ဇူလိုင်-၉၊၂၀၂၆။အိမ်သွင်/People’s Spring
စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဇူလိုင်၉ရက်၊ ညနေ ၄နာရီ၅၀မိနစ်ခန့်မှာ လားရှိုး မြို့ပေါ်ရပ်ကွက်(၆)နဲ့ ရပ်ကွက်(၁၀)ထဲကို ရှော့တိုက်ဒုန်း နှစ်လုံး ကျရောက်ပေါက်ကွဲပြီး စုစုပေါင်း ပေါက်ကွဲသံ သုံးချက်ကြားရတယ်လို့ မြို့ခံတွေကပြောပါတယ်။
” ပြင်းတယ်နော် အရမ်း။ ရပ်ကွက်(၁၀)ထဲကိုကျတာမှာ ရပ်ကွက်ထဲက အမျိုးသမီးတစ်ယောက်သေဆုံးတယ်။ရပ်ကွက်(၆)မှာကတော့ အိမ်ထိတယ်။လူဒဏ်ရာရတယ်။ အခုဘာတွေဆက်ဖြစ်မလဲမသိလို့ကြောက်နေကြတယ်”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

Public Service Announcement
သေဆုံးသူဟာ အသက် ၃၈နှစ်အရွယ်အမျိုးသမီးဖြစ်ပါတယ်။နေအိမ်ရဲ့အိပ်ခန်းထဲမှာရှိနေစဉ် ရှော့တိုက်ဒုန်းကျရောက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရပြီးသေဆုံးသွားတာလို့ဒေသခံတဦးကပြောပါတယ်။
တစ်လုံးကတော့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ထဲကို ကျရောက်ပေါက်ကွဲတယ်လို့ ဒေသခံတွေကပြောပြီး အသေးစိတ်အပြင်မပြုနိုင်သေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ PDF အပါအဝင် မဟာမိတ်တပ်တွေက လားရှိုးမြို့ကို သိမ်းယူခဲ့ပါတယ်။ဒါပေမယ့် တရုတ်အစိုးရအကူအညီနဲ့ စစ်တပ်က လားရှိုးမြို့ကို MNDAA ထံမှ၂၀၂၅ ဧပြီလမှာ ပြန်လည်တောင်းယူထားတာပါ။ဒါပေမယ့်မြို့ပေါ်ကိုသာထိန်းချုပ်ခွင့်ရထားပြီးဘေပတ်ဝန်းကျင်နေရာတွေကို MNDAAက ဆက်လက်ထိန်းချုပ်ထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နဲ့ ဖေဖော်ဝါရီလ ၁၁ရက်ကလည်း လားရှိုးမြို့ ရပ်ကွက်(၁၁)နယ်မြေ(၉)ထဲကိုရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့ဖူးပါတယ်။ ဧပြီလ ၂၃ရက်နေ့ကလည်း လားရှိုးမြို့အဝင်ခြေလျင်တပ်ရင်း ခလရ(၄၁)ထဲကို ရှော့တိုက်ဒုန်းကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဒီကနေ့ ညနေပိုင်းရှော့တိုက်ဒုန်း ကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်အခြေအနေကိုတော့မသိရှိရသေးပါဘူး။

















































