Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံဆွေးနွေး

တော်လှန်ရေးအင်အားစုတွေ တစုတစည်းတည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းက အားလုံးပါဝင်သော နိုင်ငံရေးဖြေရှင်းမှု အထောက်အကူဖြစ်စေမယ်လို့ NUG ပြော

ဇူလိုင် ၁၆၊၂၀၂၆။ ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုတို့ ဇူလိုင် ၁၃ရက်က တွေ့ဆုံဆွးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်ပါတယ်။

Video Conference ဖြင့် တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေးဖြေရှင်းမှုအထောက်အကူဖြစ်စေမယ့် အကြောင်းအရင်းကို ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

“မြန်မာ့ဒီမိုကရေစီအင်အားစုများ၏ စုပေါင်းခေါင်းဆောင်မှု ယန္တရားဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် မဟာမိတ်အင်အားစုများအား စုပေါင်း၍ တစုတစည်းတည်း တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် မြန်မာ့နိုင်ငံရေးအခြေအနေကို ပိုမိုတိကျစွာ နားလည်သဘောပေါက်နိုင်စေရန်နှင့် အားလုံးပါဝင်သော နိုင်ငံရေးဖြေရှင်းမှုကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုတွေဟာအရင်က မြန်မာ့အရေးနဲ့ သက်ဆိုင်သူများအား ကျယ်ကျယ်ပြန့်ပြန့် ပါဝင်စေခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုများရဲ့ အဆက်အစပ်နဲ့ ရရှိပြီးဖြစ်သော တိုးတက်မှုများအပေါ် အခြေခံကာ ဆက်လက်တည်ဆောက်သွားဖို့ အရေးကြီးကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင်နဲ့ အာဆီယံ အကြား သီးခြားတွေ့ဆုံပြီးဖြစ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ တူညီတဲ့ သဘောထားကို သိပြီးဖြစ်မယ်လို့ ယူဆကြောင်း ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားခဲ့တာကိုလည်း ထုတ်ပြန်ထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)စတဲ့ အဖွဲ့ ၆ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ SCEF အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်၊ ကချင်၊ ကရင်နီနဲ့ ချင်း တပ် တာဝန်ရှိသူတွေဟာ မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဖိတ်ကြားချက်အရ အာဆီယံနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံမှုမှာ အာဏာသိမ်းစစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ အတူတွေ့ဆုံတာ မဟုတ်ကြောင်း SCEFက ဇူလိုင် ၁၅ရက်မှာ ထုတ်ပြန်ခဲ့သလို ဒါဟာ စစ်အာဏာရှင်တွေအကြား တရားဝင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှု လုပ်ငန်းစဉ် စတင်တာ လို့ အဓိပ္ပါယ်မကောက်ယူသင့်ဟု အသိပေးထားပါတယ်။

အာဆီယံနဲ့ သီးသန့်သာ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံမှုတွေရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေ၊ ASEAN ဘုံသဘောတူညီချက် (၅) ချက် (Five-Point Consensus) အကောင်အထည် ဖော်ရေး ကြိုးပမ်းမှုတွေနဲ့ ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေး၊ နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်သော အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဖို့ ဖြစ်တယ်လို့ SCEFက ထုတ်ပြန်ပါတယ်။

မြန်မာ့နိုင်ငံရေးအရှိတရားဟာ အခြေခံကျကျပြောင်းလဲသွားပြီဖြစ်ပြီးယနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာ နေပြည်တော်မှာဘဲ သီးသန့် မရှိတော့လို့ SCEFက အသိပေးထားပါတယ်။

တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများနဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူများရဲ့ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေကြတာလို့ SCEFက ပြောပါတယ်။

ပကတိအရှိတရားတွေက တိုင်းပြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းကို အခြေခံအားဖြင့် ပြောင်းလဲသွားပြီလို့ အသိပေးပါတယ်။

“မည့်သည့် ယုံကြည်စိတ်ချရသော ငြိမ်းချမ်းရေးဖြစ်စဉ်မဆို အဆိုပါ တရားဝင်နိုင်ငံရေးအာဏာပိုင်များကို အသိအမှတ်ပြု ပြီး ထိတွေ့ဆက်ဆံမှုပြုရမည် ဖြစ်သည်။ ယခင်ယူဆချက်များကို အခြေခံ၍တည်ဆောက်သော နိုင်ငံရေးအစီအမံများသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မည် မဟုတ်ပါ။ အချိန်မတန်မီ နိုင်ငံရေးပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်မှုသည် လက်ရှိကွဲပြားနေသော နိုင်ငံရေးအခြေအနေများကို ပို၍ ဆိုးဝါးစေမည် ဖြစ်သည်။” လို့လည်း SCEFက သတိပေးပါတယ်။

SCEFဟာ နိုင်ငံရေးအဖြေရှာမှုကို စေ့စပ်ညှိနှိုင်းမှုနဲ့ ရရှိစေဖို့ ဆက်လက်ကတိကဝတ် ထားရှိတယ်လို့ အသိပေးထားပေမဲ့ ဆွေးနွေးညှိနှိုင်းမှုများဟာ ပန်းတိုင်မဟုတ်၊ SCEF ရဲ့ ရည်မှန်းချက်ဟာ နိုင်ငံရေး ပုံမှန် တည်ဆောက်ရေး မဟုတ်ဟု အသိပေးပါတယ်။

“မိမိတို့၏ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး၊ ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနှင့် အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မည့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်ပါသည်” လို့ SCEFက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို အတည်ပြု

သတင်း

အိမ်နီးချင်းတရုတ်နိုင်ငံသည် မြန်မာပြည်သူလူထုထက်မျက်နှာထက် နေပြည်တော်(စစ်ကောင်စီ)၏မျက်နှာကို ကြည့်သလို ဖြစ်နေကြောင်း အမျိုးသားညီညတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

Facebook