Connect with us

Hi, what are you looking for?

ဗီဒီယို

အကျဉ်းသားတွေကို စစ်မြေပြင် စေလွှတ်တာ မမှားကြောင်း ရုရှား ကြေးစားစစ်တပ် အကြီးအကဲပြော

ပရီဂိုဇင်ကတော့ ထောင်သားတွေကို သူ့အတွက် စစ်တိုက်ပေးဖို့ သွားစည်းရုံးခဲ့တဲ့ လုပ်ရပ်ဟာ ဘာအမှားမှ မရှိဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ထောင်ကျနေမယ်ဆိုရင် မိခင် ရုရှားနိုင်ငံအတွက် စစ်တိုက်ပေးပြီး အပြစ်ကြွေးကို ချေဖျက်ခွင့် ရတဲ့အပေါ် အရမ်းဂုဏ်ယူမိလိမ့်မယ်လို့ ပရီဂိုဇင်က ပြောပါတယ်။

အကျဉ်းကျ ရာဇဝတ်သားတွေကို ယူကရိန်း စစ်မြေပြင်ဆီ စေလွှတ်ဖို့ လူသစ်လိုက်စုနေတဲ့ ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲက သူ့လုပ်ရပ်အပေါ် ကာကွယ် ပြောဆိုသွားခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ဆောင်မှု ကုမ္ပဏီ တစ်ခုလို့ နာမည်ခံ ဖွဲ့စည်းထားပေမယ့် Wagner Groupဟာ ရုရှားစစ်တပ်နဲ့ ထဲထဲဝင်ဝင် ပတ်သက်မှုတွေ ရှိနေတဲ့ ကြေးစားတပ်ဖွဲ့ တစ်ခုအဖြစ် လူသိများပါတယ်။ ရုရှားစစ်တပ်ဟာ ယူကရိန်း၊ ဆီးရီးယား၊ အာဖဂန်နဲ့ တခြားစစ်ပွဲတချို့မှာ Wagner Groupရဲ့ ကြေးစားစစ်သားတွေကို ငှားရမ်း စေလွှတ်ခဲ့ဖူးပါတယ်။

မကြာသေးခင် ရက်ပိုင်းမှာတော့ Wagner Groupရဲ့ အကြီးအကဲလည်းဖြစ်၊ သမ္မတ ပူတင်နဲ့ နီးစပ်မှု ရှိသူလည်းဖြစ်တဲ့ ယက်ဗ်ဂန်နီ ပရီဂိုဇင်ဟာ ရုရှား အကျဉ်းထောင် တစ်ခုထဲကို သွားရောက်ပြီး အကျဉ်းသားတွေကို Wagner Groupအတွက် စစ်မှုထမ်းပေးဖို့ စည်းရုံးနေတဲ့ ဗီဒီယိုတစ်ခု ပေါက်ကြားလာခဲ့ပါတယ်။

သူက ရာဇဝတ်မှုနဲ့ အကျဉ်းချခံနေရသူတိုင်းဟာ Wagner Groupမှာ ၆ လကြာ အမှုထမ်းပြီး ယူကရိန်း စစ်မြေပြင်ကို သွားရောက်ပြီးပြီဆိုရင် ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရစေမယ်လို့ ပြောကြားနေတာကို ဗီဒီယို မှတ်တမ်းမှာ ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ ဥပဒေတွေအရ အကျဉ်းကျ တရားခံတွေရဲ့ ပြစ်ဒဏ်ကို စစ်မှုထမ်းပြီး ပယ်ဖျက်ပေးခွင့် မရှိပါဘူး။ ဒါကြောင့် ပရီဂိုဇင်ရဲ့ အာမခံ စကားနဲ့ ပတ်သက်လို့ မေးခွန်းထုတ်စရာတွေ ဖြစ်လာပြီး ရုရှားစစ်တပ်ဟာ ယူကရိန်း စစ်မြေပြင်မှာ အကျအဆုံးတွေ များပြားလို့ လူသစ် အလျင်မီအောင် မဖြည့်တင်းနိုင်ဘဲ ဖြစ်နေတယ်ဆိုတဲ့ အယူအဆကိုလည်း ပိုခိုင်မာသွားစေပါတယ်။

Wagner Groupဟာ ရုရှားတပ်တွေ ခရိုင်းမီးယား ကျွန်းဆွယ်ကို ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ ယူကရိန်း ပိုင်နက်ထဲမှာ ခြေကုပ်ယူ လှုပ်ရှားနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ အခုတော့ ကျူးကျော်သူ ရုရှားတပ်တွေအပေါ် ယူကရိန်းက တန်ပြန် ထိုးစစ်ဆင်လာခြင်းနဲ့အတူ Wagner Groupရဲ့ ကြေးစားစစ်သား ပြုန်းတီးမှုတွေလည်း အခြေအနေ ဆိုးသထက် ဆိုးလာပုံ ပေါ်ပါတယ်။

ပရီဂိုဇင်ကတော့ ထောင်သားတွေကို သူ့အတွက် စစ်တိုက်ပေးဖို့ သွားစည်းရုံးခဲ့တဲ့ လုပ်ရပ်ဟာ ဘာအမှားမှ မရှိဘူးလို့ ဆိုပါတယ်။ သူကိုယ်တိုင်လည်း ထောင်ကျနေမယ်ဆိုရင် မိခင် ရုရှားနိုင်ငံအတွက် စစ်တိုက်ပေးပြီး အပြစ်ကြွေးကို ချေဖျက်ခွင့် ရတဲ့အပေါ် အရမ်းဂုဏ်ယူမိလိမ့်မယ်လို့ ပရီဂိုဇင်က ပြောပါတယ်။

နောက်ပြီး ရုရှားနိုင်ငံသားတွေ အနေနဲ့ ရှေ့တန်း စစ်မြေပြင်ဆီကို ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ၊ အကျဉ်းသားတွေကို လွှတ်ချင်သလား၊ ဒါမှမဟုတ် ကိုယ့်သားသမီးတွေကို လွှတ်ချင်သလား ဆိုတာကို ပြန်စဉ်းစားကြည့်သင့်တယ်လို့လည်း သူက ဆက်ပြောသွားပါသေးတယ်။ သူ့ရဲ့ စကားတွေက Wagner Groupဟာ အကျဉ်းကျ တရားခံတွေကို စစ်မှုထမ်းအဖြစ် လိုက်စုဆောင်းနေတယ် ဆိုတာ ဝန်ခံသလို ဖြစ်နေပေမယ့် ပေါက်ကြားခဲ့တဲ့ ဗီဒီယိုနဲ့ ပတ်သက်လို့တော့ တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အကျဉ်းသားတွေကိုပါ စစ်တိုက်ပေးဖို့ လိုက်ခေါ်နေရပြီ ဆိုကတည်းက ရုရှားဟာ စစ်မြေပြင် စေလွှတ်ဖို့ ခြေလျင်တပ်သားတွေ လျော့ပါး ပြတ်လပ်တဲ့ ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်နေရတာ မြင်သာစေကြောင်း ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။