စက်တင်ဘာ-၂၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေတဲ့ ရခိုင်ပြည်နယ်စစ်တွေ၊ ရိုးမအရှေ့ဘက်ခြမ်း မင်းတုန်း၊ နတ်ရေကန်စစ်မျက်နှာသုံးခုမှာတိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့ တရက်တည်းမှာပဲစစ်သားအလောင်း ၅၀ ကျော်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့အာရက္ခတပ်တော်(AA)နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တွေမြို့နယ်၊ရွှေမင်းဂံရေတပ်စခန်းရဲ့ ချောင်းတဖက်ကမ်းရဲရိုးပြင်ရွာဝန်းကျင်၊ တောကန်ရွာဝန်းကျင် နဲ့ အမြင့်ကျွန်းရွာဝန်းကျင်တို့မှာစက်တင်ဘာ ၂၂ ရက်နေ့ တစ်နေ့လုံးနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သားအလောင်း ၁၀ ဝန်းကျင် သိမ်းဆည်းရမိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းအချို့က ပြောတယ်။

“တောကန်နားမှာတိုက်ပွဲပိုပြင်းတယ်။ အလောင်းရတာလည်း ဒီဘက်ကရတာပါ။ ကိုယ့်ဘက်ကလိုက်မသိမ်းနိုင်၊မှတ်တမ်းမယူနိုင်ဘဲကျန်ခဲ့တဲ့ (စစ်တပ်)အလောင်းတွေလည်း အများကြီး။နေကလည်းပူတော့အပုပ်နံ့တွေ တော်တော်ရတယ်”လို့ မြေပြင်ကစစ်ရေးရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement
ရဲရိုးပြင်ရွာအနီးဝန်းကျင်မှာလည်း ဒီနေ့မနက်ပိုင်းမှာ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်း မှာ တိုက်ပွဲမရှိဘူးလို့ ပြောပါတယ်။ “ဟိုဘက်ဒီဘက် ဒရုန်းတွေနဲ့တော့လိုက်ချနေကြတယ်။ကိုယ့်ဘက်ကရွှေမင်းဂံထဲကို ဒရုန်းနဲ့ချတာ ထိသွားတယ်။ သေကြမယ်ထင်တယ်”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အလားတူပဲ AA ထိန်းချုပ်ရာ ရခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ ကြိုးစားတဲ့ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းမကွေးတိုင်းပဒါန်းမြို့နယ် နတ်ရေကန်စစ်မျက်နှာ နဲ့ မကွေးတိုင်း မင်းတုန်းမြို့နယ်သဖန်ရောင်ရွာအနီးစစ်မျက်နှာတို့မှာလည်း တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးအလောင်း သုံးဆယ်ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ကပြောပါတယ်။
“တိုက်ပွဲအခြေအနေတွေ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ကိုယ့်ဘက်ကတော့ အလောင်းသုံးဆယ်ကျော်ရတယ်။မင်းတုန်းဘက်မှာ သုံးဆယ်လောက် နဲ့ နတ်ရေကန်ဘက်မှာတဆယ်နီးပါး၊ ဒီနေ့ရတာ” လို့ AA သတင်းရင်းမြစ်ကပြောပါတယ်။
မင်းတုန်းမြို့နယ် သဖန်ရောင်ရွာကနေ ကံဂျိုးရွာဘက်ကို ရှေ့တိုးဖို့ကြိုးစားတဲ့ စစ်ကြောင်းကို AA က ကြားဖြတ်တိုက် ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာပါ။
“သူတို့ဘက်က စစ်ကြောင်းထိုးနေတာ သုံးရက်လောက်ရှိပြီ။ အရှေ့ကို သိပ်မတိုးတော့ တိုက်ပွဲပြင်းပြင်းထန်ထန် မဖြစ်ဘူး။ ဒီနေ့ကျမှ အင်အားနဲ့ တိုးလာလို့ ဖြစ်ကြတာ။အထိနာတော့နောက်ပြန်ဆုတ်သွားတယ်။တိုက်ပွဲဖြစ် တုန်း”လို့ AAသတင်းရင်းမြစ်ကပြောပါတယ်။
လက်ရှိမှာ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်က လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ရှိနေပြီး ကုန်စည်သယ်ယူရေးလမ်းကြောင်းပိတ်သွားပါတယ်။အနီးဝန်ကျင်ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာတွေ တော်တော်များများ ပြေးကြရတယ်။ တိုက်ပွဲကရှေ့ဆက်ပြင်းလာမယ့်အခြေအနေမှာရှိတယ်။စစ်တပ်ကအင်အားတော်တော်ဖြည့်ထားတယ်၊နာရင်လည်း အင်အားဖြည့်ပြီး ရှေ့တိုးမယ့်အနေအထားတွေ့ရတယ်” လို့ ရခိုင်-မင်းတုန်းကုန်ကူးနေခဲ့တဲ့ဒေသခံကုန်သည်တဦးက ပြောပါတယ်။
နတ်ရေကန်ဘက်မှာတော့အာဏာသိမ်းစစ်တပ်ဟာ ပဇီရွာကနေ ရှေ့တိုးဖို့ကြိုးစားနေတာဖြစ်ပြီး AA ရဲ့ တိုက်ခိုက် မှုကြောင့် ပြန်ဆုတ်လိုက်၊ အင်အားဖြည့်ပြီးရှေ့တိုးလိုက်၊ ရှေ့တိုးနောက်ဆုတ်ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။
“အင်အားတော်တော်ပြုန်းသွားပြီဒီဘက်မှာ။ ဒရုန်းနဲ့ စနိုက်ပါနဲ့ ချလို့ သေတာတာတောင် မနည်းဘူး”လို့ AA နဲ့ နီး စပ်တဲ့ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာတော့ တိုက်ပွဲစဖြစ်တဲ့ရက်ပိုင်းကတည်းက စစ်တပ်ဟာအထိနာပြီးတပ်စခန်းတခုလက်လွှတ်လိုက်ရအဲဒီနောက်ပိုင်း မြေပြင်တိုက်ပွဲမရှိဘဲ ငြိမ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူနဲ့ ရခိုင်ပြည်ဝင်ပေါက် မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်း ချုပ်ရာနေရာတွေကို စက်တင်ဘာ ၄ ရက်နေ့ကစကာအင်အားအများအပြားနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။
အဲဒီလို လေကြောင်း၊ ရေကြောင်းပစ်ကူပေးပြီး မြေပြင်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ ကြိုးစားပေမယ့် လက်တွေ့မှာတော့ AA ရဲ့ဖြတ်တောက်တိုက်ခိုက်မှုကြောင့်အထိနာနောက်ပြန်ဆုတ်နေရပါတယ် ။ ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့စခန်းတွေပါ လက်လွှတ်နေရတာ ဖြစ်ကာ ၄၉၂၆ စစ်ဆင်ရေးစပြီးနှစ်ပတ်ကျော်အတွင်း စစ်တပ်ဘက်က သေဆုံးတာရာနဲ့ချီရှိနေပြီဖြစ်တယ်လို့ AA နဲ့ နီးစပ်တဲ့ဒေသခံစစ်ရေးလေ့လာသူတွေက ပြောကြပါတယ်။ AA တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြင်းအချို့ကပြောပါတယ်။



















































