အောက်တိုဘာ-၁၃၊၂၀၂၆။ကတ်သရင်း/ People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်မှာ စစ်တပ်က ထုံးကြီးနယ်မြေရဲစခန်းကနေ ကျွန်းရွာတွေဘက်ကို သင်္ဘောနဲ့စစ်ကြောင်းထိုးဖို့ဆင်းလာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ဦး သေဆုံးပြိး ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ရက် နေ့လည်ပိုင်းမှာ ထုံးကြီးရွာရဲစခန်းကနေ စစ်တပ်က သင်္ဘောနဲ့အောက်စုံဆင်းလာစဉ် ဆင်ကျွန်းရွာအနီးမှာ တော်လှန်ရေးတပ်တွေရဲ့ စောင့်ကြိုပစ်ခတ်ခြင်း ခံရပြီး သင်္ဘော ကမ်းမကပ်နိုင်ပဲ ထုံးကြီးရွာဘက်ကို ပြန်ဆန်သွားရတယ်လို့ သိရပါတယ်။
“တော်တော်ကြာ တိုက်ပွဲဖြစ်လိုက်တယ်။ သင်္ဘောက အထိနာတာ ပေါ့။ဒီကကုန်း ပေါ်ကစောင့်ပစ်ကြတာ လေ။အဲတာအပြီး စစ်သားနှစ်ယောက် သေပြီး ဒဏ်ရာရလည်းများတယ်။ကမ်းမကပ်နိုင်ဘူး။လှည့်ပြန်သွားရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement
သင်္ဘောပြန်ကပ်သွားပြီးနောက် စစ်တပ်က ဆင်ကျွန်း၊ဟင်္သာကြီးရွာတို့ကို လက်နက်ကြီး၊ဒရုန်းတွေနဲ့ တနေ့လုံးပစ်ခတ်နေတယ်လို့ သိရပါတယ်။
“ထုံးကြီး၊ကျွန်းကြီး၊လက်ပန်လှကနေ အကုန်ရမ်းသမ်းပစ်နေတာ။မ နေ့ကလည်း တနေ့လုံးကို ပစ်နေတာ။ကင်းထောက်ဒရုန်းတွေလည်း တဝီဝီနဲ့ဝဲနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထုံးကြီးရွာရဲစခန်းဟာ ဒေသခံကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးကြဲတာ၊လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဇွန်၊ဇူလိုင်နဲ့ ဩဂုတ်အတွင်းမှာ ကလေးငယ်တွေရဲ့ မိခင်တွေအပါအဝင် ပြည်သူ ၅ဦး ထပ်မနည်းသေဆုံးခဲ့ပါတယ်။



















































