လင်းဆက်ငြိမ်းချမ်း ရေးသားသည်။
ရန်ကုန်ဟာ မိုးချုပ်တာနဲ့ ညနက်သွားတော့တယ်လို့ ညီငယ်တစ်ဦးကဆိုတော့ အဲဒီစကားရဲ့ အဓိပ္ပါယ်ကို ကျနော်နားလည်ဖို့ ခပ်နက်နက် ဆက်တွေးရတယ်။
ဒါပေမဲ့၊အာဏာသိမ်းအပြီးကိုဗစ်အလွန်ကတည်းက ရန်ကုန်ကနေ ဆုတ်ခွာခဲ့ရသူဆိုတော့ ပစ္စက္ခရန်ကုန်ကို အလုံးစုံငုံမိဖို့ ဘယ်လွယ်တော့မလဲ။ ဒါနဲ့ ဘာကိုဆိုလိုတာလဲလို့ မေးကြည့်မိ။ နောက် ၃မိနစ်အကြာမှာ ကျနော့်ရဲ့မက်ဆင်ဂျာထဲည၈နာရီကျော်ဆိုတဲ့စာသားနဲ့အတူ ဓာတ်ပုံ၃ပုံ အပြေးရောက်လာတယ်။
သူ့တိုက်ပေါ်ကနေ ရိုက်လိုက်တဲ့ဓာတ်ပုံတွေ။ လမ်းမပေါ် လျှပ်စစ်မီးက လင်းနေပေမဲ့ ခွေး တွေသာ ဟိုတစ်စု ဒီတစ်ကောင်။ပြီးတော့ ခပ်ပျပျမြင်ရတဲ့လူတစ်ယောက်ဒါပဲ။ည၈နာရီကို စွန်းရုံရှိသေး၊တစ်ချိန်ကဒီအိမ်ရာကြီးရဲ့ ည၈နာရီဆိုတာ လူတရုန်းရုန်းနဲ့ စည်ကားနေခဲ့တာ ကိုယ်ကိုယ်တိုင် လည်း ကောင်းကောင်း သိခဲ့ဖူးတာကြောင့် အံ့အားသင့်မိ။

Public Service Announcement
“လူမစည်တော့မှန်း သိပေမဲ့ အခုလောက်ဆိုးလိမ့်မယ်လို့ မထင်ထားဘူး”
“ဟုတ်တယ်အစ်ကို၊ ဘယ်သူမှ ကိစ္စအရေးမကြီးဘဲ ဒီအချိန် အပြင်မထွက်တော့ဘူး။ကျနော် တို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်ညတွေ မရှိတော့တာ ကြာပြီ”လို့ ညီငယ်က ပြောပြတော့ တစ်ချိန်က ဝင်း ပခဲ့တဲ့ ရန်ကုန်ညတွေကို ပြန်ငေးမိတယ်။
မှတ်မိသေးတယ်။သတင်းဂျာနယ်တွေခေတ်တစ်ခေတ်ထူခဲ့တဲ့ ၂၀၁၀ပတ်လည်လောက် တုန်းကတစ်ပတ်မှာတစ်ကြိမ် ည ၉ နာရီခွဲ၊၁၀နာရီ ဖောင်ပိတ်ပြီးတဲ့အခါ တစ်နေကုန် ခေါင်းတွေ အုံခဲ့သမျှကျနော်တို့အဖွဲ့သားတွေ ၁၉ လမ်းသို့ သုတ်သုတ်ချီ။ခြစ်တောက်နေတဲ့ လည်ချောင်းထဲ ဘီယာ အေးအေးလေး စီးဝင်သွားရင်ကို စမ်းချောင်းထဲ ဒိုင်ဗင်ထိုးချလိုက်သလို စိတ်တွေကအလိုလိုကြည်သွားတော့တယ်။
ည ၉ နာရီခွဲ၊၁၀နာရီဆိုတာ ၁၉လမ်းအတွက်တော့ အခုမှ ညနေစောင်းတယ်ဆိုရုံပဲ။လမ်းဘေး မှာ ဖွဲ့စည်းထားတဲ့ ဝိုင်းမှာ ကံကောင်းထောက်မစွာနဲ့ ဝိုင်းခွင့်ရလိုက်ရင် လွတ်လပ်လေပြေကို ထွေး လိုက်ရသလို လူတစ်ကိုယ်လုံး ပေါ့ပါးလို့။
၁၉လမ်းဆိုတာ လူမျိုးမရွေး၊ဘာသာမရွေး၊ အဆင့်အတန်းမခွဲ၊အသွေးအရောင်စုံလှတဲ့ ပျိုမဒီ တို့ကလည်း ၁၉လမ်းထဲရောက်ရင် အလိုလိုလှနေရော့သလား ငေးလိုက်တိုင်း လှနေတာမို့ ကျနော်တို့ ရဲ့ ဝိုင်းသိမ်းချိန်ဟာ ၁၂နာရီရဲ့ ဟိုဘက်တောင် ရောက်ချင်ချင်။
