Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

စေ့စပ် ညှိနှိုင်းရေးထက် အမြစ်ပြတ် ချေမှုန်းရေးကိုပဲ ရွေးချယ်မယ့် အာဏာသိမ်း စစ်ကောင်စီ

“ဆန့်ကျင်သူတွေကို အမြစ်ပြတ် ချေမှုူန်းမယ်”လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အခိုင်အမာ ပြောပါတယ်။ ဒီစကားဟာ စေ့စပ်ညှိနှိုင်းရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ အားလုံးကို ဆုံးခန်း တိုင်သွားစေခဲ့ပါတယ်။

ကုလသမဂ္ဂ အပါအဝင် ပြင်ပကမ္ဘာက တက်ကြွ လှုပ်ရှားသူတွေ အနေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရယ်၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားတဲ့ အတိုက်အခံတွေရယ်ကြားမှာ စေ့စပ်ဆွေးနွေးစေပြီး မြန်မာနိုင်ငံ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ထင်မြင်ယူဆခဲ့မယ် ဆိုရင်တော့ မတ်လ ၂၇ ရက်၊ တော်လှန်ရေးနေ့ မိန့်ခွန်းမှာ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ပြောသွားတဲ့ စကားတွေအရ သူတို့ရဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်သင့်ပါပြီ။

လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်က တော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေလို့ သုံးနှုန်း စွပ်စွဲခဲ့ပြီး ဆုံးခန်းတိုင်တဲ့ထိ အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ သူ့ရဲ့ မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံ အနှံ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေကို မထောက်ခံဘဲ ဥပဒေ လက်ကိုင်ပြု နေထိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ လေ့လာသူတွေကတော့ ဒါဟာ အဖတ်ဆယ်ဖို့ ခက်တဲ့ထိ ပြိုကျ ပျက်စီးသွားပြီဖြစ်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ပြန်အသက်သွင်းချင်တဲ့ သဘောလို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ၂၀၁၅ တုန်းက အရေအတွက် အကန့်အသတ်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာ တစ်ချက်က တပ်ထဲမှာ အင်အားစု နှစ်ခုကြား အာဏာလွန်ဆွဲမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ ထင်ကြေးသဘောသာဖြစ်ပြီး လမ်းကြောင်းလွဲနေတယ်ဆိုတာ မတ်လ ၂၇ ရက် စစ်ရေးပြ ချီတက်ပွဲတွေမှာ ပေါ်လွင်လာစေပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဖွဲ့အစည်းထဲမှာ သဘောထား တင်းမာသူတွေနဲ့ ၂၀၁၁ ကနေ ၂၀၁၆ ထိ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးသိန်းစိန် ဦးဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး လိုလားသူတွေကြား အာဏာ လွန်ဆွဲမှုတွေ ဖြစ်ပေါ်နေကြောင်း သတင်းတွေ ထွက်နေခဲ့ပါတယ်။

တကယ်တမ်းကျတော့ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီရေး ဆန္ဒပြ လှုပ်ရှားမှုတွေကို သွေးထွက်သံယို ဖြိုခွင်းခဲ့တဲ့ အရေးအခင်းကြီးအပြီး စစ်အစိုးရက ခန့်အပ်တဲ့ ရာထူးကြီးတွေမှာ တာဝန် ထမ်းဆောင်ခဲ့သူထဲမှာ တော်လှန်ရေးနေ့နဲ့ နေပြည်တော်က ဆက်စပ် အခမ်းအနားတွေကို တက်ရောက်သူ ၂၅ ဦးထက်မနည်း ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ဦးသိန်းစိန် ကိုယ်တိုင် ပါဝင်ခဲ့ပြီး မင်းအောင်လှိုင်ကို အကြံပေးစကားတချို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်ကလည်း သမ္မတဟောင်းကို ဦးညွှတ် နှုတ်ဆက်ပြီး လေးစားကြောင်း ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တော့ ဦးသိန်းစိန်က သူ့ရဲ့ သရုပ်မှန်ကို ထုတ်ပြတာ ဒီတစ်ကြိမ် ပထမဆုံး မဟုတ်ပါဘူး။ ပြုပြင်ပြောင်းလဲရေး မူဝါဒတွေ ကျင့်သုံးခဲ့တာကြောင့် မြန်မာ ဂိုဗာချော့ဗ်လို့ အနောက်နိုင်ငံက လေ့လာသူတွေ သုံးနှုန်း ခေါ်ဝေါ်ကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းဟာ တော်လှန်ရေးသမားတွေ လက်ချက်ကြောင့် သေကြေခဲ့၊ ဒဏ်ရာရခဲ့ကြတဲ့ ဒလန် မိသားစုတွေဆီ ထောက်ပံ့ လှူဒါန်းတာတွေ ရှိခဲ့ဖူးပါတယ်။

