ကိုယ်အလေးချိန် မြန်မြန်ကျစေတယ်ဆိုပြီး ‘ပိန်ဆေးထိုးခြင်း’ဟာ လူမှုကွန်ရက်ကနေတဆင့် လျင်လျင်မြန်မြန် ပျံ့နှံ့လာနေပါတယ်။ Ozempic၊ Wegovy၊ Mounjaro၊ Zepbound လို ဆေးတွေဟာ အထူးသဖြင့် ကိုယ်အလေးချိန် လျှော့ချချင်သူတွေကြားမှာ ပိုပြီး စိတ်ဝင်စားလာကြပါတယ်။
အာနိသင်အရဆိုရင် ဒီဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအတိုင်းထွက်တဲ့ GLP-1 ဆိုတဲ့ ဟော်မုန်းရဲ့ လုပ်ဆောင်ချက်ကို ပုံတူကူးပေးပြီး အစာစားချင်စိတ်ကို လျှော့ပေးတာ၊ အစာအိမ်ထဲက အစာထွက်သွားတဲ့အမြန်နှုန်းကို နှေးစေတာ၊ ဗိုက်ပြည့်နေတဲ့ ခံစားချက်မျိုး ရစေတာတွေ ဖန်တီးပေးပါတယ်။ အဲဒါကြောင့် အစာနည်းနည်းစားရုံနဲ့ ဗိုက်ပြည့်သလို ဖြစ်လာပြီး ကိုယ်အလေးချိန်လည်း ကျလာနိုင်ပါတယ်။
ဒါပေမဲ့ အဲဒီဆေးတွေရဲ့ မူလရည်မှန်းချက်ကိုက ကိုယ်အလေးချိန် လျှော့ချဖို့ ပိန်ဆေးအဖြစ် တီထွင်ထားတာ မဟုတ်မှန်း သတိချပ်ဖို့ လိုပါတယ်။ သွေးတွင်း သကြားပမာဏနဲ့ ပန်ကရိယ ထုတ်ပေးတဲ့ အင်ဆူလင် ပမာဏကို သင့်တော် မှန်ကန်အောင် ထိန်းညှိပေးဖို့ ဖန်တီးထားတာပါ။ ဒီဆေးအုပ်စုကို အမျိုးအစား ၂ (Type-2) ဆီးချိုသမားတွေအတွက် အဓိက တီထွင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အကျိုးသက်ရောက်မှုကို တွေ့လာရတာကြောင့် အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်ထိန်းချုပ်ရေးအတွက်ပါ အသုံးပြုလာကြပါတယ်။
ဒါပေမဲ့ အရေးကြီးတာက တခြားဆေးတွေနည်းတူ အဲဒီဆေးအမျိုးအစားတွေမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာကို မမေ့ဖို့ပါပဲ။

Public Service Announcement
အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေ
ဒီဆေးတွေသုံးတဲ့အခါ ပျို့တာ၊ အန်တာ၊ ဝမ်းချုပ်တာတွေ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မပြင်းထန်ဘဲ ယာယီဖြစ်တတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် တုံ့ပြန်ပုံကတော့ တူမှာမဟုတ်ပါဘူး။
ဘေးထွက်ဆိုးကျိုး ပိုပြင်းထန်တဲ့ အခြေအနေမျိုးမှာ ပန်ကရိယ ရောင်ရမ်းတာ၊ သည်းခြေအိတ်ဆိုင်ရာ ပြဿနာတွေ ကြုံနိုင်ပါတယ်။ ပန်ကရိယ ရောင်ရမ်းမှုဟာ ဆေးရုံတက်ဖို့ထိ လိုအပ်တာကြောင့် ဆေးထိုးပြီး ဗိုက်အရမ်းနာလာတဲ့ အခြေအနေမျိုးမှာ လုံးဝ မပေါ့ဆသင့်ပါဘူး။
ပြီးတော့ ပိန်ဆေးထိုးခြင်းက အသက်အန္တရာယ် ပေးနိုင်တဲ့ထိ ဘေးထွက်ဆိုးကျိုးတွေ ရှိမရှိ ဆိုတာမျိုး ဝိဝါဒ ကွဲပြားမှုတွေကလည်း ဆေးသိပ္ပံ ပညာရှင်တွေ ကြားမှာတောင် အမြင်ကွဲပြားနေပါတယ်။ ဥပမာ ၂၀၂၆ နှစ်လယ်ထိ အဲဒီဆေးတွေ သုံးပြီး ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း အစီရင်ခံစာ ၁၅၈၀၀၀ ကျော်ကို ဗြိတိန် ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ထုတ်ကုန်များ ကြပ်မတ်ရေး အေဂျင်စီ (MHRA)က လေ့လာခဲ့ပြီး လူနာ ၂၀၀ ကျော်ရဲ့ သေဆုံးမှုကို သံသယနဲ့ လေ့လာပါတယ်။
