ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းကို The Chin Journalက ယနေ့ ဖော်ပြသည်။
ဩဂုတ် ၁၄ရက်က ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီ၏ ဟောင်ကာဘုံးစခန်းကို ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတို့က ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု ဆိုသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် သုံးလက်၊ RPG နှစ်လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ဟု ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ဩဂုတ် ၁၄ရက် တိုက်ပွဲသတင်းကို ချင်းအမျိုးသားတပ်ဦး(CNF/CNA)က ထုတ်ပြန်ထားရာ စစ်ကောင်စီ၏ ခလရ(၂၆၉)တပ်ရင်းဌာနချုပ်အား ချင်းပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ဌာနချုပ် စခန်း လုံခြုံရေးတပ်ခွဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက် ၆လက်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်ဖမ်းဆီးခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
ယင်းတိုက်ပွဲ၌ ချင်းပူးပေါင်းတပ်မှ တော်လှန်ရေး ရဲဘော် ငါးဦးကျဆုံးခဲ့ကြောင်း အသိပေးထားသည်။
CNA နှင့် ဒေသကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၂ရက်ကလည်း ဖလမ်းအခြေစိုက် ခလရ(၂၆၈)တပ်ရင်းဌာနချုပ်ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားပြီး လက်နက် ၁၁လက်နှင့် ကျည်များသိမ်းဆည်းနိုင်ခဲ့ကြောင်း CNF က ထုတ်ပြန်ထားသည်။


















































