Connect with us

Hi, what are you looking for?

သတင်း

အာဆီယံသဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ SCEF တောင်းဆို

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

(အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ ကျင်းပနေစဥ်။ ဓာတ်ပုံ - အာဆီယံ)

ဇူလိုင်-၂၁၊ ၂၀၂၆။​နေ့သစ်/ People’s Spring

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

(၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများဆီ ပေးပို့တဲ့ SCEF ရဲ့ အိတ်ဖွင့်ပေးစာမှာ အာဆီယံအနေနဲ့ မြန်မာ့အရေးထိတွေ့ချဥ်းကပ်မှုများ လုပ်ဆောင်ရမယ့် အချက် ၄ ချက်ကိုထည့်သွင်း ဖော်ပြပါတယ်။

စစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှု​တွေအပါအဝင် အရပ်သားများအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ခြင်း၊ အကူအညီလိုအပ်နေတဲ့ လူဦးရေအားလုံးဆီ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ထိရောက်စွာ ပေးအပ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို အပြည့်အဝ၊ ချက်ချင်းခြွင်းချက်မရှိ လွှတ်ပေးခြင်း အချက်တွေကို ထည့်သွင်းတောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ဆုံးတောင်းဆိုချက်မှာ မြန်မာပြည်သူများပိုင်ဆိုင်သော၊ မြန်မာပြည်သူများဦးဆောင်သော ဖြေရှင်းချက်များဆိုတဲ့မူနဲ့အညီ သက်ဆိုင်ရာပါဝင်ပတ်သက်သူအားလုံးရဲ့ ပါဝင်မှုဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်တစ်ခု ဖြစ်ထွန်းတိုးတက်မှုအတွက် သင့်လျော်တဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာစောင့်ကြည့်ခြင်း၊ အကဲဖြတ်ခြင်း ယန္တရားများဖြင့် ပံ့ပိုးခြင်း တို့အပါအဝင် တိုင်းတာနိုင်သော ရလဒ်များဖြင့် အကဲဖြတ်သင့်ကြောင်း SCEF က ဖော်ပြပါတယ်။

လက်ရှိ (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကျင်းပနေချိန်ဟာမြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှုအတွက်ပါအလွန်အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ SCEF က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာ သဘောတူညီထားတဲ့ ဒေသတွင်း မူဘောင်တစ်ရပ် ဖြစ်တယ်လို့ SCEF က ခိုင်မာစွာ ခံယူဆဲလို့ ထုတ်ပြန်ပါတယ်။

လက်ရှိ မနီလာမြို့မှာ ကျင်းပနေတဲ့ အစည်းအဝေးဟာ ရလဒ်ကို ဦးတည်သော ၊ တိုင်းတာနိုင်သော ၊လက်တွေ့အကောင်အထည်ဖော်နိုင်သော ချဉ်းကပ်မှုတွေကတဆင့် ဘုံသဘောတူညီချက် ၅ ရပ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အရေးပါသော အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်းလည်း SCEF က ဆိုပါတယ်။

ဒါ့အပြင်မြန်မာပြည်သူ​တွေဟာအာဆီယံရဲ့ဘုံသဘောတူညီချက်ငါးရပ် နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ (၂၀၂၂) နှစ်ခုစလုံးကို အပြန်အလှန်အားဖြည့်ပေးတဲ့မူဘောင်များအဖြစ်အကောင်အထည်ဖော်မှုကို အားဖြည့်ပေးတဲ့ လက်တွေ့ကျသောလုပ်ဆောင်မှုအတွက် အာဆီယံကို မျှော်လင့်နေကြတယ်လို့လည်း အသိပေးပါတယ်။

အဲဒီ မူဘောင်တွေကို မြန်မာပြည်သူများအတွက် အဓိပ္ပာယ်ရှိသောတိုးတက်မှုများနဲ့ စစ်အုပ်စုအပေါ် စစ်မှန်သောဖိအားများအဖြစ် ပြောင်းလဲရမယ်လို့ SCEF ရဲ့ စာမှာ ပါရှိပါတယ်။

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုအပေါ် စစ်အုပ်စုရဲ့ အဆင့်မြင့်အရာရှိများကို ထိတွေ့ဆက်ဆံမှု တားမြစ်ထားတဲ့ အာဆီယံရဲ့ ပိတ်ပင်တားဆီးမှု ကို ပြန်လည်စတင်ခြင်း အပါအဝင် တဖြည်းဖြည်း တိုးမြှင့်လာမည့် အကျိုးဆက်များနဲ့ ထိုက်တန်ကြောင်းလည်း ဖော်ပြပါတယ်။

အထူးသဖြင့် မြန်မာပြည်သူတွေဟာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများကို အဆုံးသတ်ဖို့၊ လူသားချင်းစာနာထောက်ထားမှုအခြေအနေများ တိုးတက်ကောင်းမွန်လာစေဖို့နဲ့ စစ်မှန်ပြီး အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အာမခံနိုင်တဲ့ နိုင်ငံရေးဖြေရှင်းချက်ကို ရောက်ရှိစေမယ့် လက်တွေ့ကျသောတိုးတက်မှုများကို ရှာဖွေနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ဘယ်လိုသံတမန်ရေးရာကြိုးပမ်းမှုမဆို မူဝါဒအပေါ် အခြေခံသော ထိတွေ့ဆက်ဆံမှု၊ အားလုံးပါဝင်ရေးနဲ့ ခိုင်မာသော ရလဒ်တွေအပေါ်မှာ အခြေခံရမှာဖြစ်တယ်လို့ SCEF က ထောက်ပြပါတယ်။ ဒါကြောင့် ရေရှည်တည်တံ့သော နိုင်ငံရေးဖြေရှင်းချက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ERO များ၊ ဒီမိုကရေစီအင်အားစုများ၊ လူနည်းစုအသိုင်းအဝိုင်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ အခြားအဓိက ပါဝင်ပတ်သက်သူများ အပါအဝင် သက်ဆိုင်သူအားလုံးရဲ့ အဓိပ္ပာယ်ရှိသော ပါဝင်မှု လိုအပ်ကြောင်း SCEF က ဖော်ပြပါတယ်။

ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)ပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတရားဝင်မှုနဲ့ ထိရောက်သောစိုးမိုးထိန်းချုပ်မှုကို အခိုင်မာဆုံးရရှိထားတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ အသိပေးပါတယ်။ နောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို လွယ်ကူချောမွေ့စေဖို့နဲ့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့သောငြိမ်းချမ်းရေးရရှိဖို့ တည်ထောင်ထားသော မဟာမိတ်အခြေပြုခေါင်းဆောင်မှု ယန္တရားတစ်ခုဖြစ်ကြောင်းလည်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြား​ရေးဝန်ကြီးများ ​ဆွေး​နွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

အာဆီယံနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံတည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု(FDI) ကျဆင်းနေတယ်လို့ ကုလသမဂ္ဂကုန်သွယ်မှုနဲ့ဖွံ့ဖြိုးတိုးတက်ရေးကွန်ဖရင့်(UNCTAD)ရဲ့ အစီရင်ခံစာထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ မြန်မာ့အရေးမှာ ထင်သာမြင်သာရှိတဲ့တိုးတက်မှု ဖော်ဆောင်ဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက အလိုရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောပါတယ်။

Facebook