ဇူလိုင်-၅၊၂၀၂၆။တေဇ/People’s Spring
ရန်ကုန်မြို့ တွံတေးမြို့နယ်က တွံတေးတူးမြောင်းအတွင်းဖြစ်ခဲ့တဲ့ သင်္ဘော ၂စီး တိုက်မှုမှာ ရေယာဉ်လုပ်သားတစ်ဦး ပျောက်ဆုံးနေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၄ရက် ည ၉နာရီခွဲကျော်က တွံတေးတူးမြောင်း ရေမိုင် (၂၀)မှာ သင်္ဘော ၂စီး တိုက်ခဲ့တာဖြစ်ပြီး “ဇော်မြင့်မြတ်(၁)” ရေယာဉ်တိမ်းမှောက်ခဲ့ကာ ရေယာဉ်လုပ်သား ၁ဦး ပျောက်ဆုံးနေတာလို့ မီးသတ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိမ်းမှောက်ခဲ့တဲ့ သင်္ဘောပေါ်မှာ ရေယာဉ်လုပ်သား ၉ဦး ၊ ခရီးသည် ၂၃ ဦး စုစုပေါင်း ၃၂ ဦးလိုက်ပါလာတာဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အမျိုးသားကိုတော့ ဇူလိုင် ၄ရက် ည ၁၁ နာရီအထိ ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။

Public Service Announcement
ဖြစ်စဉ်နေရာကို တွံတေးမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၁စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေးသွားရောက်ခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ဇူလိုင် ၄ ရက်ကစပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ကာမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်ပြီး မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာလည်း အခုရက်ပိုင်းမှာ လေပြင်းတိုက်ခတ်မှုတွေရှိပြီး ဒီနေ့တစ်ရက်တည်းမှာ ကမာရွတ် ၊ ဒဂုံ ၊ ကြည့်မြင်တ်ိုင် ၊မရမ်းကုန်း ၊ ဥက္ကံ နဲ့ ကော့မှုး မြို့နယ် တွေမှာ လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်တွေလဲတဲ့အကြောင်း မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

















































