ဇွန်-၂၇၊၂၀၂၆။ဆဏ်း/People’s Spring
ဩစတေးလျနိုင်ငံ ဆစ်ဒနီမှာ ပွဲဦးထွက်ပြသခဲ့တဲ့ တော်လှန်ရုပ်ရှင် RAY ဇာတ်ကားကို ပရိသတ်အားပေးမှု များပြားခဲ့တယ်လို့ သွားရောက်ကြည့်ရှူသူတွေကပြောပါတယ်။
RAY ရုပ်ရှင်ကို တော်လှန်ဒါရိုက်တာ သည်ခေတ်နေက ရိုက်ကူးထားတာဖြစ်ပြီး တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ မင်းမော်ကွန်း ၊ ဒေါင်း နဲ့ ထားထက်ထက်တို့ အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီနေ့ပွဲစဉ်တွေကို ပါဝင်သရုပ်ဆောင်တဲ့ အနုပညာရှင်တွေ တတ်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီရုပ်ရှင်ကို ဒီနေ့ (ဇွန် ၂၇) ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးအကြိမ်ပြသတာဖြစ်ပြီး ဒီနေ့ပြသတဲ့ပွဲစဉ်သုံးခုစလုံးကို ပရိသတ်အားပေးမှုများပြားခဲ့တယ် သိရပါတယ်။

Public Service Announcement















“တော်လှန်ရေးကာလမှာ အခုလိုအဆင့်မြင့်တဲ့ ရုပ်ရှင်ကားကြီး တစ်ခု ကိုအားလုံးဝိုင်းဝန်းပံ့ ပိုးမှုနဲ့ ထုတ်လုပ်နိုင်လို့ အလွန်ဘဲ ဂုဏ်ယူဝမ်းသာမိတာ အမှန်ပါဘဲ။ Technical ပြောင်မြောက်မှုကိုတော့ အထူးချီးမွမ်းစရာ မလိုအောင် အရမ်းကိုကောင်းနေကြောင်းဖော်ပြလိုပါတယ်။” ပရိသတ်တစ်ဦးက မှတ်ချက်ပေးထားပါတယ်။
ဒီဇာတ်ကားက ထားထက်ထက်ရဲ့ ဘဝအကြောင်းကို အင်တာဗျူးပြီး ရေးသားထားတာလို့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းပိုင်ရှင် စာရေးဆရာခက်ဇော်ကပြောထားပါတယ်။
ဒီရုပ်ရှင်က တော်လှန်ရေးမှာပါဝင်သူတွေရဲ့ ခက်ခဲတဲ့ဘဝဖြတ်သန်းမှုတွေကို မြင်အောင်ပြသပေးနိုင်တယ်လို့ ရုပ်ရှင်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးထားပါတယ်။
ထားထက်ထက် လွတ်မြောက်နယ်မြေ ရောက်ရှိနေချိန် ဖခင်ကွယ်လွန်ခဲ့တာဖြစ်ပြီး အဲဒီ့ဇာတ်ဝင်ခန်းကိုလည်း ဇာတ်ကားထဲမှာ ထည့်ရိုက်ထားတယ်လို့ ဆိုပါတယ်။
ဒီဇာတ်ကားက ရုပ်ရှင်တစ်ကားထက်ပိုပြီးရှေ့ဆက်ရမယ့် တော်လှန်ရေးခရီးအတွက် အားအင်ဖြစ်စေတယ်လို့ ကြည့်ရှူသူတစ်ဦးကလည်း မှတ်ချက်ရေးသားထားပါတယ်။
RAY ရုပ်ရှင်ကို ဇွန်၂၈ မှာ မဲဘုန်းလ် မြို့မှာ ပြုလုပ်မှာဖြစ်ပြီး ပါဝင်တဲ့ အနုပညာရှင်တွေလည်း တတ်ရောက်မယ်လို့ သိရပါတယ်။


















































