စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူနေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအများဆုံး မြို့နယ်တစ်ခုအဖြစ် မှတ်တမ်းဝင်နေပြီး အိမ်ထောင်စုပေါင်း ၁,၃၀၀ကျော် အိုးမဲ့၊အိမ်မဲ့ ဖြစ်နေပြီဟု Armed Revolution Force K.U က ထုတ်ပြန် သည်။
“အင်တာနက်လိုင်းဖြတ်ခံထားရတာရော မီဒီယာအင်အားနည်းပါးတာရောကြောင့် ပြည်သူလူထုနဲ့ ကမ္ဘာကသိရှိမှု နဲပါးလှပါတယ်။စစ်ကောင်စီ အနေနဲ့ အပြင်းအထန်ခုခံ တဲ့ မြို့နယ်တွေကို ပိုမိုနှိပ်ကွပ်တဲ့အနေနဲ့ ယခုလို မီးအများဆုံးရှို့ထားခြင်းဖြစ်တယ်လို့ယူဆနိုင်ပါတယ်”ဟု အထက်ပါတပ်ဖွဲ့က ရှင်းပြသည်။

လက်ရှိ(မေ ၉ ရက်)အထိ စာရင်းအရ အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့သော ခင်ဦးမြို့နယ် ရွာစဥ်စာ ရင်းအရ အင်းပက်ရွာ မှ ၃၀၅ လုံး၊ငါးတင်းကြီးရွာ ၂၅၀၊သံဘိုရွာ ၂၀၀ နှင့် ရှားလွင်ရွာ မှ ၈၅ လုံးဖြင့် အများဆုံး ဖြစ်သည်။
အလားတူ တပင်ကောင်း၊ပေါက်တုံ၊ကျီးကန် ၊ရွာသာ၊ရွာသစ်ကုန်း၊ဒါန်းကုန်း၊မှန်တော၊ ကျွန်းလည် ၊သက်ပေး၊တမုတ် ၊ကုလားလူးမင်းဝံစိုက်ကွင်း၊မဒေါင်းကြီး၊အုန်းပင်ကုန်း၊ ဂွေးကုန်း နှင့် မြင်းကျကျေးရွာတို့ရှိ နေအိမ်များမှာ မီးရှို့ခံခဲ့ရသည်။

Public Service Announcement

“ကျွန်တော်တို့ မြို့နယ်ကိုအကူညီပေးကြဖို့ အနူးညွတ်တောင်းဆိုပါတယ်”ဟု ARF K.U က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ(၁၅ လ) အတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် ၁၁,၄၁၇လုံး ရှိနေပြီဟု Data For Myanmar က ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် နေပြည်တော်၊ရန်ကုန်၊ဧရာဝတီ၊မွန်ပြည်နယ် နှင့် ရခိုင်တို့မှအပ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားလျှက်ရှိနေသည်။
ထိုအနက် စစ်ကိုင်းတိုင်းတွင် နေအိမ် ၇,၀၀၀ ကျော်၊မကွေးတိုင်း၌ နေအိမ် ၂,၁၀၀ နှင့် ချင်းပြည်နယ်တွင် နေအိမ် ၁,၀၀၀ ကျော်ကို အကြမ်းဖက်စစ်တပ်က မီးရှို့ခဲ့သည်။


















































