement
ထို့ကြောင့် YDF(ထီးလင်း)က စုံစမ်းရှာဖွေခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာ ၁၅)တွင် ထီးလင်းမြို့နယ် တော့မရွာလမ်းခွဲ အာရှပတ်လမ်း မိုင်တိုင် ၇၄/၆ နှင့် ၇၅/၇ ကြား တောတွင်းတစ်နေရာ၌ ရက်စက်စွာအသတ်ခံထားရသည့် ပြည်သူငါးဦးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ပို၍စိတ်မကောင်းဖြစ်ရသည်မှာ အဆိုပါပြည်သူ ၅ ဦးအနက် အမျိုးသမီးတစ်ဦးမှာ ၅ လကိုယ်ဝန်ဆောင်ဖြစ်နေပါသည်”ဟု YDF(ထီးလင်း)က ဆိုသည်။
စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူ ငါးဦး ၏ရုပ်အလောင်းများကို YDF(ထီးလင်း)မှ ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လူသားမဆန်သည့်လုပ်ရပ်၊ လူသားချင်းစာနာထောက်ထားမှု ကင်းသည့်လုပ်ရပ်အား YDF (ထီးလင်း) မှ အပြင်းအထန် ပြစ်တင်ရှုံ့ချကြောင်း ထုတ်ပြန်ထား သည်။


















