ပြောစရာ မလိုတဲ့ အချက်ကတော့ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြနေချိန် စစ်တပ်နဲ့ ရဲတွေ ရက်ရက်စက်စက် ပစ်သတ်တာ ခံခဲ့ရသူတွေရဲ့ မိသားစုတွေကိုတော့ တစ်ကျပ် တစ်ပြားမှ မလှူဒါန်း၊ မထောက်ပံ့ခဲ့ဘူး ဆိုတာပါပဲ။ နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ရေး အဖွဲ့ရဲ့ အဆိုအရ အာဏာသိမ်းမှု အပြီးကတည်းက ပစ်သတ်ခံရတဲ့၊ ဒါမှမဟုတ် စစ်ကြောရေး စခန်းတွေမှာ ကျဆုံးသွားရှာတဲ့ လက်နက်မဲ့ အရပ်သားပြည်သူ ၁၇၂၃ ဦးထက်မနည်း ရှိခဲ့ပြီးပြီလို့ သိရပါတယ်။ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ ဖမ်းဆီး အကျဉ်းချ ခံထားရတာ ၁၃၀၀၀ ကျော်လောက်ထိ များပြားပါတယ်။

အဲဒီထဲမှာ စစ်ကောင်စီတပ်တွေက တိုင်းရင်းသား နယ်မြေတွေမှာ လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ထိခိုက် သေဆုံးခဲ့ရတဲ့ ဒေသခံတွေ အရေအတွက် မပါသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တိုင်းရင်းသား နယ်မြေတွေမှာ အာဏာသိမ်း စစ်တပ်ကို ခုခံစစ် ဆင်နွှဲမှုတွေ ပိုမို အားကောင်းလာနေခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်မှာ ကုလသမဂ္ဂ၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ထုတ်ပြန်ချက်အရ မနှစ်က အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာပြီး ပြည်တွင်းမှာ တိမ်းရှောင်နေရတဲ့ အရေအတွက်ဟာ နှစ်ဆ တိုးလာပြီး ၈ သိန်းထိ ရှိလာကြောင်း သိရပါတယ်။

လောလောဆယ် တစ်ကမ္ဘာလုံးလိုလိုရဲ့ စိတ်အာရုံက ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့ ဖြစ်စဉ်အပေါ် ကျရောက်နေပေမယ့် မြန်မာနိုင်ငံမှာလည်း စိတ်ထိခိုက် ကြေကွဲစရာ ဖြစ်ရပ်တွေ ကြီးကြီးမားမား ပေါ်ပေါက်နေပါတယ်။ ပြီးတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အသိုက်အဝန်းက ပါဝင် ပတ်သက်ပေးနေတာ သိပ်ကို နည်းပါးလွန်းပါတယ်။

နိုင်ငံတကာ အင်အားကြီး အဖွဲ့အစည်းတွေမှာဆိုရင် ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလမှာ ဥရောပ သမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ မြန်မာ့အရေးကို အာဆီယံဆီ တွန်းပို့ပေးမယ့် သဘောထားမျိုး တွေ့ရပါတယ်။ ဥရောပ သမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဟာ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ အပြုသဘောဆောင်တဲ့ လက်တွဲ ဆောင်ရွက်မှုတွေ ပြုလုပ်ပြီး အာဆီယံက တောင်းဆိုတဲ့ ဘုံသဘောတူညီမှု ၅ ရပ်ကို လိုက်နာ အကောင်အထည်ဖော်ဖို့ တောင်းဆိုကြောင်း စသဖြင့် အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နောက်ပြီး မြန်မာ စစ်တပ်အနေနဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပုံမှန် ခရီးစဉ်တွေကို လက်ခံပေးပြီး သူလိုလားတဲ့ ဘယ်သူနဲ့မဆို လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့်ပြုဖို့လည်း ထည့်သွင်း တောင်းဆိုထားပါတယ်။

