ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်ဟာ ကိုဗစ်ရောဂါ စွဲကပ် ခံစားနေရကြောင်း ဘက်ကင်ဂမ် နန်းတော်က အတည်ပြု ကြေညာလိုက်ပါတယ်။
ဘုရင်မကြီးဟာ တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာ အပျော့စားတချို့ စွဲကပ် ခံစားနေရတဲ့နောက် ဆေးစစ်ကြည့်တဲ့အခါ Positive အဖြေ ထွက်ခဲ့ကြောင်း သိရပါတယ်။ ရောဂါ ဖြစ်နေပေမယ့် ဘုရင်မကြီးဟာ လာမယ့် သီတင်းပတ်တွေအတွင်း သိပ်ပြီး မပင်ပန်းတဲ့ လုပ်ငန်းတာဝန်တွေကို ဆက်ယူထားဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။
ဘုရင်မကြီး အနေနဲ့ လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ခံယူနေပြီး သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလည်း အတိအကျ လိုက်နာသွားမယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။
အသက် ၉၅ နှစ်အရွယ် ဘုရင်မကြီးဟာ နန်းမွေခံ သားတော်ကြီး ချားလ်စ်နဲ့ အနီးကပ် ထိတွေ့မိရာက ရောဂါ ကူးစက် ခံရတာပါ။ ချားလ်စ်လည်း ပြီးခဲ့တဲ့ အပတ်က ဆေးစစ်အဖြေ Positive ထွက်ခဲ့ပါတယ်။ ပြီးတော့ ချားလ်စ်က ကိုဗစ်ရောဂါ ဒုတိယအကြိမ် ဖြစ်ပွားတာပါ။ ချားလ်စ်ရဲ့ ကြင်ရာတော် ကွန်းဝဲလ် နယ်စားကတော်လည်း ဆေးစစ်အဖြေ Positive ထွက်ခဲ့ပါတယ်။
ဘုရင်မကြီးက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီး နောက်ထပ် ဆေးဘယ်နှလုံး ထိုးထားသလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နန်းတော်ကတော့ ကပ်ရောဂါ ကာလမှာ ဘုရင်မကြီးရဲ့ ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ထားကြောင်း ပြောပါတယ်။
ဗြိတိန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်လည်း ကိုဗစ်ရောဂါ ကူးစက်ခံရဖူးပြီး ဆေးရုံတက်ခဲ့ရတဲ့အပြင် အရေးပေါ် ကြပ်မတ်ကုသဆောင် ICUထိ ရောက်ရှိခဲ့ဖူးပါတယ်။