Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေတပ်စခန်းကို တိုက်ခိုက်မယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရသူ ၅ ဦးကို အာမခံနဲ့ ဗြိတိန်ပြန်လွှတ်ပေး

အမေရိကန် တပ်တွေ ရှိနေတဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကို တိုက်ခိုက်လိမ့်မယ်လို့ ယုံကြည်ရတဲ့အတွက် ဖမ်းဆီးထားသူ ၅ ဦးကို တစ်ရက် အကြာမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - Getty Images

အမေရိကန် တပ်တွေ ရှိနေတဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကို တိုက်ခိုက်လိမ့်မယ်လို့ ယုံကြည်ရတဲ့အတွက် ဖမ်းဆီးထားသူ ၅ ဦးကို တစ်ရက် အကြာမှာပဲ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ဂလူဆက်စတာရှိုင်းယားမှာ ရှိနေတဲ့ ဖဲရ်ဖို့ဒ် လေတပ်စခန်းဆီ ဦးတည် မောင်းနှင်နေတဲ့ မသင်္ကာစရာ ဗင်ကား ၃ စီးကို အကြမ်းဖက် တိုက်ဖျက်ရေး ရဲတွေက သတင်းအရာ တားဆီးပြီး မျက်နှာဖုံးစွပ်ထားသူ အမျိုးသား ၅ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီနေရာမှာ အရေးပေါ် တုံံ့ပြန်ကိုင်တွယ်မှု အခြေအနေတစ်ခုကို အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ကြေညာခဲ့သလို အနီးမှာရှိတဲ့ ဒေသခံတွေကိုလည်း ယာယီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ သူတို့ လိုက်ပါလာတဲ့ ကားတွေကိုလည်း အဝေးထိန်း စက်ရုပ်တွေ အသုံးပြုပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကားတွေပေါ်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရကြောင်း သတင်းတချို့က ဖော်ပြပေမယ့် ရဲတွေကတော့ အဲဒီအချက်ကို အတည်မပြုသေးဘဲ စစ်ဆေးမှုတွေ ဆက်လုပ်နေဆဲလို့သာ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၂၀ ကျော် အရွယ် ဗြိတိန် နိုင်ငံသား ၅ ဦးကို ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများဆိုင်ရာ အက်ဥပဒေ အောက်ကနေ အမှုဖွင့်ခဲ့ပေမယ့် အကြမ်းဖက်ဖို့ ကြံစည်တယ် ဆိုတာမျိုး စွဲချက်တွေ တင်မထားသေးပါဘူး။ ရဲတွေက သံသယရှိသူ အမျိုးသား ၅ ယောက်က ဘာတွေ ရည်ရွယ်ထားသလဲ ဆိုတာကို ဖော်ထုတ်နိုင်ဖို့ ဦးစားပေး ကိုင်တွယ် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေကတော့ အဲဒီအမျိုးသားတွေဟာ တစ်စုံတစ်ဦးရဲ့ လက်ဝေခံတွေလား၊ ဒါမှမဟုတ် အခုဖြစ်ရပ် နောက်ကွယ်မှာ နိုင်ငံရပ်ခြား အစိုးရ တစ်ခုခု ပါဝင်ပတ်သက်နေသလား ဆိုတာတွေကိုပါ အလေးထား အဖြေရှာနေပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာတော့ သူတို့ကို အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လှုပ်ရှားသွားလာမှုတွေကို အရမ်းတင်းကျပ်ထားပြီး တခြားသူတွေနဲ့ ထိတွေ့ ဆက်ဆံခွင့်ကိုလည်း တားမြစ်ထားကြောင်း အကြမ်းဖက် တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။

အဖမ်းခံခဲ့ရသူ ၅ ယောက်ထဲမှာ ၃ ဦး ဝက်စ်မင်စတာ နယ်သားတွေဖြစ်ပြီး ၁ ဦးက ကမ်ဒန်၊ ၁ ဦးက ဝီလ်စ်ဒန် ဒေသခံတွေ ဖြစ်ပါတယ်။ အားလုံးဟာ အသက် ၂၃ နှစ်ကနေ ၂၅ နှစ်ကြား အရွယ်တွေလို့လည်း သိရပါတယ်။

လေတပ်စခန်းရဲ့ အရှေ့ဖက်မှာရှိတဲ့ ဝှဲလ်ဖို့ဒ် ကျေးရွာနားမှာ မသင်္ကာစရာ မျက်နှာဖုံးစွပ်ထားသူတွေနဲ့ ဗင်ကားတွေကို သတိထားမိတဲ့ ဒေသခံ လယ်လုပ်သူ အမျိုးသမီး တစ်ဦးက ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ အမည်မဖော်လိုသူ အမျိုးသမီးက အဲဒီလူတွေရဲ့ လုပ်ပုံကိုင်ပုံတွေက အရမ်း မူမမှန်သလို ခံစားမိတာကြောင့် အရေးပေါ် ဖုန်းနံပါတ် 999 ဆီ ဆက်သွယ်ခဲ့တာလို့ ပြောပြခဲ့ပါတယ်။

