စက်တင်ဘာ-၂၆၊၂၀၂၆။ရှိန်း/People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင် မကြာခဏလာနေတဲ့ ပြင်ဦးလွင်မြို့က 7Glory ဖုန်းဆိုင် ဓားပြတိုက်ခံရမှု ဒီကနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်ဖွင့်လှစ်ထားတဲ့ သုမင်္ဂလာခြောက်ထပ်ဈေးနဲ့ မျက်စောင်းထိုးမှာဖွင့်ထားတဲ့ 7 Glory ဖုန်းဆိုင် စက်တင်ဘာ ၂၆ရက်ညနေပိုင်းမှာဓားပြတိုက်ခံခဲ့ရတာလို့ သိရပါတယ်။အဲဒီဆိုင်ဟာ မိန်းလမ်းမပေါ်မှာပဲရှိပြီး မီးပွိုင့်လမ်းဆုံနားက အမြဲလူမပြတ်တဲ့ နေရာဖြစ်တယ်လို့လည်း ဆိုပါတယ်။
“VIPလမ်းလေ။အဲလမ်းကအကုန်နီးပါးစစ်တပ်အသိုင်းဝိုင်းတွေပဲ” လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
7 Glory ဆိုင်ရဲ့ ဖေစ်ဘွခ်စာမျက်နှာမှာလည်း “နေ့ခင်းကြောင် တောင်ဆိုင်ဓားပြတိုက်ခံရပါတယ်”လို့ ကြေညာထားပါတယ်။
ဓားပြတိုက်ခံရမှုမှာ ပါသွားတဲ့ပစ္စည်းအရေအတွက်ကိုတော့မသိရ သေးပါဘူး။
စစ်တပ်ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးမှ ရွှေဆိုင်ဓားပြတိုက်ခံရမှု၊ဆိုင်ကယ်လုယက်ခံရမှုတွေ ဆက်တိုက်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၇ရက်ကလည်း ပြင်ဦးလွင်မြို့က လူစည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ချယ်ရီလမ်းမပေါ်ကမေစိန်ရွှေရတနာဆိုင်ကို သေနတ်ကိုင်ဆောင်ထားတဲ့လူငယ်၂ဦးကသေနတ်ပစ်ဖောက် ဝင်ရောက်ဓားပြတိုက်ခဲ့ပါတယ်။ဓားပြတိုက်တဲ့ လူငယ် ၂ဦးအနက် တစ်ဦးကိုသာ ဖမ်းမိထားပါတယ်။
ပြင်ဦးလွင်မြို့ဟာအာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်မကြာခဏလာလေ့ရှိတဲ့ စစ်တပ်မြို့တော်တစ်ခုဖြစ်ပြီး စစ်တပ်လုံခြုံရေးအခြားမြို့တွေထက်ပိုများတဲ့ မြို့ဖြစ် ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာ ၁၂ရက်ကလည်း ပြင်ဦးလွင်မြို့လယ်ခေါင်က အောင်စံပယ်ရွှေဆိုင် သေနတ်ကိုင်ထားသူ ၂ဦးက ဓားပြတိုက်ခံခဲ့ရပါတယ်။
ပြင်ဦးလွင်နဲ့တဆက်တည်းရှိတဲ့ မန္တလေးမြို့မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ဝင်တွေပူးပေါင်းကျူးလွန်တဲ့ ရွှေဆိုင်ဓားပြတိုက်မှုတွေမကြာခဏဖြစ်ပွားခဲ့ပါတယ်။
ပြင်ဦးလွင်မြို့မှာ ဆိုင်ကယ်ခိုးယူမှု၊လုယက်မှုတွေလည်း ဖြစ်နေပြီး တရားဥပဒေစိုးမိုးရေးကို စစ်ကောင်စီက မကိုင်တွယ်နိုင်ဘူးလို့မြို့ခံအချို့က ပြောပါတယ်။


















































