ဇူလိုင်-၅၊၂၀၂၆။စိုင်းနောင်/People’s Spring
ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာ ဒီနေ့ည ၇နာရီဝန်းကျင်မှာ လေဆင်နှာမောင်းတိုက်ခတ်လို့ လူနေအိမ်တွေ ပျက်စီးမှုရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
ဥက္ကံမြို့၊ဝက်ကုန်းကျေးရွာမှာဇူလိုင်လ၅ရက်ညဦးပိုင်းမှာလေဆင်နှာမောင်းတိုက်ခတ်တာဖြစ်ပြီး လူနေအိမ် ၃၀ခန့်ပြိုကျပျက်စီးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“အိမ်တွေ တော်တော်ပျက်စီးတာပါ။ လူထိခိုက်မှုရှိ၊မရှိတော့မသိရသေးဘူး။ မိုးရော လေရော ချတာ။ ဝက်ကုန်းကျေးရွာကတော့ လေဆင်နှာမောင်းဝင်တာ”လို့ ဥက္ကံမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ဝက်ကုန်းကျေးရွာကို လူမှုကူညီ ရေးအဖွဲ့တွေ ညတွင်းချင်းသွားရောက်နေကြတယ်လို့ သတင်းရရှိပါတယ်။ဇူလိုင်လ ၄ရက်နေ့ညနေကလည်း ဥက္ကံမြို့မှာ လေပြင်းတိုက်ခတ်လို့ လူနေ အိမ်၁၂လုံးပျက်စီးခဲ့ပါတယ်။
ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများအပြားမှာ ဇူလိုင်လဆန်းကတည်းက မိုးကြီးပြီး ဒေသအချို့မှာ လေပြင်းတိုက်ခတ်လို့ ထိခိုက်ပျက်စီးမှုတွေရှိနေပါတယ်။
ဇူလိုင် ၄ ရင်နေ့က မိုးသက်လေပြင်းကျရောက်နေစဉ်မှာ တွံတေးတူးမြောင်းအတွင်း စက်လှေနှစ်စီးတိုက်မိလို့ တစ်စီးနှစ်မြုပ်ပြီး လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းထဲကမြို့နယ်ချို့မှာလည်း လေပြင်းကြောင့်ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာဇူလိုင်လ၄ရက်နေ့ကစပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်လို့ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)ကသတိပေးထားပါတယ်။
မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင်လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြု နေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။

















