သူက လေတပ်စခန်းရဲ့ တပ်ထိန်းရဲဌာနဆီ အရင်ဖုန်းခေါ်ခဲ့ကြောင်း၊ ဒါပေမဲ့ ဖုန်းမကိုင်ခဲ့ကြောင်း၊ ဒါကြောင့် 999ကို ဖုန်းဆက်လိုက်တဲ့အခါ ၁၀ မိနစ်အတွင်း ရွာထဲမှာ လက်နက်ကိုင် ရဲတွေနဲ့ ပြည့်နှက်သွားကြောင်း ဆိုပါတယ်။

ဗြိတိန် အကြမ်းဖက် တိုက်ဖျက်ရေး ရဲဌာနကတော့ ဒီကိစ္စကို ဖြစ်နိုင်ခြေ ဘက်ပေါင်းစုံကနေ ချဉ်းကပ်ပြီး အထူးအလေးထား ကိုင်တွယ်နေကြောင်း ပြောပေမယ့် တိတိကျကျ ဘာကောက်ချက်မှ မချသေးပါဘူး။ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်းက လူထု အနေနဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲ ကာလမှာ ထင်ကြေးတွေကို မဖြန့်ဝေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ အီရန်အစိုးရ ပါဝင်ပတ်သက်နေနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေနဲ့ ပတ်သက်လို့လည်း လန်ဒန်မြို့ အခြေစိုက် အီရန်သံရုံးက အပြင်းအထန် ကန့်ကွက် ငြင်းဆိုထားပါတယ်။ ဒီလို စွပ်စွဲမှုတွေဟာ ဗြိတိန်မှာ အီရန်ကို မုန်းတီးတဲ့ ဝါဒဖြန့် လုပ်ရပ် သက်သက်သာ ဖြစ်တယ်လို့လည်း သံရုံးက ဆိုပါတယ်။ ဖဲဖို့ဒ် လေတပ်စခန်းဟာ B1 Lancer ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် အီရန်စစ်ပွဲမှာ ပါဝင်နေတဲ့ အမေရိကန် စစ်လေယာဉ်တွေ အခြေစိုက်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

ဇူလိုင်လတုန်းကတော့ အီရန် အစိုးရက အီရန်ပိုင်နက်ကို ရန်လိုထိပါးမယ့် စစ်ဆင်ရေး ရည်မှန်းချက်တွေအတွက် အမေရိကန်က အသုံးပြုနေတဲ့ ဘယ်နိုင်ငံရဲ့ စစ်စခန်းကိုမဆို တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။

ဗြိတိန်မှာ လူ ၅ ဦးကို ထိန်းသိမ်းခဲ့တုန်းက သူတို့တွေဟာ ထိခိုက်ပျက်စီးမှု ကြီးမားမယ့် အဖျက်အမှောင့် လုပ်ရပ်ကို ကျူးလွန်ဖို့ ကြံစည်ထားသူတွေလို့ စွပ်စွဲခဲ့ဖူးသူ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူတို့တွေ အာမခံနဲ့ ပြန်လွတ်သွားတဲ့ သတင်းကြောင့် အံ့ဩမိကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

သူတို့ ဘယ်လိုလူစားတွေမှန်း အကုန်သိနေကြောင်း၊ အမေရိကန်မှာဆို သူတို့ကို လုံးဝ ပြန်လွှတ်မှာ မဟုတ်ကြောင်း ထရမ့်က ဆိုပါတယ်။ ဒါပေမဲ့ အခုဖြစ်စဉ် တစ်ခုလုံးမှာ ဗြိတိန် အာဏာပိုင်တွေဟာ အမေရိကန်နဲ့ အရမ်းနီးနီးကပ်ကပ် ညှိနှိုင်း လုပ်ဆောင်နေတာကို ထရမ့်က အသိအမှတ် ပြုခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက် ညပိုင်းထိ စစ်စခန်းနားက မော်တော်ကားတွေ ရှာတွေ့ရာ နေရာတဝိုက်ကို ပိတ်ဆို့ထားဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ယာယီ ရွှေ့ပြောင်းစေခဲ့တဲ့ အိမ်ခြေ ၈၅ ခုက ဒေသခံတွေကိုတော့ ရဲတပ်ဖွဲ့က ပြန်ခွင့်ပြုထားပြီလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် တပ်တွေ အခြေစိုက်တဲ့ ဗြိတိန် လေတပ်စခန်း တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ဖို့ ကြံစည်ထားတယ်လို့ ယူဆရသူ ၅ ဦးကို ဗြိတိန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားလိုက်ပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ လောက် ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို အမေရိကန်က ရုတ်တရက် ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ အစိုးရတွေကြား ပွတ်တိုက်မှုတချို့ ရှိခဲ့တဲ့နောက် ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေထဲက အင်အား ၅၀၀၀ လောက်ကို အမေရိကန်က ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။

Facebook