Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျာမနီက အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် ကိစ္စ ရှင်းလင်းအောင် ဆွေးနွေးမယ်လို့ NATOပြော

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။

ဓာတ်ပုံ - Getty Images

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။

အမေရိကန်ဟာ ဂျာမနီမှာ ထားရှိတဲ့ တပ်အင်အား ၃၆၀၀၀ ကျော်ထဲက ၅၀၀၀ လောက်ကို ထုတ်နုတ် လျှော့ချသွားမယ်လို့ အခုသီတင်းပတ်ထဲမှာ ကြေညာခဲ့ပါတယ်။ အမေရိကန်တပ်တွေ လျှော့ချမှုကို ၆ လကနေ ၁ နှစ်အတွင်း ပြီးစီးအောင် လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒါတင် မကသေးဘဲ အီတလီနဲ့ စပိန်မှာ ရှိနေတဲ့ အမေရိကန် တပ်တွေကိုပါ ပြန်ခေါ်နိုင်ခြေ ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရိပ်အမြွက် ပြောကြားထားပါသေးတယ်။

ဥရောပရောက် အမေရိကန်တပ်တွေကို ပြန်လည် ခေါ်ယူခြင်းဟာ NATOရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အရွေ့တစ်ခု ဖြစ်လာပါတယ်။ မေလ ၂ ရက်နေ့မှာ NATO ပြောရေးဆိုခွင့်ရ အရာရှိ အလီဆန်ဟတ်က NATOဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် သေချာ နားလည်နိုင်အောင် ဆွေးနွေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဂျာမနီက တပ်တွေကို ရုပ်သိမ်းတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင်လို့ အမေရိကန်နဲ့ ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ တစ်ချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲဟာ ဥရောပ အနေနဲ့ ကာကွယ်ရေး စွမ်းရည်ကို မျှဝေတည်ဆောက်ရာမှာ တာဝန်တွေ ပိုပြီး ခွဲဝေယူဖို့ အရေးကြီးလာပြီ ဆိုတာကို ညွှန်ပြနေကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ မနှစ်တုန်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ ကျင်းပခဲ့တဲ့ NATO ထိပ်သီး ညီလာခံမှာ အဖွဲ့ဝင် နိုင်ငံအသီးသီးက နိုင်ငံ GDPရဲ့ ၅ ရာခိုင်နှုန်းထိ ကာကွယ်ရေး အသုံးစရိတ်အတွက် မြှုပ်နှံမယ်လို့ ကတိပြုခဲ့ခြင်းက NATOဟာ အဲဒီလို တာဝန် တိုးချဲ့ယူမှုတွေကို အစပြုနေပြီဆိုတာ မြင်သာစေခဲ့ကြောင်းလည်း ဟတ်က မှတ်ချက်ပေးထားပါတယ်။

ပိုပြီး အားကောင်းတဲ့ ဥရောပနဲ့ ပိုပြီး အားကောင်းတဲ့ NATO နိုင်ငံတွေ ဖြစ်လာအောင် လက်ရှိ ကြုံနေတဲ့ အပြောင်းအလဲကို အသုံးချနိုင်စွမ်းမျိုး NATOမှာ ရှိနေဆဲလို့ ယုံကြည်ကြောင်းလည်း သူက ဆိုပါတယ်။

ဂျာမနီက တပ်တွေကို လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေလ ၂ ရက်နေ့မှာ ထရမ့်ကို သဘောထား မေးမြန်းခဲ့တဲ့အခါ သူက အမေရိကန်ဟာ ကျိန်းသေပေါက် တပ်တွေ လျှော့ချမှာဖြစ်ကြောင်း၊ အရေအတွက်က ၅၀၀၀ ထက်လည်း ကျော်နိုင်ကြောင်း ပြန်ဖြေခဲ့ပေမယ့် ပိုပြီး အသေးစိတ်ကျကျ ပြောဆိုဖို့တော့ ငြင်းဆန်သွားပါတယ်။

ဂျာမနီ ကာကွယ်ရေးဝန်ကြီး ဘောရစ္စ ပစ္စတိုးရီးရက်စ်က အမေရိကန် တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းမယ့် ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကြိုမှန်းကြည့်လို့ ရခဲ့တဲ့ ကိစ္စမျိုးလို့ ပြောပါတယ်။ ပြီးတော့ ဂျာမနီ အပါအဝင် ဥရောပမှာ အမေရိကန်တပ်တွေ ဖြန့်ကျက်ထားတာဟာ ဥရောပ တစ်ခုတည်းရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ အမေရိကန်ကိုလည်း အကျိုးရှိစေတယ် ဆိုတာကို မမေ့ဖို့လိုကြောင်း သူက ဆိုပါတယ်။

အီရန်စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်တို့ကြားမှာ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်လာပြီးတဲ့နောက် အမေရိကန်က တပ်တွေ ထုတ်နုတ် ရုပ်သိမ်းမယ့် ကိစ္စကို ဆုံးဖြတ်ခဲ့တာပါ။

ထရမ့်ရဲ့ အမေရိကန် အစိုးရဟာ အီရန်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကိုယ်စားလှယ်တွေ ပညာပြသမျှကို ခံနေရပြီး အရှက်ကွဲနေတယ်လို့ မားဇ်က ဝေဖန်ခဲ့ပြီး မကြာခင်မှာပဲ အမေရိကန်က ဂျာမနီရောက် တပ်ဖွဲ့ဝင် ၅၀၀၀ ဝန်းကျင်ကို ပြန်လည် ခေါ်ယူသွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။