နိုဝင်ဘာ-၁၂၊၂၀၂၆။ခိုင်မြတ်/People’s Spring
ရခိုင်တိုက်ပွဲတွေမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်က ဒီနေ့ ည ၈ နာရီခွဲကျော်မှာ မြောက်ဦးမြို့ပေါ်ရပ်ကွက် နဲ့ ကျောက်တော်မြို့နယ်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၁၂ ရက်ည ၈ နာရီ ၄၉ မိနစ်ခန့်မှာ မြောက်ဦးမြို့ထဲကို ဗုံးတလုံးနဲ့ ကျောက်တော်မြို့နယ် ထဲကကျေးရွာကို ဗုံးတလုံးဗုံးကြဲ ခဲ့တာလို့ သိရပါတယ်။ “မြောက်ဦးမြို့ထဲမှာတလုံးကျတယ်။ အတိအကျတော့ မသိရသေးဘူး။ ကျောက်တော်မြို့နယ်ကိုလည်း တလုံး ချသွားတယ်၊ ဘယ်ဖက်လဲမသိရသေး” လို့ မြောက်ဦးမြို့မှာ နေထိုင်သူတဦးက ပြော ပါတယ်။
စစ်တပ်ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူသေဆုံးထိခိုက်သူရှိ၊မရှိကိုတော့မသိရသေးပါဘူး။

Public Service Announcement
“အပြင်မထွက်ရဲသေးဘူး။လေယာဉ်က ပြန်သွားတာ မကြာသေးဘူး၊ ထပ်လာရင်လာနိုင်သေးတယ်” လို့မြောက်ဦးမြို့မှ ဒေသခံတဦးက ပြောပါတယ်။
စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ညကလည်းမြောက်ဦးမြို့နယ်၊နန်းကျားရွာထဲကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး သေဆုံးပြီး အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးထက်မနည်း ဒဏ်ရာရပါတယ်။
ဒါ့အပြင်စစ်တပ်ကနိုဝင်ဘာ ၁ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်ရှိ သားဖွားဆေးရုံကို ဗုံးကြဲခဲ့တာ ကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် ၅ ဦးသေဆုံးပြီး ၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါသေးတယ်။
မြောက်ဦး၊ သားဖွားဆေးရုံဗုံးကြဲခဲ့တဲ့ နိုဝင်ဘာ၁ရက်နေ့မှာပဲစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမပေါ် ဝါး တောင်ရွာအနီးရှိ ယိုးချောင်းတံတားကိုလည်း ဗုံးကြဲချိုးဖျက်ခဲ့ပြီး အဲဒီဝန်းကျင်ရှိ ပြည်သူတွေနဲ့ ခရီးသွား ပြည်သူ ၇ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ပေါက်တောမြို့နယ်၊ရွာချောင်းကြီး၊ ကျောက်ဖြူမြို့နယ် စနဲမင်းပြင်ရွာတို့ကိုလည်း ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာခဲ့ပါတယ်။
အကြမ်းဖက်ဖက်ဆစ်စစ်တပ်ရဲ့ မြောက်ဦး သားဖွားဆေးရုံဗုံးကြဲတဲ့ ဖြစ်ရပ်ဟာလူ့သမိုင်းတလျှောက်မှာ အဆိုးရွားဆုံးနဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်ရပ်ဆိုးတွေထဲကတခုဖြစ်ပြီး ဗုံးကြဲမှုမှာ ပါဝင်သူတယောက်ချင်းစီကို လက်တုံ့ ပြန် သွားမယ်လို့ အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပေါက်တောမြို့နယ်ငပြီကျွန်းကမ်းတက်တိုက်ပွဲ၊စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့အတွင်းက တိုက်ပွဲတွေမှာ အထိနာအကျအဆုံးများပြီး တပ်စခန်းတွေ လက်လွှတ်နေရချိန် အခုလို အရပ်သားလူနေကျေးရွာ တွေကိုပါ မချန်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်က ၄၉၂၆ စစ်ဆင်ရေးဆိုပြီးစခဲ့တဲ့စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၅ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၂၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၁၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။





















































