နိုဝင်ဘာ-၁၀၊၂၀၂၆။ခိုင်မြတ်/People’s Spring
တရုတ်စီမံကိန်းတွေရှိတဲ့ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ဦးရေတပ်စခန်းဝန်းကျင်နဲ့ မင်းတက်တောင်လမ်းဆုံအနီး သိုင်းချောင်းဝန်းကျင်တို့မှာ စစ်တပ်စခန်းတွေကို အာရက္ခတပ်တော်(AA)ကတိုက်ခိုက်နေပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။
တောင်မော်ဦးရေတပ်စခန်းရဲ့ ကာကင်းတွေနဲ့ သိုင်းချောင်းဝန်းကျင်ရှိ စစ်တပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက် ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်နေကြတာလို့ သိရပါတယ်။
“မနေ့ညကတိုက်ပွဲတော်တော်ပြင်းတယ်။ တောင်မော်ဦးရေတပ် အဓိကကာကင်း အ၀တောင်နားမှာအပြင်းအထန်ဖြစ်နေတယ်။ စနဲဘက်ကို စစ်တပ်ကထွက်မရအောင် ပိတ်တိုက်နေကြတာပါ။ဒီနေ့လည်း ကြိုကြားကြိုကြားတိုက် ပွဲရှိတယ်”လို့ AA နဲ့ နီးစပ်တဲ့ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement
AAဟာအ၀တောင်ရွာရဲ့တောင်ဘက်နဲ့ အရှေ့ဘက်ရှိကာကင်းတွေကိုတိုက်ခိုက်နေတာဖြစ်ပြီးအဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က လက်နက်ချအညံ့ခံလာသူတွေ ရှိနေတယ်လို့ ဆိုပါတယ်။ “တိုက်ပွဲမှာ ထက်ဝက်လောက်က ပစ(ပြည်သူစစ်)တွေ၊ အလင်းဝင်ကြတာများတယ်။ အလင်းဝင်လာတာလည်း ကလေးတွေချည်း၊ ၁၅၊ ၁၆ တွေ တောင်ပါတယ်။ ပြီးရင် ထွက်ပြေးကြတယ် ဒီကောင်တွေ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
AAဟာတောင်မော်ဦးတိုက်ပွဲအတွင်းစစ်တပ်ရဲ့ကာကင်းစခန်းနှစ်ခုကိုသိမ်းပိုက်ထားပြီး စစ်တပ်အလောင်းနဲ့အရှင်ဖမ်းမိသူအရေအတွက်ဟာလည်း ဆယ်ချီရှိပြီဖြစ်ကာ ကာကင်းစခန်းအနည်းငယ်သာကျန်တော့တယ်လို့ စစ်ရေးနီးစပ် သူတွေက ပြောပါတယ်။
ဒါ့အပြင် ကျောက်ဖြူမြို့ပေါ်တပ်ရင်းတွေနဲ့ အမှတ်(၃၂)ရဲတပ်ရင်းတို့ကနေ ဓည၀တီရေတပ်ဌာနချုပ်ဆီသွားရာလမ်းဆုံ မင်းတက်တောင်လမ်းဆုံအနီး ဇိုင်ချောင်း၊ သိုင်းချောင်းရွာတဝိုက်မှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။
မင်းတက်တောင်လမ်းဆုံကို လက်လွှတ်ထားရပြီး ကုန်းကြောင်း ဆက်သွယ်ရေးပြတ်တောက်နေတဲ့စစ်တပ်ဟာ ဇိုင် ချောင်း၊ သိုင်းချောင်းတို့ကနေ မင်းတက်တောင်ဘက်ဆီ ထိုးစစ်ဆင်ဖို့ကြိုးစားလာတာကြောင့် တိုက်ပွဲဖြစ်နေတာ လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလို တိုက်ပွဲပြင်းထန်နေချိန် စစ်တပ်ဟာ ကျောက်ဖြူမြို့အနီး၊ မင်းပြင်ရွာအနီး၊ ရမ်းဗြဲမြို့နယ် ကျောက်နီမော်၊ မင်းကြောင်းချောင်းအနီးပင်လယ်ပြင်တို့မှာ စစ်သင်္ဘောတွေတိုးချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“နေဗီတွေ တိုးချထားတယ်။အင်အားကတော့ တော်တော်ကို ဖြည့်လာတာ။ သိရသလောက်တောင် ကျောက်ဖြူတ ကြောမှာ နေဗီ ခုနစ်စီး၊ ရှစ်စီးလောက်ရှိတယ်” လို့ စစ်ရေးနဲ့နီးစပ်တဲ့ ကျောက်ဖြူဒေသခံနောက်တဦးက ပြောပါ တယ်။
