စစ်ကောင်စီတပ်မှ နှစ်ထောင်ကျော်သေဆုံးပြီး KNU တပ်ဖွဲ့ဝင် ၄၂ဦးကျဆုံး
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက် ခံတပ်များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်များ အကြား ၂၀၂၁အတွင်းက တိုက်ပွဲ သုံးထောင်ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် သေဆုံးကာ ၂,၀၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။
KNU ကော်သူးလေထိန်းချုပ်နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီ၏ တပ်များနှင့် ၎င်းတို့၏ လက်အောက် ခံတပ်များက တပ်အင်အားတိုးချဲ့မှု နှင့် နယ်မြေစိုးမိုးမှုများကို အစဥ်တစိုက်ပြု လုပ်နေသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြည်သူလူထုအပေါ် ပုံစံမျိုးစုံဖြင့် ဖိနှိပ် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့၍ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တို့နှင့် နေ့စဥ်ထိတွေ့ ပစ်ခတ်မှုများ ဖြစ်ခဲ့သည်ဟုဆိုသည်။
KNU တပ်မဟာနှင့်ခရိုင် ခုနစ်ခုရှိသည့်အနက် တပ်မဟာ (၇) ဘားအံခရိုင်မှ အပကျန် တပ်မဟာနှင့် ခရိုင်ခြောက်ခု၏ နယ်မြေများ၌ တိုက်ပွဲများဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
ပြီးခဲ့သည့် တစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများမှာ ဒူးသထူခရိုင်၊ တပ်မဟာ(၁)ထိန်းချုပ်နယ်မြေအတွင်းတွင် ၂၄၉ ကြိမ်၊တောင်ငူခရိုင် တပ်မဟာ (၂)ထိန်းချုပ်နယ်မြေအတွင်းတွင် (၅၀) ကြိမ်ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထိန်းချုပ်နယ်မြေအတွင်းတွင် ၁၀၀ကြိမ်၊ မြိတ်ထားဝယ်ခရိုင် တပ်မဟာ(၄) ထိန်း ချုပ်နယ်မြေအတွင်းတွင် ကိုးကြိမ်၊မူတြော်ခရိုင် တပ်မဟာ(၅)ထိန်းချုပ်နယ်မြေအတွင်းတွင် ၂,၆၉၆ကြိမ် နှင့်ဒူးပလာယာခရိုင် တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းတွင် ၅၂ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် KNU တပ်မဟာ ခြောက်ခု၏ နယ်မြေများ၌ ထိတွေ့ပစ်ခတ်မှု ၃,၁၅၂ကြိမ်ဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ ၂,၁၉၀ဦး သေဆုံးကာ ၂,၀၄၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။ KNLA နှင့် KNDO တို့ တပ်ဖွဲ့ဝင် ၄၂ဦး ကျဆုံးခဲ့ပြီး ၁၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် ပြည်သူလူထုများ နေထိုင်ရာကျေးရွာအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်ခဲ့၍ ပြည်သူ လူထုများ ထိခိုက်သေဆုံးမှုများရှိခဲ့သည့်အပြင် နေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များကို ထိခိုက်ပျက်စီး သေဆုံးမှုများရှိခဲ့ကြောင်း ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင် မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် အာဏာသိမ်းစစ်ကောင်စီမှ လေယာဉ်ကို အသုံးပြု၍ ပြည်သူလူထုများနေထိုင်ရာ နေရာဒေသများသို့ ဗုံးကြဲ ပစ်ခတ်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူ လူထုများ ထိခိုက် သေဆုံးမှုလည်းရှိခဲ့ကြောင်း KNUက ထုတ်ပြန်သည်။
ထိုသို့ ဗုံးကြဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူလူထု ၃၁ဦးသေဆုံးပြီး ၈၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထား သည်။ တိုက်ပွဲများကြောင့် ပြည်သူလူထုပေါင်း ၅၀,၀၀၀ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အခက် အခဲအမျိုးမျိုးနှင့်လည်း ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုလည်း ထုတ်ပြန်သည်။


















































