စစ်ကောင်စီတပ် ငါးဦးသေပြီး တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးဟု MBTပြော
မကွေးတိုင်း ရေစကြိုမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အထိုင်စခန်းနှစ်ခုကို တပြင်နက်၀င်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ငါးဦးသေပြီး ၁၁ ဦးပြင်းထန်ဒဏ်ရာရသွားကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောကြားသည်။
ယမန်နေ့(ဧပြီ ၂၀)နံနက် ၄နာရီခွဲခန့်က ရေစကြိုမြို့ အမှတ်(၄)၊ ဖောင်တော်ဦးရပ်ကွက်တွင် စစ်ကောင်စီတပ်ဆွဲထားသော ငြိမ်းဇာနည်တပ်စခန်းအား MBTတပ်ဖွဲနှင့် ညီနောင်မဟာမိတ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်မည့်အခြေအနေ ရောက်ရှိခဲ့သည်ဟု ဆိုသည်။
သို့သော် တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦးကျဆုံးပြီး ဆက်လက်တိုက်ခိုက်ရန် ခဲယမ်း (ကျည်) လုံလောက်မှုမရှိခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

“ကျွန်တော်တို့ ငြိမ်းဇာနည်စခန်းကို သိမ်းနိုင်တော့မယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ရှေ့တက်ပြီး ထပ်ဆွဲတာ။ နှစ်ဖွဲ့ခွဲပြီးတက်တာမှာ အရှေ့ဘက်ခြမ်းကတော့ အကာအကွယ်ရှိတယ်။ အနောက်ဘက်ခြမ်းကတော့ ကတ်တရာလမ်းပဲရှိတာဆိုတော့ ဘာအကာအကွယ်မှ မရှိလိုက်ဘူး။ အဲဒီအချိန် ကျွန်တော်တို့ရဲဘော်တစ်ဦးထိပြီး ကျသွားတာ”ဟု MBTတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

Public Service Announcement
Myingyan Black Tiger(MBT) တာဝန်ခံကလည်း ” စစ်ကူလာဖို့ တန်းစီနေချိန် ကျွန်တော်တို့ ဝင်ပစ်တာပါ။ မနေ့ကအထိ သူတို့ဘက်က လေးယောက်သေတာလို့ပဲ သိထားတာ။ ဒီနေ့မနက်က တစ်ယောက်ထပ်သေတဲ့ သတင်းရပါတယ်”ဟု ပြောသည်။
အလားတူ ငြိမ်းဇာနည်စခန်းအား တိုက်ခိုက်နေသည့်တချိန်တည်းတွင် မြို့ပေါ်စုပေါင်းရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို MBT တပ်ခွဲ (၂) နှင့် မဟာမိတ်များက ၀င်ရောင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့နံနက် ၁၁ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆို သည်။
အထက်ပါ တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးခဲ့ပြီး ၁၁ဦး အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။
တိုက်ခိုက်မှုများကို Myingyan Black Tiger (MBT)၊ မုံရွာခရိုင်တပ်ရင်း (၁၂)တပ်ခွဲ (၃)မီးတောက်တပ်ခွဲ ၊ တပ်ခွဲ(၄)လျှပ်စီးတပ်ခွဲ၊ ညောင်ဦးခရိုင်တပ်ရင်း(၅) ရဲဘော်ညီနောင်တပ်ဖွဲ့၊ Royal Eagle People Defence Force(YSO)စသည့် မဟာမိတ်တပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။


















































