ပိုလန်နိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ လောက် ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို အမေရိကန်က ရုတ်တရက် ပယ်ဖျက်လိုက်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ အားလုံးအတွက် အံ့ဩစရာ ဖြစ်ခဲ့သလို အမေရိကန် လွှတ်တော် အမတ်တွေကပါ သမ္မတ ဒေါ်နယ်လ်ထရမ့် လုပ်ဆောင်နေတဲ့ ဥရောပရောက် အမေရိကန် တပ်ဖွဲ့ဝင်အင်အား လျှော့ချရေး အစီအမံတွေအပေါ် မေးခွန်းထုတ် ဝေဖန်လာကြပါတယ်။ မူလက အမေရိကန်ဟာ ပြည်တွင်းမှာ အခြေစိုက်ထားတဲ့ တပ်အင်အား ၄၀၀၀ လောက်ကို ပိုလန်ဆီ ပို့ဆောင်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ကြည်းတပ်ရဲ့ ယာယီ စစ်ဦးစီး အရာရှိ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ လာနိဗ်က ပိုလန်မှာ ထားရှိမယ့် အမေရိကန် တပ်ဖွဲ့ဝင်တွေကို ပင်တဂွန် စစ်ဌာနချုပ်က ပို့လွှတ်တော်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူဟာ အောက်လွှတ်တော်ရဲ့ လက်နက်ကိုင် တပ်ဖွဲ့များ ကော်မတီဆီ စုံစမ်းမေးမြန်းမှု အစီအစဉ် တစ်ခုမှာ အဲဒီကိစ္စကို ထုတ်ဖော် ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး လာနိဗ်က များများစားစား ရှင်းပြသွားတာမျိုး မရှိဘဲ စစ်ရေး ဖြန့်ကျက်မှုဆိုင်ရာ ရွေးချယ်မှုတွေအရ အဓိပ္ပါယ် အရှိဆုံး ဆုံးဖြတ်ချက် တစ်ခုလို့ပဲ ပြောကြားသွားပါတယ်။

Public Service Announcement
ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ ဂျိုးကော့တ်နေးကတော့ ဥရောပအပေါ် ထရမ့်ဆက်ဆံနေပုံနဲ့ ပတ်သက်လို့ အဆိုးဆုံး သတင်းစကား တစ်ခုပဲလို့ လာနိဗ်ကို ပြောကြားခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် ပါတီဝင် မိုက်ခ်ရောဂျာစ်နဲ့ ဒီမိုကရက် ပါတီရဲ့ အဒမ် စမစ်သ်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး အသီးသီး ဝေဖန်ခဲ့ကြပါတယ်။ အစိုးရဟာ ဒီလို ကိစ္စမျိုးကို ဆုံးဖြတ်ဖို့ဆိုရင် လွှတ်တော်ဆီ တင်ပြဖို့ လိုပေမယ့် ကြိုတင် အသိပေးတာ၊ အကြံယူတာတွေ ဘာမှ မရှိခဲ့ဘူးလို့ သူတို့က ဆိုပါတယ်။
ရောဂျာစ်က ပင်တဂွန်ဟာ ဥရောပမှာ ဖြန့်ကျက်ထားဖို့ အနိမ့်ဆုံး လိုအပ်တဲ့ အမေရိကန် တပ်အင်အားထက် လျှော့ချသွားမယ်ဆိုရင် ထိခိုက်နာကျင်မှုတွေ ကြုံလာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။
အီရန်စစ်ပွဲမှာ ဥရောပ နိုင်ငံတွေက ထိထိရောက်ရောက် ဝင်ကူညီပေးဖို့ ငြင်းဆိုခဲ့တဲ့အပေါ် ထရမ့်က အစာမကျေ ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပတ်လောက်တုန်းက ပင်တဂွန်ဟာ NATO မဟာမိတ် အဖွဲ့ဝင် ဂျာမနီနိုင်ငံမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်အင်အားထဲက ၅၀၀၀ လောက်ကို ထုတ်နုတ် ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် အမတ်တစ်ဦးဖြစ်တဲ့ ဒွန်ဘေကွန်က သူဟာ ပိုလန်မှာ အမေရိကန်တပ်တွေ မဖြန့်ကျက်တော့ဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပိုလန်မှာရှိတဲ့ အရာရှိတွေနဲ့ ဆက်သွယ် စကားပြောဖြစ်ခဲ့ကြောင်း၊ သူတို့တွေလည်း မျက်စိလည်နေကြကြောင်း၊ ဒီလို လုပ်ရပ်မျိုးဟာ အမေရိကန်အတွက် အရှက်ရစရာ ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသွားပါတယ်။
ထရမ့်က ဥရောပ မဟာမိတ် နိုင်ငံတွေ အနေနဲ့ ကိုယ့်လုံခြုံရေးအတွက် ကိုယ်တိုင် တာဝန်ပိုယူဖို့ တောင်းဆိုထားပြီး ဥရောပမှာ ဖြန့်ကျက်ထားတဲ့ အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ ဥရောပရောက် တပ်တွေကို ဘယ်လိုဘယ်ပုံ လျှော့ချဖို့ ရည်ရွယ်ထားသလဲဆိုတဲ့ အသေးစိတ် အခင်းအကျင်းတွေကိုတော့ မထုတ်ပြန်ရသေးပါဘူး။
ကိုးကား: Reuters


















































