စက်တင်ဘာ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring
ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။
စုစုပေါင်း ၃၂ ဦးသေဆုံးကြောင်း အတည်ပြုထားနိုင်ပြီးကူညီကယ်ဆယ်ရေးလုပ်ငန်း တွေဆက်လက်ဆောင်ရွက်နေရဆဲဖြစ်သလို သေဆုံးမှုစာရင်းဆက်လက်တိုးပွားလာနိုင်တယ်လို့ဖော်ပြထားပါတယ်။
ထားဝယ်ဒေသတစ်ခုလုံးမှာအဆောက်အဦးပေါင်း ၂၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်သေးတယ်လို့ သိရပါတယ်။

Public Service Announcement
ရေအနည်းငယ်ပြန်ကျနေပေမယ့် ဒေသခံတွေ အလျင်စလို ပြန်လည်နေထိုင်တာမပြုလုပ်ကြဖို့နဲ့ မိုင်းအန္တရာယ်ကိုလည်းသတိပြုကြဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံဖက်ကလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့်တနင်္သာရီတိုင်း၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ မြိတ်မြို့နယ်တွေမှာ စက်တင်ဘာလ၂၆ရက်နေ့ကစပြီး ရေဘေးကြုံတွေ့နေတာပါ။ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တိုွဟာ ရေဘေး နဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့ခဲ့ပါတယ်။
ဒါပေမယ့် စက်တင်ဘာလ၂၈ရက်ညနေပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခြင်းမရှိတော့ဘဲ အချို့ဒေသများမှာ ရေအနည်းငယ်ပြန်လည်ကျဆင်းလာပေမယ့် လက်ရှိအခြေအနေဟာပုံမှန် အခြေအနေပြန်လည်ရောက်ရှိလာပြီလို့ မမှတ်ယူဖို့ထားဝယ်အမျိုးသားအဖွဲ့ချုပ်က သတိပေးထားပါတယ်။
ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုကြောင့် မြေသား တွေရွေ့လျားတာ ၊ ရေစီးကြောင်းပြောင်းလဲခြင်းတို့ကြောင့် အရင်ကမတွေ့ခဲ့တဲ့ မြေမြှုပ်မိုင် းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေ ရေစီးနဲ့အတူမျောပါလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
ရေကျပြီးနောက်လမ်းတွေ ၊ခြံဝင်းတွေ၊ လယ်ယာမြေတွေ၊ တောတောင်ဥယျာဥ်ခြံတွေနဲ့ အခြားသောနေရာတွေမှာ သံထည်ပစ္စည်းနဲ့စစ်လက်နက်ပစ္စည်းတွေ သို့မဟုတ် သံသယဖြစ်ဖွယ်ပစ္စည်းတွေ တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း၊ နေရာရွှေ့ပြောင်းခြင်း၊ ဖယ်ရှားခြင်းမပြုလုပ်ဘဲ တပ်ရင်းတပ်ဖွဲ့တွေကိုအသိပေးဖို့ တိုက်တွန်းထားပါတယ်။
လက်ရှိရေဘေးကြုံတဲ့ဒေသတွေဟာ စစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေကပြောပါတယ်။
တစ်မြို့နယ်လုံးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်ဖို့ အကန့်သတ်တွေရှိနေပေမယ့် အန္တရာယ်ရှိနိုင်တဲ့ ကျေးရွာတွေကပြည်သူတွေကို ဘေးကင်းနေရာသို့ ရွှေ့ပြောင်းပေးပြီး လိုအပ်တဲ့ အကူအညီတွေပေးနေတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ရေကြီး၊တောင်ပြိုအန္တရာယ်ရင်ဆိုင်နေရတဲ့ ကျေးရွာတွေမှာ အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေအနေနဲ့ အကူအညီလိုအပ်ရင် ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။
လောင်းလုံးနဲ့သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်မှာ ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၉ ရက်ညနေပိုင်းအထိ တောင်မြေပြိုမှုတွေဆက်ရှိနေပြီး အခက်အခဲတွေကြားကနေ ကူညီကယ်ဆယ်ရေးလုပ်ပေးနေတယ်လို့ အရပ်ဖက်အဖွဲ့အချို့ကပြောပါတယ်။ဒေသအသီးသီးကပရဟိတအဖွဲ့တွေအနေနဲ့လည်း ထားဝယ်ဒေသကိုလာရောက်ကူညီကြဖို့ မေတ္တာရပ်ခံထားကြပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ရေဘေးနဲ့မြေပြိုမှုဘေးဟာ ဒေသခံတွေအတွက် ထိခိုက်ဆုံးရှုံးမှုအလွန်ကြီးမားခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်တယ်လို့ဒေသခံတွေကပြောပါတယ်။
“တစ်ရွာလုံး မြေပြင်ကြီးဖြစ်သွားတဲ့ရွာတွေလည်းရှိတယ်။သေဆုံးသူဦးရေသေချာပေါက်တိုးလာမှာပါ။ မူလအခြေအနေပြန်ရဖို့မလွယ်တော့ဘူး”လို့လောင်းလုံး မြို့ဒေသခံတစ်ဦးကပြောပါတယ်။



















