ဒါပေမဲ့ MHRAရဲ့ မှတ်တမ်းမှာ လူနာတွေ သေရတာ ‘ပိန်ဆေးထိုးလို့’ ဆိုပြီး စွပ်စွဲမထားပါဘူး။ သေဆုံးသူ အများစုဟာ အရင်ကတည်းက ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ သွေးတိုးနဲ့ တခြား ကျန်းမာရေး ပြဿနာ အခံတွေ ရှိနေကြပါတယ်။ ဒါကြောင့် သူတို့တွေဟာ ပိန်ဆေးထိုးပြီးချိန်မှာ သေဆုံးသွားပေမယ့် အဲဒီဆေးထိုးမှုက သေဆုံးရတဲ့ အကြောင်းရင်းလို့ သတ်မှတ်လို့ မရပါဘူး။ ခုလောလောလတ်လတ်ဆိုရင် GPL-1 ထိုးဆေးတွေဟာ ရုတ်တရက် အမြင်အာရုဏ်ကွယ်သွားနိုင်တဲ့ ရှားပါး မျက်စိရောဂါဖြစ်ပွားနိုင်ခြေရှိတဲ့ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဆေးဝါးထုတ်လုပ်တဲ့ကုမ္ပဏီကို ဒါဇင်နဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေက တရားဆွဲဆိုထားတာလည်းရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပညာရှင်တွေက ဒီဆေးဝါးတွေနဲ့ မျက်စိရောဂါဆက်စပ်မှုကို လွန်ခဲ့တဲ့နှစ်တွေအတွင်း လေ့လာမှုတွေ လုပ်နေပေမယ့် အခုထိတော့ ဆက်စပ်မှုရှိတယ်လို့ သက်သေမပြနိုင်သေးပါဘူး။
ပိန်ဆေးထိုးပြီး ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေထဲမှာ ရှားပါးပေမယ့် ပြင်းထန်တဲ့ ပန်ကရိယ ရောင်ရမ်းမှုကတော့ အထူးသတိထားရမယ့် အခြေအနေ တစ်ခုအဖြစ် ပညာရှင်တွေက သတိပေးထားပါတယ်။ ပြီးတော့ ပန်ကရိယ ရောင်ရမ်းလို့ သေဆုံးတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
ဘယ်လို အသုံးပြုရမလဲ
အခြေခံ အကျဆုံး လိုက်နာရမယ့် စည်းမျဉ်းကတော့ ကိုယ့်သဘောနဲ့ကိုယ် မသုံးဖို့ပါပဲ။ ဆရာဝန်တွေ၊ ကျွမ်းကျင်တဲ့ ဆေးသုတေသန ပညာရှင်တွေနဲ့ သေချာတိုင်ပင်၊ ကိုယ့်အတွက် ကိုက်ညီနိုင်ခြေ ရှိမရှိ စစ်ဆေးပြီးမှ အသုံးပြုသင့်ပါတယ်။ ဆေးမထိုးခင် ဆေးစစ်ရမယ့် အခြေအနေတွေလည်း ရှိပါတယ်။
လုံးဝလုံးဝ မလုပ်သင့်တာကတော့ Facebook၊ TikTokနဲ့ Telegramတို့လို လူမှုကွန်ရက် မီဒီယာတွေမှာ ရောင်းချနေတာကို ဝယ်ယူပြီး ကိုယ့်ဖာသာကိုယ် ဆေးထိုးတာမျိုးပါ။ လုံးဝဥဿုံ ရှောင်ဖို့ လိုပါတယ်။ အွန်လိုင်းပေါ်မှာ ‘မှော်ဆန်တဲ့ပိန်ဆေး’၊ ‘၁၀၀ ရာခိုင်နှုန်း ဘေးကင်းပါတယ်’ ဆိုတာမျိုးတွေနဲ့ အာဘောင်အာရင်းသန်သန် ရောင်းချနေတာတွေကို မယုံစားဖို့ လိုပါတယ်။ ကျန်းမာရေးအသိ အခြေခံ အားနည်းတဲ့ လူတွေကို အဲဒီလို ကျင့်ဝတ်မဲ့တဲ့ ကြော်ငြာတွေက သိမ်းသွင်း ဆွဲဆောင်သွားနိုင်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ အဲဒီလို ရောင်းချတာမျိုးတွေကို အာဏာပိုင်တွေက ဖိဖိစီးစီး အရေးယူ တုံ့ပြန်တာတွေ ရှိနေပါတယ်။