ဥရောပ သမဂ္ဂ ရည်ညွှန်းတဲ့ ဘုံသဘောတူညီမှု ၅ ရပ် ဆိုတာက မနှစ်က ဧပြီ ၂၄ ရက်မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ကို မင်းအောင်လှိုင် ခဏတဖြုတ် သွားရောက်ခဲ့တုန်းက အာဆီယံ နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပပျောက်ဖို့၊ ပတ်သက် ဆက်နွှယ်တဲ့ အဖွဲ့အစည်းအားလုံး စုပေါင်းပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ဖော်ဆောင်နိုင်အောင် ချမှတ်ပေးခဲ့တာပါ။

ဒါပေမဲ့ တကယ်တမ်းကျတော့ ဥရောပ သမဂ္ဂရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာချိန် ကတည်းက ဘုံသဘောတူညီမှု ၅ ရပ်ဆိုတာက ပြီးဆုံး ပျက်ပြယ်နှင့်ပြီလို့ ဆိုရမယ့် အခြေအနေကို ရောက်နေပါပြီ။ အာဆီယံ အဖွဲ့ရဲ့ ဘယ်ကိုယ်စားလှယ်မဆို စစ်ကောင်စီ အရာရှိတွေကလွဲလို့ တခြား ဘယ်သူနဲ့မှ တွေ့ဆုံခွင့် မရခဲ့ပါဘူး။ နောက်ပြီး တွေ့ဆုံ ဆွေးနွေးရေး ဆိုတာဟာ မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်တွေ ပါးစပ်မှာ ဘယ်တုန်းကမှ ရွတ်ဆိုမနေတဲ့ ဝေါဟာရမျိုး ဖြစ်လာပါတယ်။

အာဆီယံ အသိုက်အဝန်းထဲမှာ လောလောလတ်လတ် အနီးကပ်ဆုံး ခရီးစဉ်အဖြစ် မတ်လကုန်လောက်တုန်းက ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ စစ်ကောင်စီဖက်က သူ့ကို ကမ်းလှမ်းတာဆိုလို့ ၂၀၁၆ ကနေ ၂၀၁၈ ထိ သမ္မတအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးထင်ကျော်ရဲ့ ဇနီးဟောင်းလည်းဖြစ်၊ NLD အဖွဲ့ဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စုစုလွင်နဲ့ တွေ့ဆုံဖို့ ဆိုတာလောက်ပါပဲ။ ဒါပေမဲ့ ဒေါ်စုစုလွင်က ကျန်းမာရေး အကြောင်းပြပြီး အာဆီယံ ကိုယ်စားလှယ်တွေနဲ့ စကားပြောရမယ့် ကိစ္စကို ငြင်းဆိုသွားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတဲ့ နိုလင်းဟေဇာကတော့ ပရက်ဆော့ခွန်းနဲ့ရော၊ အာဆီယံ အလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူထားသူ ကမ္ဘောဒီးယား နိုင်ငံခေါင်းဆောင် ဟွန်ဆန်းနဲ့ပါ ချိတ်ဆက် ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်ဖို့ မပျက်ကွက်ခဲ့ပါဘူး။

ဧပြီ ၁ ရက်မှာတော့ ဟေဇာက ဧပရယ်လ်ဖူးလ် ဟာသမဟုတ်တဲ့ ထုတ်ပြန်ချက် တစ်ခုကို ကြေညာပါတယ်။ ဒီကြေညာချက်မှာတော့ အာဆီယံနဲ့ ကုလသမဂ္ဂ ချိတ်ဆက် ဆောင်ရွက်မှုတွေကို ရည်ညွှန်းပြီး အာဆီယံနဲ့ ပိုမိုကျယ်ဝန်းတဲ့ နိုင်ငံတကာ အသိုက်အဝန်းဟာ ပြည်သူလူထုရဲ့ စိတ်ဆန္ဒ အမှန်ကို အလေးထား ထောက်ပံ့ ကူညီပေးဖို့ တာဝန်မရှိကြောင်း ဖော်ပြထားပါတယ်။

