စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ အမြှောက်တပ်ရင်းဂိတ်နှင့် သံချပ်ကာကားဂိုထောင်များကို ဒရုန်းငါးစီးဖြင့် ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
ယမန်နေ့ (ဧပြီ ၂၉ ရက်) ညနေ ၃နာရီခန့်က စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ (၆၀၀၅) အမြှောက်တပ်ရင်းအဝင် စစ်ဆေးရေးဂိတ်နှင့် သံချပ်ကာကားများထားသော ဂိုထောင်များကို တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ တာဝန်ခံက ပြောသည်။
“စစ်ဆေးရေးဂိတ်နဲ့ သံချပ်ကာကားဂိုထောင်တွေကို တချိန်တည်းတိုက်ခိုက်ခဲ့တာပါ။”ဟု၎င်းက ဆိုသည်။
ထို့အပြင် ညနေ ၆ နာရီခန့်နှင့် ည ၈ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်အထိုင်ချရာ စစ်ကိုင်းမြို့နယ်၊ မာလဲတော ပျူစောထီးရွာအား ဒရုန်း လေးစီးဖြင့် ဗုံးသီး(၁၀)လုံးချ တိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

ပစ်မှတ်များအား တိုက်ရိုက်ထိမှန်သောကြောင့် စစ်ကောင်စီတပ်များထိခိုက်သေဆုံးမှုရှိနိုင်သည်ဟု၎င်းကဆက်ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအား အညာညီနောင်တပ်ပေါင်းစု (ABCF)၊ Phoenix (SGG)၊ Myinmu Revolution Force (MMRF)၊ Unicorn Guerrilla၊ Young Wolf၊ Fight For Federal Thunder Bird၊ အညာသားလေး (SGG)MRTF၊ စစ်ကိုင်းမြို့နယ် ပကဖ၊ စစ်ကိုင်းခရိုင် တပ်ရင်း(၆) တပ်ခွဲ(၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း(၇) တပ်ခွဲ(၁)၊တပ်ခွဲ(၄)၊ စစ်ကိုင်းခရိုင်ထုတ်လုပ်ရေး(၂)နှင့် နယ်မြေခံ ပကဖများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်မှ ၂၄ရက်အထိ ၅ ရက်အတွင်း ကျေးရွာ ၆ ရွာက ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများအပါအဝင် နေအိမ် ၄၅၀ ကျော် မီးရှို့ဖျက်ဆီးပြီး အမျိုးသားတစ်ဦးအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။


















