ဥပမာ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရဟာ ပြည်တွင်းမှာ တရားဝင် သုံးစွဲခွင့် ပြုမထားတဲ့ ပိန်ဆေး ထိုးဆေးတွေကို ရောင်းချနေသူ၊ အွန်လိုင်းကနေ ကြော်ငြာသူ ၇၀ ကျော်ကို အရေးယူခဲ့ပါတယ်။ အွန်လိုင်းမှာ အစွမ်းထက် ပိန်ဆေးအဖြစ် နာမည်ကြီးနေတဲ့ Retatrutideလို ဆေးဝါးတွေဟာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဌာန (FDA)ဆီက တရားဝင် အသိအမှတ်ပြုမှုကို မရသေးဘဲ လက်တွေ့ စမ်းသပ်ဆဲ နောက်ဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။ သုတေသန ပြုနေဆဲ အဆင့် ဆေးဝါးတွေကို သုံးစွဲတဲ့အခါ သင့်တော်တဲ့ ပမာဏ၊ ရေရှည် ဘေးထွက်ဆိုးကျိုးနဲ့ တခြား ဓာတ်မတည့်မှု ပြဿနာတွေကို တိတိကျကျ မသတ်မှတ်ရသေးတဲ့ ပြဿနာမျိုးတွေ ကြုံနိုင်ပါတယ်။
ဆေးအတုတွေရဲ့ အန္တရာယ်
ဝိသမလောဘသမားတွေကြောင့် ဆေးအတု စျေးကွက်ဟာ နေရာတိုင်းမှာ ခြိမ်းခြောက်နေနိုင်ပါတယ်။ ပိန်ဆေးထိုးမှုတွေ လူပြောများလာတဲ့အခါ ဆေးဝါးအတု ထုတ်လုပ်သူတွေက အဲဒီနယ်ပယ်ထဲကိုလည်း ရောက်လာနိုင်ပါတယ်။ ဗြိတိန်မှာဆိုရင် အွန်လိုင်းကနေ ရောင်းချတဲ့ တချို့ GLP-1 ဟော်မုန်း ထိုးစျေးတွေမှာ ဆေးပမာဏ မမှန်တာ၊ မသန့်ရှင်းတာ၊ အင်ဆူလင် ထိန်းညှိနိုင်မှု ရှင်းလင်းချက်တွေ မပါဝင်တာမျိုးတွေကို စစ်ဆေး တွေ့ရှိထားပါတယ်။ ယူအေအီးမှာလည်းပဲ အလားတူ စစ်ဆေးမှုတွေအရ အွန်လိုင်းကနေ ဆရာဝန် ထောက်ခံချက် မပါဘဲ ရောင်းချနေတဲ့ ထိုးဆေးတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်မှာ ဘက်တီးရီးယား၊ မှိုတွေရောနှောနေတာမျိုးနဲ့ တခြားပြဿနာတွေ ရှိနေတာကို တွေ့ရပါတယ်။
‘ပိန်ဆေး’လို့ မတွေးတာ ပိုကောင်းမယ်
GLP-1 ဟော်မုန်းထိုးစျေးတွေဟာ ကိုယ်အလေးချိန် ကျစေတာ မှန်ပါတယ်။ ဒါပေမဲ့ ချက်ချင်း ပိန်ကျသွားအောင် အသုံးပြုလို့ရမယ့် ဖြတ်လမ်းနည်းအဖြစ် မယူဆသင့်ပါဘူး။ ဆေးကို ကြာရှည်စွဲပြီး ထိုးရသလို ဘေးထွက် ဆိုးကျိုးတွေလည်း ရှိနိုင်ပါတယ်။
ဆေးထိုးတာကို ရပ်လိုက်တဲ့သူ အများစုမှာ ကိုယ်အလေးချိန် ပြန်တက်လာတာကို တွေ့ရတာကြောင့် ဆရာဝန်တွေက ရေတိုသုံးစွဲမှုအတွက် မထောက်ခံကြပါဘူး။ တကယ်ထိရောက်တဲ့ အာနိသင်ကို ရဖို့ဆိုရင် ဆေးထိုးတာ သက်သက်တင် မကဘဲ နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲတာ၊ ကိုယ်လက်လေ့ကျင့်ခန်းတွေ တွဲလုပ်တာတွေ လိုပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်တော့ ပိန်ဆေးထိုးဆေးတွေကို အလွယ်တကူ ဝယ်ယူနေကြတာမျိုး မလုပ်နိုင်အောင် တားမြစ်ဖို့အတွက် ဆရာဝန် ညွှန်ကြားချက် ပါမှ ဝယ်ယူခွင့်ရမယ့် အထူးထိန်းချုပ် ဆေးဝါးစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အခုလို တင်းကျပ်ရတာက ပိန်ဆေးအတုတွေ၊ အရည်အသွေး မစိစစ်ထားတဲ့ ထုတ်ကုန်တွေပါ အွန်လိုင်းမှာ ပျံ့နှံ့လာတာကြောင့်ပါ။
