နိုဝင်ဘာ ၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်ရဲ့ (၂၀)ကြိမ်မြောက်ကွန်ကရက်ကို ကော်သူးလေ အုပ်ချုပ်နယ်မြေ တနေရာမှာ ကျင်းပခဲ့ရာ ခရိုင်ခေါင်းဆောင်များ ရွေးကောက်တင်မြှောက်မှု ပြုလုပ်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
KNU မြိတ်ထားဝယ်ခရိုင် ကွန်ကရက်ကို နိုဝင်ဘာ ၂၃ရက်ကနေ ဒီကနေ့ နိုဝင်ဘာ ၂၆ရက်ထိ ကျင်းပခဲ့တာဖြစ်ပါတယ်။
” ထိပ်ပိုင်းခေါင်းဆောင်အပြောင်းအလဲမရှိဘူးကော်မတီဝင်တွေတော့ အပြောင်းအလဲရှိတယ်။ ဌာနမှူးတွေလည်း အပြောင်းအလဲ နည်းနည်းရှိတယ်။ ကြီး ၄ကြီးတော့ မပြောင်းဘူး”လို့ KNU မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
ရွေးကောက်တင်မြှောက်မှုကို လျှပ်စစ်မဲစနစ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပထမဦးစွာ ဦးဆောင်အမြဲတမ်းကော်မတီဝင် ၃၁ဦး ရွေးချယ်ကာ ဒီအထဲက ခရိုင်ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ကြောင်း ရှင်းပြပါတယ်။ အဲဒီနောက် ကျန် ၃၀ဦးထဲက အတွင်းရေးမှူးရွေးချယ်ခဲ့ပြီး ကျန် ကော်မတီဝင်တွေထဲက တွဲဖက်အတွင်းရေးမှူး ဆက်လက် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် တရားသူကြီး ဆက်လက် ရွေးချယ်ခဲ့ကြောင်း ရှင်းပြပါတယ်။ KNU ခရိုင် ဒုဥက္ကဋ္ဌ တာဝန်တွေကိုတော့ သက်ဆိုင်ရာ ခရိုင်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာမှူးတွေက တာဝန်ယူတာဖြစ်ပါတယ်။
ရွေးချယ်ခံရတဲ့ KNU မြိတ်ထားဝယ်ခရိုင် ခေါင်းဆောင်တွေကတော့ ခရိုင်ဥက္ကဌ အဖြစ်ပဒိုစောဖလို့စိုးဝင်း၊ ခရိုင်ဒု-ဥက္ကဌ အဖြစ် ဗိုလ်မှူးချုပ် စောလေးထော၊ ခရိုင်အတွင်းရေးမှူး အဖြစ် ပဒိုစောအယ်နား ၊ ခရိုင်တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောဘိုးဘိုးခင်မောင် တို့ ဖြစ်ကြောင်း မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
ခရိုင်တရားသူကြီးအဖြစ် ပဒိုနော်အယ်ဆဲတိုး ရွေးချယ်ခံရပြီ မြိတ်ထားဝယ်ခရိုင်ရဲ့ ဌာနဆိုင်ရာ အသီးသီးရဲ့ ဌာနမှူးများကိုလည်း ရွေးချယ်ခန့်အပ်ခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်ရဲ့ ကွန်ကရက်ကို KNU ဗဟိုခေါင်းဆောင်များဖြစ်တဲ့ ဒု ဥက္ကဌ ပဒိုစောဆဲဂေး၊ KNU ဗဟိုအမြဲတမ်းကော်မတီဝင် ဒုတိယဗိုလ်မှူးကြီးစောဘူးသော၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ KNU ဒူးပလာယာခရိုင် ခရိုင်ဥက္ကဌ ပဒိုစောလေးစတာ၊ K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောလေးတရော၊ K.N.D.O ကရင်အမျိုးသားကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ၊ K.N.L.A တပ်မဟာ(၆)ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးစောတီးတူး၊K.N.L.A တပ်မဟာ(၆) တပ်ရင်း(၁၆)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောရွှေဝင်း၊ ဒူပလာယာခရိုင် ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောဆဲနေကော် တို့ တက်ရောက် အကြံပေးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။



























