နောက်တစ်ရက်မနက် အေးအေးဆေးဆေးနှပ်ချင်ရင်အိမ်ပြန်တယ်။ ဂျက်လိုမြန်တဲ့ အောက် ဆိုဒ်ကားတွေက သာကေတကနေ သီရိမင်္ဂလာဈေးဟောင်းထိ တစ်ညလုံး အဆက်မပြတ်။အဲဒီတုန်းကသီရိမင်္ဂလာဈေးဟောင်းဆိုတာကို မဖျက်သိမ်းရသေး၊ ရောင်းပန်းဝယ်ပန်း ကောင်းတုန်းမို့ သီရိမင်္ဂလာဈေးဟောင်းရောက်ရင် လူတွေ တရုန်းရုန်း တအုံးအုံးနဲ့ နှုတ်ခမ်းနီထူထူဈေးကွက်ကလည်း တော်တော် အလုပ်ဖြစ်ကြတဲ့ပုံ။
ကွယ်လွန်သွားပြီဖြစ်တဲ့ မိတ်ဆွေကဗျာဆရာဟိန်းမြတ်ဇော်က တော့ သီရိမင်္ဂလာဈေး ရောက်ရင်သူ့ဖောက်သည်ဆိုင်ထဲဝင် ဘီအီးတစ်ပိုင်းနဲ့ နောက်တစ်ဖြတ်။ အိပ်ချင်လာရင် စားပွဲမှာပဲ ခေါင်းစိုက်ပြီး ကျိုးလိုက်။ မနက် ၂နာရီခွဲ၊၃နာရီလောက်ဆို စားပွဲထိုးလေး က ဇက်ကြောလေးဘာလေးဆွဲပေးပြီး ‘ထတော့ အစ်ကို’လို့ နှိုးပေးသေးသတဲ့။ အဲဒီတော့မှပဲ ကိုယ့် လူက မျက်နှာလေးဘာလေးသစ်၊ဈေးထဲကို ဝင်ကာ အိမ်အတွက် ဈေးပေါတဲ့ဟင်းသီးဟင်းရွက်တွေ ဝယ်ကာ လှိုင်သာယာကားပေါ်တက်။ အိမ်ပြန်ရောက်တော့ မနက်၄နာရီကျော်။
ကျနော်ကတော့သီရိမင်္ဂလာဈေးဟောင်းရောက်ရင် လှိုင်သာယာကားပေါ်တက်၊ အခု ဖွင့်နေ တဲ့ လှိုင်မြို့နယ်ထဲက သီရိမင်္ဂလာဈေးသစ် မရောက်ခင်မှာဆင်း။အိမ်ပြန်ရောက်ချိန်က သန်းခေါင် ကျော် ၁နာရီဆိုပေမဲ့ စိတ်ထဲမှာ လုံခြုံမှုမရှိဘူးလို့ တစ်ခါမှ မခံစားမိ။တစ်ခါတစ်ရံ ၁၉လမ်းကနေ အိမ်ပြန်ဖို့ ပျင်းလာရင် ရန်ကုန်မြို့ထဲကို ဘက်ဂီယာပြန်ထိုးပြီး ရုံးမှာပဲနှပ်လိုက်ရုံ။ဒုတိယအာဏာရှင်သန်းရွှေခေတ်ဆိုပေမဲ့ ရန်ကုန်မြို့ရဲ့ ညသန်းခေါင်ယံဟာ လမ်း သလားရတာ ကြောက်သွေးမဝင်မိ။ကြံ့ဖွံ့အစိုးရလက်ထက်မှာလည်း အဲဒီလိုပဲ။ NLDအစိုးရလက်ထက်၊ ခေတ်သစ်ဆီ ရှေ့သို့ချီနေ တဲ့ ငါတို့အစိုးရဆိုတဲ့မာန်က ပြည်သူ့ရင်ထဲမှာ ကျစ်ကျစ်လစ်လစ်။ ၁၉လမ်းဆိုတာ ရန်ကုန်ရောက် နိုင်ငံခြားသားတွေအတွက် ညတွေမှာ လမ်းသလားရမယ့်တစ်နေရာအဖြစ် တလူလူလွင့်လို့။
“အခုတော့ ည၇နာရီကျော်ရင်မြို့ထဲမှာတောင် လိုင်းကားရဖို့ မသေချာတော့ဘူး”လို့ ပြောတဲ့ ညီငယ်ရဲ့အသံက နားထဲကို ကန့်လန့်ဖြတ် ဝင်လာတယ်။လိုင်ကားရဖို့ မသေချာသလို ကိုယ့်ဘဝကိုယ် ပြန်ရပါ့မလားဆိုတဲ့စိတ်ကလည်း တထိတ် ထိတ်ပဲလို့ ညီငယ်က ဆက်ပြောတော့ နားစွင့်ရပြန်တယ်။
