စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီလက် အောက်ရှိ ဌာန အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများအား စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား ရပ်တန့်ကြရန် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က သတိပေးသည်။
မြောင်မြို့နယ်တွင် အများပြည်သူ လိုလားတောင်းတခြင်း မရှိသည့် အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားများလည်ပတ်ရန် ထောက်တိုင်အဖြစ် လုပ် ဆောင်ပေးနေသည့် ပြည့်သူ့ဝန်ထမ်းဟုအမည်ခံထားသော မည်သူမဆို လာမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ရပ်တန့်ကြရန် အသိပေးလိုက်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ကာ သတိပေးသည်။
သတိပေးခြင်းကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ပျက် ကွက်ခြင်းရှိပါက အကြမ်းဖက် စစ်ကောင်စီအား တော်လှန် ချေမှုန်းသကဲ့သို ၎င်း၏ ထောက်တိုင်အဖြစ်အသုံးချခံထားရသော စစ်ကောင်စီကျေးကျွန်များကိုပါ တစ်ပါတည်း အမြစ်ဖြုတ် သုတ်သင် ၊ရှင်းလင်းသွားမည် ဖြစ်ပြီး မည်သည့်အကြောင်းပြချက်မှ လက်ခံမည် မဟုတ်ကြောင်း၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ ၏ သတိပေးနှိုးဆော်စာအား ဌာန အသီးသီးရှိ အကြမ်းဖက်စစ်ကောင်စီကျေးကျွန် ၊ ကျေနပ်စွာအသုံးချခံဝန်ထမ်းများအားလုံး မပျက်မကွက် လိုက်နာကြရန် နောက်ဆုံးအကြိမ် အဖြစ် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် နယ်ခံ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ ထိပ်တိုက်တွေ့ကာ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးရွာအချို့ကပြည်သူများလည်း စစ်ဘေးရှောင်နေရသည်။

Public Service Announcement


















































