ဇူလိုင်-၇၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက (၆၄)နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၇)မှာ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းက ကြားကာလပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းမှာ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ (၆၄)နှစ်ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။
ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ကို ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်ကြောင်း ၊ အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း နဲ့ ယင်းမာပင်မြို့နယ် NUG ကြားကာလ ပြည်သူ့အခြေပြု ကျောင်းတစ်ကျောင်းတို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြတာပါ။

Public Service Announcement
ခေတ်အဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြသော တော်လှန်ရေးရဲ့ တပ်ဦးမှာ ခွပ်ဒေါင်းအလံတော်ကို ကိုင်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ နောင်တော်ကျောင်းသားထုရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ရဲဝံ့ပြတ်သားမှုကို အတုယူကာ မတရားမှုမှန်သမျှကို သမိုင်းကပေးတဲ့ တာဝန်နဲ့ အသိတရားတို့ကို အခြေပြုဆက်လက်တိုက်ပွဲဝင်ပေးကြဖို့ လေးလေးနက်နက် တိုက်တွန်းခဲ့ပါတယ်။



ဆားလင်းကြီးမြို့နယ်မှာလည်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီ က ဒီနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက “၇.၇.၆၂မမေ့ကြနဲ့” စာသားတွေ ကိုင်ဆွဲပြီး စစ်အာဏာရှင် ကျရှုံးရေး ဟစ်ကြွးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ခေတ်အဆက်ဆက်မှ ကျောင်းသားလူငယ်တွေရဲ့ သတ္တိ ဇွဲ မတရားမှုကို ငုံ့မခံဘဲ တော်လှန်သောစိတ်ဓာတ်တွေကို စံနမူနာထားကာ ဆက်လက်တိုက်ပွဲ ဝင်ကြဖို့လိုအပ်တယ်လို့လည်း ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီ က တိုက်တွန်း ပြောကြားထားပါတယ်။
ယင်းမာပင်မြို့နယ် မြောက်ခြမ်းမှာလည်း ဒီနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြသပိတ် ကို နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း က ဦးဆောင်ပြီးတော့ ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန်ပြည်သူတွေက “နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်း” နဲ့ “၇.၇.၆၂မမေ့ကြနဲ့” စာသားတွေ ကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။
ဘုတလင်မြို့နယ် တနေရာမှာလည်း ဒီနေ့ကျရောက်တဲ့ (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် ဆန္ဒပြသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြသပိတ်ကို ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်း နဲ့ ဘုတလင်မြို့နယ် ကျောင်းသား သမဂ္ဂတို့ပူပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။
ဆန္ဒပြလှုပ်ရှားမှုအဖြစ်နဲ့ ၇.၇.၆၂မမေ့ကြနဲ့ ၊ လူထုအာဏာအသက်သွင်းကြ ၊ ကျောင်းသား ထုညီညွတ်ကြ ဆိုတဲ့ စာသားတွေ ကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ပါတယ်။
ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီ က ဒေသတွင်းကျောင်းသားပြည်သူတွေနဲ့အတူ ဒီနေ့ကျရောက်တဲ့ ဆဲဗင်းဇူလိုင် အထိမ်းအမှတ်နေ့မှာ လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ နဲ့ တော်လှန် ကျောင်းသားပြည်သူတွေ ပူးပေါင်းပြီး ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံ ဖြစ်စဉ်သမိုင်း လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြ ပါတယ်။
ဒါအပြင် ကျဆုံးကျောင်းသားအာဇာနည်တွေကို ဂုဏ်ပြုတာ နဲ့ လူထုသပိတ်တရား ဟောပြောတာ တွေကို လုပ်ဆောင်ခဲ့ကြပြီး “ဆဲဗင်းဇူလိုင်စိတ်ဓာတ်စွဲကိုင် ဆက်လက်တိုက်ပွဲဝင်ကြ” ဖို့အတွက် လည်း တိုက်တွန်းပြောကြားခဲ့ကြပါတယ်။
တန့်ဆည်မြို့နယ်မှာလည်း ကျောင်းသားလူငယ်တွေ စုပေါင်းပြီး (၆၄) နှစ်မြောက် ဆဲဗင်းဂျူလိုင်အရေးတော်ပုံအောက်မေ့ခြင်း အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို နယ်မြေအတွင်းက တာဝန်ရှိလူကြီးတွေ၊ သမဂ္ဂရဲဘော်ဟောင်းတွေ၊ ကဗျာဆရာတွေနဲ့ တန့်ဆည်နယ်အတွင်းရှိ ပြည်သူ့အခြေပြုကျောင်းတွေက ကျောင်းသား/သူ ဆရာ/မ တွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ဗကသများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီက ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ ဗကသများအဖွဲ့ချုပ်ဖြစ်ပေါ်လာပုံ၊ လှုပ်ရှားမှုသမိုင်းအကျဥ်း နဲ့ ဆဲဗင်းဂျူလိုင် သမိုင်းကြောင်းကို ရှင်းလင်းတင်ပြခြင်း ဖြတ်သန်းမှုသမိုင်းနဲ့ အောက်မေ့ဖွယ်အမှတ်တရစကားပြောကြားခြင်း၊ Pamphlet ဖြန့်ဝေခြင်း၊ ကဗျာရွတ်ဖတ်ခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။
ဓာတ်ပုံ – GSCB ၊ ဗကသများအဖွဲ့ချုပ် ၊ ရွာပေါင်းစုံသပိတ်


















