“ပေါ်တာဆိုတာ ၄၀ကျော် ၅၀လည်း ဆွဲနေတယ်”လို့ ညီငယ်က ထပ်ပြောမှ ကိုယ့်ဘဝကိုယ် ပြန်ရပါ့မလားဆိုတဲ့စကားရဲ့ အဓိပ္ပါယ်ကို ခပ်ရေးရေး သဘောပေါက်လာတယ်။
မြန်မာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းလှတဲ့ ပေါ်တာ။ရန်ကုန်မှာဆွဲလိုက်တဲ့ ပေါ်တာတွေ က သောက်သောက်လဲ။လူမှုကွန်ရက်ပေါ် လူပျောက်ကြော်ငြာတွေဖွေးလို့။ စစ်တပ်ကလည်းဆွဲ၊ ရဲ ကလည်း ဆွဲ၊ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ပြီးတော့ စစ်တပ်နဲ့ချိတ်ဆက်ထားတဲ့ လူဆွဲဂိုဏ်း တွေလည်း ပွလို့။
“အခုဆွဲနေတဲ့ ပေါ်တာဆိုတာကမှတ်ပုံတင်ကြည့်ပြီးဆွဲနေတာမဟုတ်ဘူး။ည၇ နာရီ ကျော်ရင်ကျနော်အပြင်မထွက်ရဲတော့ဘူး”လို့ အသက်၅၀ကျော်အရွယ် တောင်ဥက္ကလာမှာနေတဲ့ မိတ်ဆွေရင်းတစ်ယောက်က ပြောပြတာ အမှတ်ရတယ်။
ပြီးတော့ ၂၀၂၅လောက်ကထင်တယ်။ ငယ်သူငယ်ချင်းပြောပြဖူးတဲ့ အဖြစ်ဆိုးကလည်း ဦးနှောက်ထဲတန်းဝင်လာတယ်။ငယ်သူငယ်ချင်းရဲ့ မိတ်ဆွေက အသက်၅၅နှစ်ကျော်အရွယ်၊လူက လည်း ဗိုက်ဆွဲဆွဲ၊ရောဂါဘယတွေကလည်း အစုံအလင်။လူမြင်ရုံနဲ့ အသက်
ကြီးရုံတင်မက ကျန်းမာ ရေးကလည်း မစွံမှန်း သိသာနေပေမဲ့ ည၇နာရီကျော်အချိန် မော်လမြိုင်မြို့ထိပ်ဂိတ်အဖြတ်မှာ ဆွဲစေ့ ခံလိုက်ရတယ်။ စစ်မှုထမ်းသင်တန်းရောက်သွားတယ်။ပြေးတောင်မပြေးနိုင်တဲ့ ၅၀ကျော်မှန်း သင် တန်းဆရာတွေသိလို့ ငွေ၁၀သိန်းကျော်ဖန်ပြီးအိမ်ပြန်ခွင့်ပြုလိုက်တယ်လို့ ကြားခဲ့ဖူးတယ်။
ရန်ကုန်မှာ ပေါ်တာဆိုတာ တစ်ယောက်မိရင် သိန်း၂၀မက ကိုယ့်အတွက်ကျန်တာမို့ စစ်အုပ် စုဝင်တွေအတွက် တွက်ခြေအကိုက်ဆုံး စီးပွားရေးလုပ်ငန်းဖြစ်လာတယ်။အဲဒါကြောင့်လည်း လှိုင်မြို့ နယ်ထဲက ရပ်ကွက်တချို့မှာအုပ်ကြီးလက်ပါးစေဆိုက်ကားသမားတွေက ညဘက် ဆိုက်ကားစီးလူ ငယ်တွေကို ပေါ်တာဆွဲကာ ငွေလမ်းဖြောင့်လို့ ကျော့ကော့နေသတဲ့။
ကားတစ်စီး၊လူ၃ယောက်၊ ဓားကိုယ်စီ တုတ်အသင့် လူပြတ်တဲ့နေရာတွေနဲ့ ညဦးပိုင်း တွေမှာ စောင့်ဖမ်း၊ကံကောင်းရင် တစ်ရက်တည်းနဲ့ ၃-၄ယောက်။ ကားလေးတစ်စီးရင်းရုံနဲ့ တစ်ရက်တာ သိန်း ဂဏန်းဆယ်ချီ ဝင်ငွေရဖို့ဆိုတာ တခြား ဘယ်အလုပ်ရှိမလဲ။
