Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ မြဝတီမြို့ရှိ နေအိမ်အချို့ မီးလောင်

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ - CJ)

အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွင် ယနေ့ ညနေအထိ တိုက်ပွဲပြင်းထန်

ဒီးဒီ/People’s Spring

မြဝတီမြို့ အမှတ်(၂) ထိုင်း – မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ ညနေပိုင်းအထိ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်မှုကြောင့် မြို့ရှိနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း မြဝတီမြို့ခံများက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြဝတီမြို့ ရပ်ကွက်(၅)ရှိ ပတ္တမြားဓာတ်ဆီဆိုင်အနီးရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း မြဝတီမြို့ရှိ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ပတ္တမြားဆီဆိုင်နားက နေအိမ်တွေ မီးလောင်တယ်။ စကစက လေယာဥ်နှစ်စီးနဲ့ တချိန်လုံးပတ်ပျံနေတာ။ မြို့ထဲအစပ်ပေါ့။ အဲလိုတော့ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမှတ်(၂)တံတားအနီးရှိ မွေးမြူရေးဇုန်အနီးတွင်လည်း လက်နက်ကြီးကျ‌ရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၁၁နာရီခန့်ကလည်း စစ်ကောင်စီက တော်လှန်ရေးပူးပေါင်းတပ်များရှိရာ နေရာကို ရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည်။

“တော်လှန်ရေးအဖွဲ့တွေရှိမယ်ထင်တဲ့နေရာကို ရဟတ်ယာဥ်နဲ့ စက်သေနတ်နဲ့လာပစ်တာ”ဟု အဆိုပါ အမှတ်(၂)တံတားသို့ ရောက်ရှိနေသူ တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မြဝတီမြို့ရှိ နေအိမ်အချို့မီးလောင်နေစဥ်။ ဓာတ်ပုံ – CJ)

ယမန်နေ့ ညကစ၍ မြဝတီမြို့ အမှတ်(၂)ထိုင်း-မြန်မာချစ်ကြည်ရေးတံတားရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ရာ တစ်ညလုံးတိုက်ပွဲပြင်းထန်ပြီး ယနေ့ ညနေ ၅နာရီခွဲအထိ ဆက်လက်တိုက်ပွဲပြင်းထန်နေသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်း၌ ကျည်ကျမှုရှိသည်ဟု ဒေသခံများက ပြောသည်။

“ကျည်ကျတယ်။ ကျည်အသေးတွေကျတယ်”ဟု အမှတ်(၂)တံတားရှိ မဲဆောက်မြို့နေ မြန်မာလုပ်သားအချို့က ပြောသည်။

လက်နက်ကြီးပေါက်ကွဲသံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ အတိုင်းသားကြားနေရသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် မြဝတီမြို့ခံများမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်မှုများလည်းရှိနေသည်။

ထို့အပြင် စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများပြားသည်ဟု ကြားသိရပြီး အရေအတွက်နှင့် ပတ်သက်၍ People’s Spring က သီးခြားအတည်ပြုချက်မရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တံတားအနီး စစ်ကောင်စီအင်အားက ၁၅၀ ဝန်းကျင်ရှိမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း အမှတ်(၂)ချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်၌ ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းဖြင့် Drop Bomb များ ချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။ ထိုစစ်သားများမှာ ထိုင်းနိုင်ငံသို့လည်း ဝင်​ရောက်ခွင့်မ​တောင်းဘဲ ​နောက်မှ စစ်ကူလာမည်ကို ​စောင့်ဆိုင်း​နေကြခြင်းဖြစ်သည်။ ​တော်လှန်​ရေးအဖွဲ့များက ၁၀ ရက်အချိန်​ပေးပြီး​နောက် ဧပြီ ၁၉ ရက်ညမှ စ၍ ဒရုန်းဖြင့်စတိုက်ပြီး ထို​နောက် တစ်ညလုံးတိုက်ခိုက်​နေခြင်းဖြစ်သည်။ ထိုစစ်သားများ​စောင့်​နေ​သော စစ်ကူစစ်​ကြောင်းမှာလည်း ​တော်လှန်​ရေးအဖွဲ့များတိုက်ခိုက်မှု​ကြောင့် ​ဒေါန​တောင် ​ခြေမှာပင်​ရှေ့မတိုးနိုင်ဖြစ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်က Bar4U ဆိုင်မီးလောင်ခဲ့ပြီး အမျိုးသား ၂ ဦး​သေဆုံးတယ်လို့ သွားရောက်ကူညီတဲ့ လူမှုကူညီရေးအဖွဲ့ဝင်​တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook