စက်တင်ဘာ -၂၃၊၂၀၂၆။ဖိုးသား/People’s Spring
ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံးနေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။
မင်းတုန်းမြို့နယ်က ကံကြိုးကျေးရွာအနီး၊ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင် နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်မှာ ၂ရက်ဆက် အပြင်းအထန်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်က စစ်သား ရုပ်အလောင်း ၃၀ကျော်ရပြီး စစ်တပ်စစ်ကြောင်းနောက်ပြန်ဆုတ်သွားရတယ်လို့ ဆိုပါတယ်။
“ထွက်မပြေးတဲ့ကောင်တွေ သေကြတာပေါ့။အဓိကကတော့ သူတို့ တပ်ရင်း ၁ရင်းမှာ အများစုက ပစ(စစ်မှုထမ်း)တွေပါ။ တပ်ရင်းတွေက များတယ်။ အသေမခံချင်ရင် စစ်မှုထမ်းထဲမပါဖို့ ကြိုဂရုစိုက်ကြပါ”လို့ မင်းတုန်းအနောက်ခြမ်းက တော်လှန်ရေးရဲဘော်တစ်ဦးက လက်ရှိမြေပြင်အခြေအနေကို ပြောပါတယ်။

Public Service Announcement
အထိနာတဲ့ စစ်တပ်စစ်ကြောင်းပြန်ဆုတ်သွားတာကြောင့် မြေပြင်အခြေအနေမှာ တိုက်ပွဲတွေငြိမ်နေတယ်လို့ သူက အသိပေးပါတယ်။
“၂၁ရက်နေ့ သူတို့ လန်ကျသွားပြီးနောက်မှာ နေပြည် တော် တံတားဦး ရှမ်းတဲလေတပ်တက် ဖိုက်တာတွေနဲ့ နေ့ည အချိန်ပြည့် လာတိုက်ခိုက်နေတယ် ခု မနက် ထိပဲ”လို့ သရက်ခရိုင်တပ်ရင်း(၄) တာ၀န်ရှိသူက ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်မှာ စက်တင်ဘာ ၂၀ရက်နဲ့ ၂၁ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်းရရှိတယ်လို့အာရက္ခတပ်တော်(AA)က စက်တင်ဘာ၂၂ရက်က ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သေဆုံးတဲ့ စစ်သားတွေရဲ့ရုပ်လောင်းတွေနဲ့ သိမ်းဆည်းနိုင်ခဲ့တဲ့လက်နက်ခဲယမ်းတွေကို AAက စက်တင်ဘာ ၂၂ရက်ညမှာ ထုတ်ပြန်ခဲ့တာမှာ လက်နက်မျိုးစုံ ၃၀ ကျော်နဲ့ ခဲယမ်းအများအပြားသိမ်းရတာ တွေ့ရပါတယ်။
ဒါ့အပြင် မင်းတုန်းမြို့ကို စစ်တပ်သင်းချိုင်းနဲ့ သာသနာ့ဗိမာန် စစ်တပ်ဆေးရုံအဖြစ် နာမည်ပြောင်းရမယ့်အခြေအနေဖြစ်နေတယ်လို့လည်း မင်းတုန်းမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
မင်းတုန်းမြို့ရောက်ရှိနေတဲ့ စစ်ကြောင်းတွေ တပ်မ(၅၅)လက်အောက်ခံစစ်ကြောင်းတွေ ဖြစ်ပါတယ်။စက်တင်ဘာလဆန်းတိုက်ပွဲမှာလည်း တပ်မ(၅၅)လက်အောက်ခံတပ်ရင်းတွေထဲက တပ်ရင်းမှူး ၂ဦးဖြစ်တဲ့ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော်တိုက်ပွဲမှာသေဆုံးတဲ့သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက် ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်နေတာကြောင့် ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေ သေဆုံးဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ပဲ လန်ကျနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများအလွန်ပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေက ပြောပါတယ်။



















































