သြဂုတ် – ၇ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။
ဖာပွန်ခရိုင်( မူတြော်) ၊ဒွယ်လိုးမြို့နယ်၊ထီးသဘလူးထကျေးရွာအုပ်စု ၊ ဘောသို့ထရွာထဲကိုသြဂုတ်လ ၅ရက် ည ၉ နာရီနဲ့ ၁၀ နာရီ ကြားမှာတိုက်လေယာဉ်နှစ်စီး၊အပေါ့စားထောက်ပို့လေယာဉ်Y -12 တို့နဲ့ ဗုံးကြဲတာပါ။
ဖာပွန်(မူတြော်ခရိုင်)ဟာKNU ရဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးနယ်မြေသတ်မှတ်အရKNU တပ်မဟာ (၅) နယ်မြေဖြစ်ပါတယ်။

Public Service Announcement
ဗုံးအလုံးရေ ၂၀ ကြဲချခဲ့တာလို့ KHRG က ဆိုပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဒါအပြင်နေအိမ် ၃၂ လုံးနဲ့ ဓမ္မာရုံနှစ်ဆောင်လည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ KHRG က အသိပေးထားပါတယ်။
အရပ်သားတစ်ဦးရဲ့အဆိုအရဗုံးကြဲတိုက်ခိုက်ခံရမှုမတိုင်ခင်ကအရပ် သားအများစုဟာအရင်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရွာထဲမှာမနေရဲကြတော့ဘဲရွာအပြင်မှာတိမ်းရှောင်ပုန်းအောင်းနေထိုင်ခဲ့တာဖြစ်ပြီး လူကြီးအချို့သာညဘက်မှာနေအိမ်ပြန်အိပ်ခဲ့ကြတာလို့ KHRG က ဆိုပါတယ်။
အဲဒီလို တိမ်းရှောင်ပုန်းအောင်းမနေခဲ့ရင်တော့သြဂုတ်လ ၅ ရက် ညပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေဟာမတွေးရဲစရာပင်ဖြစ်တယ်လို့ အရပ်သားတစ်ဦးရဲ့ ပြောကြားချက်ကို KHRGက သတင်းထုတ်ပြန်ချက်မှာထည့်သွင်းအသိပေးထားပါတယ်။


















































