Connect with us

Hi, what are you looking for?

သတင်း

NUG ကာကွယ်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့က စစ်ရေးခေါင်းဆောင် ၁၀ဦးပါကော်မတီရဲ့ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်မယ်

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

(ဖက်ဒရယ်ဦးဆောင်ကောင်စီအဖွဲ့ဝင် တော်လှန် ရေးအဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင် တွေ ။ ဓါတ်ပုံ-အမှတ်(၁)စစ် ဒေသ ၊KNU ၊ CNF ၊KNPP ၊CNF)

“သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။အဲဒီအဖွဲ့က၇ဦးရှိတယ်။အဲဒီ ၇ ဦးက တိုက်ရိုက်ကိုင်တွယ်သွားမယ်”

— ဆလိုင်းထက်နီ

မေ ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

SCEFကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ့ CNF တို့နဲ့ ကနဦး စုဖွဲ့ထားရာ အဲဒီထဲက CRPHမှ အပ ကျန် အဖွဲ့ ၅ခုက စစ်ရေးခေါင်းဆောင်တွေ က စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ကော်မတီ ဖွဲ့စည်းထားတာ လို့ ဆိုပါတယ်။

“CNFရယ် KIOရယ် ပြီးတော့ KNPPရယ် KNU ရယ်နဲ့ ပြီးတော့ NUGက ကာကွယ်ရေးဘက်က အဲဒီလို ၅ဖွဲ့ ။အဖွဲ့အစည်းတခုစီက စစ်ရေးထိပ်ပိုင်းခေါင်းဆောင်တွေ ၂ဦးစီကို ပါဝင်တာ အားလုံးက ၁၀ယောက်ဖြစ်သွားတာပေါ့။ CRPHကတော့ သူက တပ်မရှိတော့ အဲဒီမှာ မပါဘူးပေါ့။ အဲဒီ ၁၀ဦးက သူတို့အထက်မှာ SCEF ရဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က ၇ဦးရှိတယ်။ အဲဒီ ၇ဦးက တိုက်ရိုက် ကိုင်တွယ်သွားမယ်” လို့ SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင်လည်းဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိပ်ပိုင်းခေါင်းဆောင်တွေက တိုက်ရိုက်ချိတ်ဆက်ပြီးတော့ စစ်ရေးအစီအမံကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း ပြောပြပါတယ်။

SCEF မူဝါဒရေးရာ ဦးဆောင်အဖွဲ့ကို NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၊ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ KNPP ဥက္ကဋ္ဌ ခူဦးရယ်၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး စုစုပေါင်း ၇ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

“အခုကတော့ စစ်ရေးမှာ တကယ့်အဆုံးအဖြတ်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ကျစ်ကျစ်လစ်လစ်နဲ့ ပိုပြီးတော့ လုပ်သွားတဲ့ဟာဖြစ်တာပေါ့နော်။ အရင်ကတော့ K3C တို့ C3C တို့ လုပ်နေပေမယ့် လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ သူ့ဟာသူလုပ်ငန်းအလိုက်ဆောင်ရွက်သွားတာမျိုးရှိတယ်။ အခုက အဲဒီလို မဟုတ်ဘဲနဲ့ အဲဒီ ၁၀ဦးကော်မတီကနေ တခုတည်းသောဆုံးဖြတ်ချက် အဲဒီလို ပုံစံနဲ့ ကျနော်တို့ ဘယ်လိုဆက်သွားမယ်ဆိုတဲ့ဟာ ပိုပြီးတော့ ကျစ်လစ်သွားတယ်လို့ ပြောလို့ရတယ်” လို့ ဆလိုင်းထက်နီက SCEF ရဲ့ စစ်ရေးဆိုင်ရာ ကော်မတီ ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်ရေးဖော်ဆောင်သွားမယ့် အခြေအနေကို ပြောပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကလည်း ပြည်သူ မှ ပြည်သူသို့ အစီအစဉ်မှာ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင် တွေ ကိုယ်တိုင်ပါတဲ့ စုဖွဲ့မှုတွေအကြောင်း ပြောပြထားပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ နိုင်ငံရေး၊ စစ်ရေး စုဖွဲ့မှုတွေ ခိုင်မာလာကြောင်း ဝန်ကြီးက ပြောပြပြီး စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဆိုတာ ဖွဲ့ ထားတယ်လို့ ပြောပါတယ်။

