မုံရွာမြို့ စီးပွားရေးကတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးအား ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံးသေဆုံးသွားကြောင်း Black Dragon Special Task Forceအဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်) ည၁၀ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်အနီးရှိ ဇလုပ်အဝိုင်းပတ်နားတွင် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သား သုံးဦးအား ညီနောင်မဟာမိတ် (၂)ဖွဲ့ မှ လက်နက်ငယ်များဖြင့် ရှောင်တခင်ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦးလုံး သေဆုံးခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အနီးရှိ စစ်ကောင်စီတပ်သားများက တပ်ကူရောက်လာကာ လက်နက်ငယ်များ၊ (၄၀)မမ ၊(၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် လက်နက်ရရှိမည့်အခွင့်အရေးဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူ့ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Dragon Special Task Force အဖွဲ့က ဆိုသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Black Dragon အဖွဲ့ တာဝန်ရှိသူက “ဒီကောင်တွေ ကင်းပုန်းဝပ်တယ်လို့ သတင်းရလို့ ဝင်ရောက်ပစ်ခတ်တာပါဗျ။ကျွန်တော်တို့ပစ်ပြီးတာနဲ့ တောက်လျှောက်တန်းပစ်တော့တာပါပဲ။ သူတို့ပြန်ပစ်တာ ၁၅မိနစ်လောက်ရှိတယ်။ (၄၀)မမရော (၆၀)မမ ရော လက်နက်ငယ်တွေရော ပြန်ပစ်တာပါ။”ဟု ပြောကြားသည်။

Public Service Announcement
စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။အဆိုပါ စစ်ဆင်ရေးအား Black Dragon Special Task Forceအဖွဲ့နှင့် God Of Monywa People Defense Forceတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။
ပြီးခဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းကလည်း ထိုဇလုပ်အဝိုင်းပတ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်ဆွဲထားသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် လက်လုပ်အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။


















































