လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်းတစ်ထောင်ကျော်ဆုံးရှုံးဟုဆို
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် သုံးရက်အတွင်း PDF စခန်းတစ်ခုထပ်မံစီးနင်းခံရပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ရကာ ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအပါအဝင် ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရကြောင်း မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၁၅ရက်) နံနက်၅နာရီခန့်ကမိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းနှင့် ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကြောင်း နှစ်ကြောင်းသည် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitngeနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့၏ ရွေ့လျားစခန်းအား စီးနင်းခဲ့ကြောင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ စီးနင်းခံရမှုကြောင့် ရဲဘော်လေးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟုဆိုသည်။
ထို့အပြင် ထုတ်လုပ်ရေးပစ္စည်းများ၊ယူနီဖောင်း၊ လက်လုပ်စိန်ပြောင်း နှစ်လတ်၊ အူစီသေနတ် သုံးလတ်၊ ကိုးလုံးကျည်သေနတ် ၁၀ လတ်၊ကာဘိုင် ၁၀လတ် အပါအဝင် မိုင်းနှင့် မိုင်းထုတ်လုပ်ရေးပစ္စည်းများ၊ ကျည်မျိုးစုံအပါအဝင် လက်နက်ခဲယမ်းများ၊ဖုန်းအလုံး ၅၀၊ ထော်လာဂျီ ၁စီး၊ ဆိုင်ကယ် ၁၀စီး၊ ဆန်နှင့်စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ကြောင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်း ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် ကူညီလှူဒါန်းပေးကြရန် MNPDF Myitngeက မေတ္တာရပ်ခံသည်။
“ရွှေ့ပြောင်းစခန်းကိုဝင်စီးခံရတာ။စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးတာ။ ဝင်စီးတဲ့စစ်ကြောင်းကအင်အားလေးဆယ်။ ဘေးကအရန်တပ်က တစ်ရာကျော်ရန်ပေးထားတယ်။ ရဲဘော်တွေက ပြန်ပစ်ရင်းထိတာ။ ကျတဲ့ရဲဘော်ကအသက်လေးဆယ်ကျော်ပါ။ ပစ္စည်းတွေက တချို့တစ်ဝက်ကမီးရှို့လိုက်တာ။”ဟု MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက် နံနက် ၅နာရီခန့်က လည်း စစ်ကောင်စီတပ်သည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအားဝင်ရောက်စီးနင်းပြီး အပြန်တွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)- MSPDF၏ စခန်း(၃)အား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာကာလတန်ဖိုး ကျပ်သိန်း ၂၀၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။


















































