ယူကရိန်းကို ကျူးကျော်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပေးထားတဲ့ အကြောင်းပြချက် တစ်ခုကို သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ဘီလားရုစ် အလက်ဇန္ဒား လူကာရှန်ကိုက ဝေဖန် မေးခွန်းထုတ်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နေ့တုန်းက အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲဖို့ အမိန့်ပေးခဲ့ရာမှာ ပူတင်က ယူကရိန်း နယ်မြေတွေဟာ တစ်ချိန်တုန်းက ရုရှားပိုင်နက် ဖြစ်ခဲ့တယ် ဆိုတာကို အကြောင်းပြချက် တစ်ခုအဖြစ် ထည့်သွင်း ရည်ညွှန်းခဲ့ပါတယ်။
အခုသီတင်းပတ်ထဲမှာ ပြင်သစ် မဂ္ဂဇင်း Le Pointနဲ့ အင်တာဗျူး လုပ်ခဲ့ရာမှာတော့ လူကာရှန်ကိုက အလယ်ခေတ် သမိုင်းကြောင်းတွေအကြောင်း ပြန်ပြောပြီး နယ်မြေပိုင်ဆိုင်မှုတွေ တောင်းဆိုနေတာက သင့်တော်မှု မရှိတော့ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။
အဲဒီသဘောတရားကို ကိုင်ဆွဲမယ်ဆိုရင် တစ်ချိန်က မွန်ဂိုလီးယားပိုင်နက် ဖြစ်ခဲ့တဲ့ ရုရှားနိုင်ငံကို မွန်ဂိုလီးယားဆီ ပြန်ပေးမှာလားလို့ လူကာရှန်ကိုက မေးခွန်းထုတ်ခဲ့ပါတယ်။ ၁၃ ရာစုကနေ ၁၅ ရာစုနှစ် ကာလအတွင်း ရုရှားနိုင်ငံ နယ်နိမိတ်ဟာ မွန်ဂိုမျိုးနွယ်စုတွေရဲ့ ပိုင်နက်ထဲမှာ ရှိနေတာကို သူက ထောက်ပြခဲ့ပါတယ်။

Public Service Announcement
လက်ရှိ ရုရှားပိုင်နက်ဟာ ရှေးပဝေသဏီ ကတည်းက ရုရှားလူမျိုးတွေရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ရှိနေတယ်လို့ ပြောနေပေမယ့် ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆန်းစစ်ကြည့်ရင် တစ်ချိန်တုန်းက မွန်ဂို-တာတာတွေရဲ့ လက်အောက်ခံ ဖြစ်ခဲ့တာကို သတိရဖို့ လိုကြောင်း၊ ဒီတော့ ရုရှားတစ်နိုင်ငံလုံးကို မွန်ဂိုတွေဆီ ပြန်ပေးမှာလားလို့ လူကာရှန်ကိုက ဆိုပါတယ်။
အရှေ့ဆလက်ဗ် မျိုးနွယ်စုတွေဟာ ခေတ်သစ် ယူကရိန်းနိုင်ငံ တည်ရှိရာ ဧရိယာမှာ ၁၁ ရာစုနဲ့ ၁၂ ရာစုတွေအတွင်း ပေါ်ပေါက်လာခဲ့ကြောင်း၊ နောက်ပိုင်းမှာ ရုရှားက ထိန်းချုပ်ခဲ့တဲ့ သမိုင်းဖြစ်စဉ်တွေကို ကိုးကားပြီး ဒီနေ့ခေတ် လွတ်လပ်တဲ့ နိုင်ငံတွေအပေါ် ပိုင်ဆိုင်မှုကို တောင်းဆိုလို့ မရနိုင်ကြောင်းလည်း လူကာရှန်ကိုက ပြောပါတယ်။
ဒါပေမဲ့ အင်တာဗျူးထဲမှာ သူက ပူတင်ကို တိုက်ရိုက် ဆန့်ကျင်တဲ့ အဓိပ္ပါယ်မျိုး မဖြစ်အောင် စကားကို ထိန်းထိန်းသိမ်းသိမ်း ဆက်ပြောသွားခဲ့ပြီး ပူတင်ကိုယ်တိုင်က ဒီအချက်တွေကို ကောင်းကောင်း နားလည်ထားပြီး ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ပြီးတော့ ပူတင်ပြောဆိုတဲ့ စကားတွေကို လူအများက အဓိပ္ပါယ် အကောက်အယူ လွဲနေတာ ဖြစ်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။
တကယ်ဆိုရင် ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းလူမျိုးရဲ့ ဖြစ်တည်မှုကို ပူတင်က ငြင်းပယ်နေတာ မဟုတ်ဘူးလို့လည်း ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ သတ်မှတ်ခံထားရသူ ဘီလားရုစ် သမ္မတက အခိုင်အမာ ဆိုပါတယ်။ ပြီးတော့ ဒေသတွင်းက ပြည်သူတွေအတွက် ဘုံအနာဂတ် တစ်ခုရှိဖို့ လိုတယ်ဆိုတဲ့ ရုရှားအစိုးရရဲ့ သဘောထားကိုလည်း လူကာရှန်ကိုက ထောက်ခံသွားခဲ့ပါတယ်။
ယူကရိန်းရဲ့ အစိတ်အပိုင်း တချို့ဟာ သမိုင်းကြောင်း အစဉ်အဆက်အရ ရုရှားပိုင်နက် ဖြစ်ခဲ့တယ် ဆိုတာကို ပူတင်က ကျူးကျော်စစ်ပွဲ မစတင်ခင် ကတည်းက အလေးအနက် ဖိဖိစီးစီး ပြောဆိုလာခဲ့ပါတယ်။ ပူတင်နဲ့ ကရင်မလင် နန်းတော်တို့က ယူကရိန်းဟာ လွတ်လပ်တဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခွင့် မရှိသလိုမျိုး ဝါဒဖြန့် ပုံဖော်ခဲ့သလို ကျူးကျော်စစ်ပွဲကိုလည်း သမိုင်းကြောင်းအရ ဖြစ်လာတဲ့ မမျှတမှု တစ်ခုကို ပြန်လည် ပြင်ဆင်တဲ့ အားထုတ်မှုလို့ အကြောင်းပြချက် ပေးခဲ့ကြပါတယ်။
ကိုးကား: Euronews

























































