ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ (၁)နယ်မြေ သထုံခရိုင်ဘီးလင်းမြို့နယ် ကြသောင်းဆိပ် ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNUက ယနေ့ သတင်းထုတ်ပြန် သည်။
ကြသောင်းဆိပ်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF-၁၀၁၃ တပ်စခန်းအား ဒီဇင်ဘာလ ၁၇ ရက် နံနက် ၆နာရီတွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ည၉နာရီခွဲတွင် တပ်စခန်းကို သိမ်းယူနိုင်ခဲ့သည်ဟု ဆိုသည်။
“သိမ်းနိုင်တာကို အတည်ပြုလို့ရပေမယ့် အသေးစိတ် အခြေအနေနဲ့ နှစ်ဖက်ရဲ့ ထိခိုက်ကျဆုံးမှုကတော့ မသိရသေးဘူး”ဟု တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။
KNUဗဟို၏ ထုတ်ပြန်ချက်တွင် ယခုစခန်းသိမ်းတိုက်ပွဲတွင် BGFဖက်မှ စခန်းမှူးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး KNLA ပူးပေါင်းတပ်ဖွဲ့မှ တစ်ဦးကျဆုံး သုံးဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement
ကြသောင်းဆိပ်-BGFစခန်းကို ကူပစ်ပေးသည့်အနေဖြင့် ကတိုင်ဒိ BGFစခန်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ကျေးရွာအတွင်းရှိ လူနေအိမ်များ ပျက်စီးခဲ့ကြောင်း၊
BGF စခန်းအားသိမ်းယူပြီးသည်နှင့် တစ်ပြိုင်နက် စခန်းအတွင်းရှိ ကျန်ရှိနေသေးသော ပစ္စည်းများ၊ တဲအိမ်များကို မီးရှို့ရှင်းလင်းခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
ကြသောင်းဆိပ် BGFတပ်ဖွဲ့များသည် စိတ်ကြွရူးသွပ်ဆေးပြား(wy)များကို တပ်ချိန်းသည့်အချိန်တွင် ယူဆောင်လာကြပြီး ကိုယ်တိုင်လည်း သုံးစွဲကာ ဒေသခံလူငယ်များကိုလည်း ရောင်းချခြင်းများ ပြုလုပ်လျှက်ရှိကြောင်း KNUက ဆိုသည်။ ထို့အပြင် BGFစခန်းသည် ကျေးရွာ ဘုန်းတော်ကြီးကျောင်းနံဘေးတွင် တပ်စွဲထားပြီး တပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း ဝင်ရောက်ကာ အရက်သေစာသောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်းများလည်းရှိသည်ဟု ထုတ်ပြန်သည်။
၁၉၉၃ ခုနှစ်ခန့်က စစ်ကောင်စီတပ်များ လာရောက်တပ်စွဲထားခဲ့ပြီး နောက်ပိုင်းတွင်မှ BGFတပ်ဖွဲ့များကိုသာ စေလွှတ်၍ စခန်းချစေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။ ယခု စခန်းသိမ်းတိုက်ခိုက်မှုသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၁)နယ်မြေတွင် ပထမဆုံး စခန်းသိမ်း တိုက်ပွဲဆင်နွှဲခြင်းဖြစ်ပြီး PDFနှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။


















































