ကမ္ဘာ့ဖလား အုပ်စုအဖွင့် ပွဲစဉ်မှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လူစားမလဲခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပေါ်တူဂီအသင်း မန်နေဂျာက ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။
ကွန်ဂိုနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပေါ်တူဂီဟာ ကွင်းလယ်လူ ယာအို နီဗက်စ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ပြိုင်ဘက်အသင်းအတွက် ယိုယန် ဝစ်ဆာရဲ့ ချေပဂိုး သွင်းယူမှုကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ပေါ်တူဂီဟာ အနိုင်ဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် ဂိုးပေါက် ပျောက်ခဲ့သလို အသက် ၄၁ နှစ်အရွယ် ရော်နယ်လ်ဒိုလည်း ခြေစွမ်း သိပ်မပြနိုင်ခဲ့ပါဘူး။ ပြီးတော့ ဒုတိယပိုင်းမှာ အခွင့်အရေး နှစ်ကြိမ်လောက်ကို လက်လွှတ်ခဲ့ရပါတယ်။
တစ်ချိန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘောလုံးကြယ်ပွင့်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပေမယ့် အသက်အရွယ်ကြောင့် အကျပိုင်း ရောက်လာနေတဲ့ ရော်နယ်လ်ဒိုကို မန်နေဂျာ ရောဘတ်တို မာတီနက်ဇ်က ဘာကြောင့် လူစားမလဲခဲ့သလဲလို့ ဘောလုံး ကျွမ်းကျင်သူနဲ့ ပရိသတ်တချို့က မေးခွန်းထုတ်ခဲ့ကြပါတယ်။







ဒါပေမဲ့ မာတီနက်ဇ်ကတော့ အသင်းအတွက် အနိုင်ဂိုး လိုအပ်နေတဲ့ အချိန်မျိုးမှာ ရော်နယ်လ်ဒိုရဲ့ အတွေ့အကြုံ၊ ဂိုးဧရိယာထဲက ပါးနပ်တဲ့ လှုပ်ရှားပုံတွေက အထူးလိုအပ်နေဆဲလို့ ဖြေရှင်းခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာထဲ ပေါ်တူဂီ တိုက်စစ်သမားတွေ ဝင်ရောက်ဖို့ လိုအပ်နေတဲ့ အချိန်မျိုးမှာ ရော်နယ်လ်ဒိုရဲ့ အရည်အသွေးတွေက သိပ်ကို အရေးပါလာတယ်လို့ သူက ဆိုပါတယ်။

Public Service Announcement
အနိုင်ဂိုးကို ရှာဖွေနေတဲ့ အချိန်မျိုးမှာ နိုင်ငံ လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး စံချိန်တင် သွင်းယူထားတဲ့ ကစားသမားကို ကွင်းထဲကနေ ထုတ်လိုက်ခြင်းဟာ အသင်းအတွက် အထောက်အကူ ဖြစ်စေနိုင်မယ်ဆိုတဲ့ အကြောင်းရင်းမျိုးလည်း သူမမြင်မိကြောင်း မာတီနက်ဇ်က ဝေဖန်မှုတွေကို တုံ့ပြန်သွားပါတယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီအတွက် ၂၂၉ ပွဲကစားပြီး ၁၄၃ ဂိုး သွင်းယူပေးထားပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာပေါ်မှာ အမျိုးသား လက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံး သွင်းယူတဲ့ ဘောလုံးသမားဆိုတဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။
ဂိုးလိုအပ်နေတဲ့ အချိန်မှာ ကမ္ဘာ့သမိုင်းရဲ့ အကောင်းဆုံး ဂိုးသွင်းသူကို ကွင်းထဲကနေ ထုတ်ပစ်ရမယ်ဆိုတာ ဘယ်လိုမှ အဓိပ္ပါယ် မရှိဘူးလို့ မာတီနက်ဇ်က ပြောပါတယ်။ နောက်ပြီး ကွင်းထဲမှာ ရော်နယ်လ်ဒို ရှိနေခြင်းဟာ သူကိုယ်တိုင် ဂိုးသွင်းနိုင်ဖို့ ဆိုတာထက်ပိုတဲ့ လွှမ်းမိုးမှုတွေ သက်ရောက်စေတယ်လို့လည်း မာတီနက်ဇ်က ရှင်းပြခဲ့ပါတယ်။
ကွန်ဂိုနဲ့ပွဲမှာတော့ ရော်နယ်လ်ဒိုဟာ အထူးအာရုံစိုက် လူကပ်ကစားတာ ခံခဲ့ရပြီး ပြိုင်ဘက်ဂိုးပေါက်ကို တည့်မတ်အောင် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူဟာ စုစုပေါင်း ၂၅ ကြိမ်သာ ဘောလုံးထိခဲ့ရပြီး လူစားဝင် မဟုတ်တဲ့ ပေါ်တူဂီ ကစားသမား အားလုံးထဲမှာ အနည်းဆုံးပါပဲ။
ပေါ်တူဂီဟာ အုပ်စုလက်ကျန် ပွဲစဉ်တွေအဖြစ် ဥဇဘက်ကစ္စတန်၊ ကိုလံဘီယာတို့နဲ့ ရင်ဆိုင်ကစားသွားရမှာပါ။ လာမယ့် ပွဲစဉ်တွေမှာ နိုင်ပွဲ ရှာဖွေဖို့အတွက် ရော်နယ်လ်ဒိုကို ဆက်ပြီး ပွဲထုတ် အသုံးပြုသင့် မပြုသင့် ဆိုတာကိုတော့ မာတီနက်ဇ် အနေနဲ့ အရေးတကြီး ဆုံးဖြတ်ဖို့ လိုအပ်လာနေပြီ ဖြစ်ပါတယ်။
ကိုးကား: New York Post


















































