ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ဖာပွန်မြို့ပြင်ရှိ ခမရ (၄၃၄)တပ်အား ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၄ရက် နံနက် ၆နာရီ ၄၀မိနစ်ခန့်က ပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ဖော်ပြသည်။
ယနေ့နံနက် ၁၀နာရီခန့်တွင်မူ စစ်ကောင်စီပ်၏ မထော အခြေစိုက် ခမရ(၄၀၇)တပ်ဖွဲ့များက မထောကျေးရွာအတွင်း လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်ခဲ့၍ ပြည်သူလူထုများစိုးရိမ်ထိတ်လန့်နေရကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီ ၁၃ရက်)ကလည်း စစ်ကောင်စီတပ်၏ တေင်သုံးလုံးစခန်းက မထောကျေးရွာအုပ်စုရှိ တာဟုဒဲရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။ ယင်းသို့ ပစ်ခတ်မှုအပြီး နာရီပိုင်းအကြာတွင် KNU တပ်မဟာ(၅)သည် တောင်သုံးလုံးစခန်းနှင့် ၂၁မိုင်ကြားတွင် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိခိုက်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သား တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)က ထုတ်ပြန်ထားသည်။

Public Service Announcement
တပ်မဟာ(၅) တပ်ဖွဲ့ဝင်တစ်ဦးလည်း စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်(BGF)က ထောင်ထားသည့် မိုင်းနင်းမိ၍ ယမန်နေ့က ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။


















































