စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာလေးခုကို မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Chindwin Brothers အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၁ ရက် နေ့လယ် ၂ နာရီခွဲခန့်မှစတင်ကာ ဘုတလင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများဖြစ်သော ကြောင်ပန်းလမ်းခွဲဂိတ်၊ ဗန္ဓုလကြေးရုပ်အနီး၊ CBဘဏ်ရှေ့နှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝင်းများအတွင်းသို့ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း Chindwin Brothers အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ညနေ ၄နာရီခန့်အထိ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုထိခိုက်သေဆုံးမှုများရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
“CBဘဏ်ရှေ့ချတာ နှစ်ကောင်သေပြီး လေးကောင် ထိခိုက်ဒဏ်ရာရတယ်လို့ ကင်းထောက်ရဲဘော်တွေက သတင်းပို့တယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement
သို့သော် စစ်အုပ်စု၏ ထိခိုက်မှုများကို လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါတိုက်ခိုက်မှုကို Chindwin Brothers (DGF-တပ်ခွဲ) နှင့် မြို့နယ်အုပ်ကြီးများ (ဘ.တ.လ)၊ B21(ကနီ)၊ ကိုဘရာ(တစ်ကိုယ်တော်)၊ တပင်ရွှေထီး၊ နင်ဂျာတပ်ဖွဲ့၊ဒေသရပ်ရွာကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ယင်းအဖွဲ့များသည် နိုဝင်ဘာအတွင်းကလည်း ဘုတလင်မြို့မရဲစခန်းနှင့် CB ဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သေးသည်။


















































