နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာကျင်းပတဲ့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR)ရဲ့ ဖိုရမ်ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုတွေ အကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။
APHR ရဲ့ (၈) ကြိမ်မြောက် နှစ်ပတ်လည်အဖွဲ့ဝင်ဖိုရမ်ကို နိုဝင်ဘာ ၂၂ရက်က ကျင်းပခဲ့တာပါ။
အဲဒီဖိုရမ်မှာ CRPH ကိုယ်စားလှယ်အဖွဲ့ က CRPH ရဲ့ လက်ရှိလွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကိုလည်း ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများ၊ ပြည်နယ်၊ ဖက်ဒရယ်ယူနစ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြခဲ့သလို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ ဖွဲ့စည်းမှု၊ နိုင်ငံရေးရည်မှန်းချက်တွေနဲ့ မူဝါဒတွေ အကြောင်း တင်ပြကာ SCEF နဲ့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
CRPH ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့နဲ့အတူ ပူးပေါင်းပြီး ၂၀၂၆ မတ်လမှာ SCEF ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ဟာ SCEF အဖွဲ့ဝင်တွေ အနေနဲ့ စစ်ရေး နိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျအောင် တိုက်ခိုက်သွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
CRPH ရဲ့ အခုထုတ်ပြန်ချက်မှာ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေး၊ မြန်မာပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာရောက်ရှိရေးနဲ့ အာဆီယံနိုင်ငံများအနေဖြင့် ပိုမိုထိရောက်စွာ ပါဝင်ဆောင်ရွက်ပေးရေးတို့ကိုလည်း ဆွေးနွေးတင်ပြခဲ့ဟု ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား မတရားဖမ်းဆီးခံထားရသူများအား ချက်ချင်းပြန်လည်လွှတ်ပေးရေးအတွက် APHR အနေဖြင့် ဆက်လက်တိုက်တွန်းပေးရန် တောင်းဆိုခဲ့ကြောင်း အသိပေးထားပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က CRPH ကို မြန်မာနိုင်ငံအတွက် အဓိက ဆွေးနွေးဖက်အဖြစ် ဆက်လက်အသိအမှတ်ပြုထားမှုကို မျှဝေခဲ့ပြီး အာဆီယံပါလီမန်များညီလာခံ (AIPA)၊ ဒေသတွင်းလွှတ်တော်များနဲ့ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်ရေး APHR က ကူညီပေးဖို့ တိုက်တွန်းခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။
CRPH ကိုယ်စားလှယ်အဖွဲ့ရဲ့ ရှင်းလင်းတင်ပြမှုမှာ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးနဲ့ အကာအကွယ်ပေးရေး၊ နေရပ်စွန့်ခွာအမျိုးသမီးများနဲ့ မိန်းကလေးငယ်များရဲ့ အခြေအနေ၊ မသန်စွမ်းသူများရဲ့ အခွင့်အရေးနဲ့ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရတဲ့ ကလေးသူငယ်များရဲ့ ပညာရေးအခွင့်အရေး စတာတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုအစီရင်ခံစာတွေကို အနှစ်ချုပ်တင်ပြခဲ့ကြောင်း ဖော်ပြပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခအား ဖြေရှင်းနိုင်ရေးအပါအဝင် အကူအညီလိုအပ်နေသည့် ပြည်သူလူထုအတွက် အကူအညီများရရှိနိုင်ရေးကို လွှတ်တော်ရေးရာသံမတန်လမ်းကြောင်းမှတစ်ဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ပါတယ်။



























