စစ်တပ်ဟာ ရေပြင်မှာ အင်အားဖြည့်ထားပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို တိုက်ပွဲဖြစ်နေတဲ့နေရာတွေကို လည်း ဂျိုင်ရိုကော်ပတာ၊ ဆူဆိုက်ဒရုန်း၊ တိုက်လေယာဉ်တို့နဲ့ ဗုံးကြဲတာတွေလည်း ဆက်တိုက်လုပ်နေတယ်လို့ ဆို ပါတယ်။
“အင်အားလည်း တော်တော်ဖြည့်ထားတယ်။ လေကြောင်းလည်း တော်တော်သုံးလာတယ်။ လေကြောင်းကို အား ထားနေရတဲ့သဘောပါပဲ” လို့ တောင်မော်ဦးရေတပ်စခန်းအနီးရှိ ကျောက်ဖြူမြို့နယ်၊ စနဲဒေသခံတဦးက ပြောပါ တယ်။
ဒါ့အပြင်စစ်တွေမြို့နယ်မှာလည်း တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး AA က တပ်စခန်းတွေ ဆက်တိုက်သိမ်းယူနေပါတယ်။AAကကျောက်ဖြူနဲ့ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို တပြိုင်နက်တည်းထိုးစစ်ဆင်နေပေမယ့် စစ် တွေမြို့ကို အရင်သိမ်းပိုက်ပြီးမှ ကျောက်ဖြူမြို့နယ်အတွင်းက စစ်တပ်စခန်းတွေကို အရှိန်အဟုန်မြင့်ထိုးစစ်ဆင် လာနိုင်တယ်လို့ ရခိုင်ဒေသခံစစ်ရေးလေ့လာသူတဦးက သုံးသပ်ပါတယ်။
“စစ်မျက်နှာအများကြီးနဲ့ ကစားနေတယ်လို့ မြင်တယ်။ ဒီကြားထဲ စစ်တွေကိုတော့ ဖြစ်အောင်သိမ်းလိမ့်မယ်။ ပြီးမှအပြောင်းအလဲတခုခုဖြစ်လာမှာ။ ကျောက်ဖြူကိုတော့ စစ်တွေသိမ်းပြီးမှ တိုက်ပွဲအရှိန်မြင့်မယ်၊ လုံး၀မသိမ်းဘဲတော့ မထားဘူး” လို့ သူ့အမြင်ကိုပြောပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ခလရ ၃၄၊ ခမရ ၅၄၃၊ ခမရ ၅၄၂၊ အမှတ်(၃၂)ရဲတပ်ရင်း၊ တောင်မော်ဦး ရေတပ်၊ ဓည၀တီရေတပ်ဌာနချုပ်၊ အုံးကျွိန်ရေတပ်တို့ အခြေစိုက်ပြီး စစ်တွေမြို့နယ်မှာ စစ်တပ်ရဲ့ ဒေသကွပ်ကွဲမှု စစ်ဌာနချုပ်၊ ထောက်ပို့တပ်ရင်းတွေအပါအဝင် အခြေစိုက်တပ်ရင်း ၂၀ ဝန်းကျင်ရှိပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေအပြင် ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း ၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး ထိုးစစ်ဆင်နေခဲ့တာ နှစ်လကျော်ရှိပြီဖြစ်ပါ တယ်။ နှစ်လကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး ခုခံစစ်က နေ ယခုအခါ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ သတင်းမှားတွေနဲ့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၃ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ ပေါက်တောမြို့နယ်အတွင်းက ၁ ခု၊ မင်းတုန်း မြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်း တပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်း ရာနဲ့ချီရှိနေပြီဖြစ်တယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။




















