ပိန်ဆေး ထိုးသင့်သလား
အနှစ်ချုပ် ပြန်ပြောရရင်တော့ ဒီဆေးတွေဟာ အစပိုင်းမှာ ရှင်းပြခဲ့သလိုပဲ ပိန်စေဖို့ ထုတ်လုပ်ထားတာ မဟုတ်ဘဲ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတာပါ။ ဆီးချိုနဲ့ အဝလွန်ခြင်းကို ကုသဖို့ အာနိသင် ထိရောက်ပေမယ့် လူတိုင်းအတွက် သင့်တော်တဲ့ ဆေးဝါးတွေ မဟုတ်ပါဘူး။ ဘယ်သူ့အတွက် သင့်တော်သလဲ ဆိုတာကိုတော့ တကယ်တတ်ကျွမ်း နားလည်တဲ့ ဆေးပညာရှင်တွေကသာ ဆုံးဖြတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဆေးထိုးချင်သူရဲ့ ကျန်းမာရေး အခြေအနေ၊ ဆေးစစ်ချက် အဖြေတွေ အကုန်လုံးကို ဆရာဝန်တွေက ဆန်းစစ်ပေးပြီး၊ ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကို စောင့်ကြည့်ပေးဖို့လည်း လိုပါတယ်။ ဒီတော့ ဆရာဝန် ညွှန်ကြားချက် မပါဘဲ ကိုယ့်သဘောနဲ့ကိုယ် ပိန်ဆေးထိုးတာကတော့ လုံးဝ မလုပ်သင့်တဲ့ ကိစ္စလို့ နားလည်ရပါမယ်။ အွန်လိုင်းပေါ်က ‘မြန်မြန်ပိန်စေမယ်’၊ ‘ဘေးကင်းကြောင်း အာမခံပါတယ်’ဆိုတဲ့ စကားတွေကို လုံးဝ နားမယောင်ပါနဲ့။
ဆေးတွေကို ဝယ်ယူတဲ့ အခါမှာလည်း FDA အသိအမှတ် ပြုထားတဲ့ တံဆိပ်တွေလား၊ အတုမဟုတ်တာ သေချာလား ဆိုတာတွေကစလို့ ဆေးဝါးတွေကို စနစ်တကျ သိုလှောင် သိမ်းဆည်းထားသလား ဆိုတာတွေကအစ လေ့လာဖို့ လိုပါတယ်။ နောက်ခံ အခြေအနေ သေချာမသိတဲ့ ဆေးတွေကြောင့် ကိုယ်အလေးချိန် မကျခင် တခြားပြဿနာတွေ တသီကြီး ကြုံသွားနိုင်ပါတယ်။
‘ဆေးဝါး’ဆိုတာက ကျန်းမာရေးနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ လစ်ဟာမှုတွေကို ကုစားဖို့ တီထွင်ထားတဲ့ အရာပါ။ ဘာမှမဖြစ်ရင် ဘာဆေးမှ မလိုဘူး ဆိုတာက ယေဘုယျကျတဲ့ သဘောတရားတစ်ခု ဖြစ်ပါတယ်။
တကယ်လို့ ပိန်ဆေးထိုးချင်တယ် ဆိုရင်တောင် ‘ပိန်ဆေးထိုးရမလား’ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင် မဖြေသင့်ဘူး၊ ကိုယ်တိုင် မဆုံးဖြတ်သင့်ဘူးဆိုတာ အရေးကြီးပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ တိကျမှန်ကန်တဲ့ ဆေးစစ်ရလဒ် အဖြေတွေကသာ အဲဒီမေးခွန်းအတွက် အဖြေကို ထုတ်ပေးရမှာပါ။ ပြီးတော့ GLP-1 ဟော်မုန်း ထိုးဆေးတွေဟာ ပိန်ဖို့သက်သက်ပဲ ထုတ်လုပ်ထားတာ မဟုတ်ကြောင်း မမေ့ဖို့ လိုပါတယ်။


















































