ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော်(AA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို စစ်မျက်နှာဖွင့်တိုက်ခိုက်သည့် စစ်ရေးဆောင်ရွက်ချက်ကို စစ်ကိုင်းတိုင်းအတွင်း နေရာအချို့၌ ဆောင်ရွက်နေပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ယနေ့မနက်တွင် ပြောကြားသည်။
စစ်ကိုင်းတိုင်း ကန့်ကလူ၊ ချပ်သင်း၊ ကောလင်း၊ အရာတော် နေရာများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

“KIA၊ AAနဲ့ ကောလင်း PDF ပူးပေါင်းအဖွဲ့များက တပြိုင်တည်း တော်လှန်ရေးစစ်မျက်နှာဖွင့် ဝင်ရောက်တိုက်ခိုက်နေတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စစ်ရေးဆောင်ရွက်ချက် အခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement
ထို့အပြင် ခါမ်းပါတ်မြို့တွင်လည်းတာ်လှန်ရေးအဖွဲ့များကစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည်။ စစ်ကိုင်းတိုင်းရှိနေရာ အများစုတွင်ယခုရက်ပိုင်း စစ်ကောင်စီတပ်ကို ပိုမိုတိုက်ခိုက်ပြီး စစ်ရှိနိမြှင့်လာကြောင်းတော်လှန်ရေးအဖွဲ့များကပြောသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီက ၎င်းတို့ အဖွဲ့အတွင်း ယမန်နေ့ နိုဝင်ဘာ ၂ရက်က ပြုလုပ်သည့် အစည်းအဝေးတွင် KIA နှင့် မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့အား တန်ပြန်ချေမှုန်းမှု ဆက်လက်ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့သည်။သို့သော် အာဏာသိမ်းခေါင်းဆောင်ကတော်လှန်ရေးအဖွဲ့များကို ချေမှုန်းမည်ဟု ပြောနေသည်မှာ ယခုမှမဟုတ်ဘဲ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မကြာခဏပြောနေခြင်းဖြစ်သည်။
ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ကို ရှမ်းမြောက်နေရာအများအပြား၌ ဖော်ဆောင်လျက်ရှိရာ စစ်ကောင်စီတပ်က အထိနာလျက်ရှိပြီး မြို့လေးမြို့ ၊ စစ်စခန်း ၁၀၀ ခန့်နီးပါးကို လက်လွှတ်ဆုံးရှုံးထားရသည်။


















