“ဗိုလ်ချုပ်တွေ၊ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ စစ်ရေးဦးဆောင်တဲ့သူ ၁၀ဦးနဲ့ ဒီဟာ ဖွဲ့ထားတဲ့ ကော်မတီနဲ့ အခုဆိုတာ သွားနေတာဖြစ်တယ်။ ဒါကြောင့် ဒီလို စုဖွဲ့မှု ခိုင်မာလာတာဟာ မဟာမိတ်တွေရဲ့ စုဖွဲ့မှု ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာတာနဲ့ မြေပြင်တော်လှန်ရေးတပ်တွေရဲ့ စစ်ရေး အတွေ့အကြုံ တိုက်ရည်ခိုက်ရည် ပိုမိုမြင့်မားလာတာကို ပေါင်းစပ်ပြီးတော့ ပြည်သူတွေ အားပေးထောက်ခံမှုနဲ့အတူ တော်လှန်ရေးက ရှေ့ကို ဆက်ပြီးချီတက်နေတယ်။ အောင်ပွဲတွေကို ရရှိလိမ့်မယ်လို့ ကျနော်တော့ယုံကြည်ပါတယ်”လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။

SCEFဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်ကို ဖယ်ရှားမယ့်အပြင် အနာဂတ်ဖက်ဒရယ်နိုင်ငံ အတွက် အခြေခံ အုတ်မြစ်များ တည်ဆောက်ဖို့ ဖွဲ့စည်းမှု ဖြစ်လို့ အရေးကြီးကြောင်း ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရှင်းပြပါတယ်။ စုဖွဲ့မှုဟာ အဖွဲ့ ၆ဖွဲ့နဲ့တင်ဖွဲ့စည်းတင်မဟုတ်ဘဲ တော်လှန်ရေးနဲ့အတူ ရှိနေတဲ့ အင်အားစုများ ထပ်မံ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း အသိပေးပါတယ်။ အဲဒီလို ဆွေးနွေးရာမှာ တချို့ အဖွဲ့တွေ ပါဝင်ဖို့ အခက်အခဲ ရှိနေပေမယ့် အတူတကွ တိုက်ပွဲဝင်ဖို့ လုပ်ဆောင်နေတာ ရှိတယ်လို့ ပြောပါတယ်။

စစ်အုပ်စုဟာ တော်လှန်ရေးအင်အားစုတွေကို အကွဲကွဲအပြားပြား ဖြစ်စေချင်ကြောင်း၊ ဒါပေမဲ့ ဦးဆောင်ကောင်စီ ပေါ်လာတာဟာ တော်လှန်ရေးအင်အားစုတွေ ပိုမို စုစည်းကျစ်လစ်လာတာကို ဖော်ပြခြင်းဖြစ်သလို တော်လှန်ရေးအင်အားစုတွေ ပိုအားကောင်းလာတာ ပြသတာဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။ဒီလိုစုစည်းဦး​ဆောင်မှုမျိုးဘယ်တုန်းကမှ မရှိခဲ့ဘူးလို့လည်းသူကဆိုပါတယ်။

ဦးဆောင်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေကြား စုစည်းမှုကို အခြေခံပြီး တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်နဲ့ ပိုခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြောပါတယ်။

တော်လှန်ရေးကာလမှာ စစ်ရေးက အဆုတ်အတက် ရှိတယ်လို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ စစ်အုပ်စုဟာ မပြိုလဲစေရေး နည်းမျိုးစုံ ကြားကန်ပြီး တော်လှန်ရေးအင်အားစုတွေကို ထိုးစစ်လုပ်နေကြောင်း၊ စစ်အုပ်စုဟာ မြို့တွေ ပြန်သိမ်းနိုင်တယ်ဆိုတာ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ဝါဒဖြန့်ချီရေး အကြီးအကျယ် လုပ်နေကြောင်းဝန်ကြီးက ပြောပါတယ်။ မဟာဗျူဟာအရ အဆုတ်အတက် ရှိပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ စစ်တပ်ရဲ့ ထိုးစစ်တွေကို ခိုင်ခိုင်မာမာ ခုခံနေကြောင်း ဝန်ကြီးက ပြောပါတယ်။

ပြည်သူကို အထိအခိုက်မဖြစ်စေဖို့ မဟာဗျူဟာ ကျကျ မြို့တွေက ဆုတ်ပေးပြီး ဗျူဟာ ကျကျ ပြန်လည်ခုခံတိုက်ခိုက်နေတာ တွေ့ရပြီး ဒါဟာ ပြည်သူနဲ့ရဲဘော်တွေအထိအခိုက်အနည်းဆုံး ဗျူဟာ သုံးတိုက်ခိုက်နေတာဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။ အခုလို တိုက်ပွဲဝင်နေတဲ့ ဗိုလ်ချုပ်တွေ၊ ရဲဘော်တွေ၊ NUG ကာကွယ်ရေးဝန်ကြီးဌာန တို့ကို ဂုဏ်ယူချီးကျူးကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။