ရန်ကုန်မှာကိုယ့်အတွက်ကိုယ်အသက်လုရှူနေကြရတာဆိုတော့ ကိုယ့်ရှေ့မှာ ရိုက်နှက်ပြီး ကားပေါ်တင်သွားတာမြင်လည်း ကိုယ့်အန္တရာယ်ကိုယ်ကြည့်ရှောင်ကာ ဝင်မပါရဲ။ အဲဒါကြောင့် လည်း ရန်ကုန်မှာ ပေါ်တာဆွဲရတာ သိပ်လွယ်နေကြတဲ့ပုံ။
“လူနာတင်ကားနဲ့တောင် ဆွဲနေတာဆိုတော့ လမ်းမပေါ်ရောက်တာနဲ့ ကျားပေါတဲ့ တောထဲ ရောက်သွားတဲ့အတိုင်းပဲ။ဖုန်းလည်းမကြည့်ရဲဘူး။ငေါင်လည်း မငေါင်ရဲဘူး။မျက်စိရှင်ရှင်ထားပဲ”လို့ ဒဂုံတောင်မှာနေတဲ့ အသက်၄၀အရွယ်မိတ်ဆွေက ပြောတယ်။
မြို့စွန်ဘက်သွား လူသိပ်မပါတဲ့ လိုင်းကားတွေပေါ် ပေါ်တာတက်ဆွဲနေတဲ့သတင်းတွေလည်း ထွက်နေတာကြောင့် အလုပ်ကအပြန် ကားပေါ်မှာ ထိုင်စရာရလည်း မအိပ်ရဲတော့။ကားပေါ်မှာ လူ များလာရင် ခါးပိုက်နှိုက်ကို သတိထားရပေမဲ့ ပေါ်တာကို ပိုကြောက်ရတာမို့ ခရီးသည် လျော့မသွား စေဖို့သာ တိုးတိုးတိတ်တိတ် ကြိတ် ဆုတောင်းရတယ်လို့ ဆိုတယ်။
ရန်ကုန်မှာကြက်ဥတစ်လုံး ၇၅၀၊ မိသားစုဝမ်းစိုဖို့ ဝေးစွ၊ ရက်မပျက် ထမင်းနပ်မှန်ရေး ကို တောင် အလူးအလဲ ရူးပြဲနေအောင် ရုန်းနေရ။အလုပ်သွား အလုပ်ပြန် ရန်ကုန်မြို့တွင်းနဲ့ ဒဂုံ တောင်လူပေါင်းသောင်းခြောက်ထောင် သွားလာနေတယ်ဆိုပေမဲ့ အခန့်မသင့်လို့ ပေါ်တာမိရင် ပွဲပြီးသွားနိုင် တာကြောင့် သားရဲတွင်းထဲ အလုပ်ဆင်းနေရသလိုမျိုး။ ဖြစ်နိုင်ရင် ရန်ကုန်မှာ မနေချင်တော့ဘူးလို့ သူက ဆက်ပြောတယ်။
ရန်ကုန်မှာ ပြေးစရာမြေမရှိတဲ့ ဘဝများစွာ။ ရန်ကုန်မှာ ကိုယ့်ဘဝကိုယ် ဘယ်မှာ သွားရှာရမ လဲလို့ ရန်ကုန်သားတွေက ညည်းကြတယ်။ရန်ကုန်မှာဘဝတွေတောင်တတောက်တောက်ပျောက်ဆုံးနေတာ ရန်ကုန်မှာညတွေ ပျောက်ဆုံးသွားတာ ဘယ်ဆန်းလိမ့်မလဲ။
ရန်ကုန်မှာရန်ကုန်လည်းပျောက်ဆုံးနေတယ်။ ရန်ကုန်မှာရန်မကုန်သေးတော့လည်းခြစ် ခြစ်တောက် ပူနေဦးမှာပဲ။ ဒါပေမဲ့၊ရန်ကုန်ဟာ ဗုံးတွေ တဝုန်းဝုန်းကြဲခဲ့တဲ့ဒုတိယကမ္ဘာစစ်တုန်းက လည်း မသေ၊ အင်းစိန်နား တိုက်ပွဲဖြစ်နေတဲ့ ရန်ကုန်အစိုးရခေတ်မှာတောင် ရန်ကုန်မှာ ရုပ်ရှင်ပြ မပျက်။ ရန်ကုန်ဟာ ဘယ်တုန်းကများ သေခဲ့ဖူးသလဲလို့ မေးခွန်းထုတ်သူတွေလည်း ရှိတယ်။
ရန်ကုန်မှာ လက်သီးကို ကျစ်ကျစ်ပါဆုပ်ထားကြဖို့ လိုမယ်။ ရန်ကုန်ဟာ ပြန်လာပါလိမ့်မယ်။


















































