စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်နက်နှင့်ရိက္ခာပို့ဆောင်သည့် ယာဥ် သွားကြိုသည့် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၎င်းတို့ရမ်းသမ်းပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယနေ့ (အောက်တိုဘာ၁၇ ရက်) နံနက် ၉ နာရီ ၃၃မိနစ်ခန့်က ရေဦးမြို့မှ မိုးကာအုပ်စစ်ကောင်စီ ယာဥ်တစ်စီးသည် ရေဦး – ခင်ဦးနယ်စပ် မူးတိမ်ချောင်းတံတားရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများထံ လက်နက်နှင့် စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်ခဲ့သည်။
ခင်ဦးမြို့နယ် ရွာသစ်ကုန်းနှင့် မူးတိမ်ချောင်းတံတားမှ စစ်ကောင်စီတပ်များသည် လမ်းပိုင်းလုံခြုံရေးအတွက် အင်းပတ်ကွေ့၊ သရက်ပင်စု၊ မြင်းဒေါင်းကျေးရွာ လမ်းပိုင်းတစ်လျှောက်ထွက်လာရာ လမ်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသေအပျောက်မသိရသေးကြောင်း၊ စစ်ကောင်စီတပ်နှင့်ပျူများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သရက်ပင်စု ကျေးရွာမှ အသက်၅၀ကျော် အရွယ် အမျိုးသမီး တစ်ဦး လက်နက်ငယ်ထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
“ခင်ဦးနယ် အနောက်ခြမ်း ရွာသစ်ကုန်းက စခနဲ့ပျူတွေ သရက်ပင်စုရွာအနီးမှာ (၄၀)မမတွေ ပစ်ခတ်ပြီး မြင်းဒေါင်းဘက် ဦးတည်ထွက်လာတာ မိုင်းဆွဲခံရတယ်။ သေနတ်တွေနဲ့ အဆက်မပြတ်ပစ်ဖောက်နေတယ်။”ဟု Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

Public Service Announcement
ယမန်နေ့ (အောက်တိုဘာ ၁၆ ရက်) ည၇နာရီ၁၅မိနစ်ခန့်က ခင်ဦးမြို့နယ် သာဂရကျေးရွာနှင့် မြင်းဒေါင်းကျေးရွာကြားရှိ မူးတိမ်ချောင်းစခန်းမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ခဲ့သည်။
ယနေ့တွင် ရေဦးတိုင်းရင်းဆေးရုံမှ စစ်ကောင်စီတပ်များနှင့် ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာ အရှေ့ဘက် မူးတိမ်ချောင်းမှတပ်များ တပ်ချိန်းရန်ပြင်ဆင်နေသောကြောင့် ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးနိုင်ဖွယ်ရှိနေ၍ ပြည်သူများဂရုစိုက်ကြရန် HERO ARMY- KHIN U အဖွဲ့က သတိပေးထားသည်။
အောက်တိုဘာ ၁၄ရက် နံနက်ပိုင်းက ခင်ဦးမြို့ပေါ်၌ ဒေသကာကွယ်ရေး မဟာမိတ် ဒရုန်းအဖွဲ့ (၈)ဖွဲ့သည် တိုက်ခိုက်ရေး ဒရုန်း သုံးစီးအသုံးပြုကာ ဗုံးသီး(အီနာဂါ) ခြောက်လုံးဖြင့် မြို့ထိပ်မူးဘောင်စစ်ဆေးရေးဂိတ်၊ မြို့နယ်မှူးရုံးနှင့် မြို့လယ် ဗိုလ်ချုပ်ကြေးရုပ်အနီး ကင်းပုန်းများ စသည့် နေရာ သုံးနေရာရှိ စစ်ကောင်စီတပ်များအား တိုက်ခိုက်ခဲ့သေးသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က PDFဝတ်စုံပုံစံဖြင့်သွားလာကာ ပြည်သူများအားဖမ်းဆီးမှုများလည်းရှိနေ၍ ရေဦး-ခင်ဦး လမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းများကိုပါ ဒေသကာကွယ်ရေးအဖွဲ့များက ယာယီပိတ်ထားသည်။


















