ဝေဖန်သူတွေကတော့ အာဆီယံဆိုတာ ဒီမိုကရေစီ မဖွံ့ဖြိုးလှတဲ့ နိုင်ငံ ၁၀ ခု ပေါင်းစည်းထားပြီး အဖွဲ့ တည်ထောင်ခဲ့တဲ့ ၅၅ နှစ်လောက် သက်တမ်းအတွင်း အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံအချင်းချင်းကြား ဖြစ်ပွားတဲ့ အငြင်းပွားမှုတွေကို တစ်ခုတလေတောင်မှ မဖြေရှင်းပေးနိုင်ခဲ့ဘူးဆိုတာကို ဟေဇာ မေ့နေသလားလို့ မေးခွန်းထုတ်ချင် ထုတ်ပါလိမ့်မယ်။

အဲဒီ ပြဿနာတွေကို ပြန်ကြည့်ရင် အရှေ့တီမောကိစ္စ၊ ကမ္ဘောဒီးယားနဲ့ ထိုင်း၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်၊ မလေးရှားနဲ့ ဖိလစ်ပိုင်တို့ကြားက နယ်စပ်ရေးရာ အငြင်းပွားမှုတွေ၊ ထိုင်းနဲ့ မလေးရှား နယ်စပ်မှာ ခိုအောင်းနေတဲ့ စစ်သွေးကြွ တိုက်ခိုက်မှုတွေအပြင် အရေးအကြီးဆုံး ကိစ္စတစ်ခုအဖြစ် တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုမှာ တရုတ်က မဟာဗျူဟာ ရေပြင်ကို ကြီးစိုးဖို့ အားထုတ်လာတာကို အာဆီယံ အဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ရပ်တည်ပြတာမျိုးတောင် မမြင်ခဲ့ရပါဘူး။

တကယ်ဆိုရင် အာဆီယံ ကိုင်ဆွဲထားတဲ့ ညီညွတ်ရေးနဲ့ ကြားဝင်မစွက်ရေး အခြေခံ မူနှစ်ရပ်ကပဲ ဒေသတွင်း လုံခြုံရေးရယ်၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး မြှင့်တင်မှု ကိစ္စတွေမှာ စွမ်းဆောင်ရည် ကင်းမဲ့သွားစေပါတယ်။ အာဆီယံရဲ့ လုပ်ဆောင်မှုတွေအရ တိုးတက်လာတာဆိုလို့ ကုန်သွယ်ရေး သဘောတူညီမှု တချို့ရယ်၊ အဖွဲ့ဝင် နိုင်ငံတွေကြား ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ချက်တွေ ပြဋ္ဌာန်းနိုင်တာမျိုးရယ်လောက်ပဲ ရှိပါတယ်။

ဒီအတောအတွင်း မြန်မာ စစ်ကောင်စီဟာ ခုခံရေး အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းဖို့၊ နယ်မြေ စိုးမိုးမှု ပြန်ရဖို့အတွက် သူတို့ရဲ့ ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ဆင်ရေးတွေကို အရှိန် ပြန်မြှင့်လာခဲ့ပါတယ်။ မင်းအောင်လှိုင် ပြောထားတဲ့အတိုင်း ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ ဒါမှမဟုတ် ရွေးကောက်ပွဲ မကျင်းပနိုင်သည်ဖြစ်စေ အဲဒီ မတိုင်ခင်မှာ မြန်မာ စစ်တပ်ဟာ NLD ပါတီကို နိုင်ငံရေးအရရော၊ အဖွဲ့အစည်းအနေနဲ့ပါ ရပ်တည်လို့ မရတာ သေချာအောင် ဖြိုခွင်းပါလိမ့်မယ်။

NLDဟာ ပါဝင် ယှဉ်ပြိုင်သမျှ ရွေးကောက်ပွဲတိုင်းမှာ ရလဒ် ပြတ်ပြတ်သားသားနဲ့ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တာချည်းပါပဲ။ ပထမဆုံးက ၁၉၉၀ မှာ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် စစ်အစိုးရက အသိအမှတ် မပြုခဲ့သလို အမျိုးသား ညီလာခံမှာ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီကို စစ်တပ်ကပဲ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ အဲဒီ ကော်မတီမှာ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်လောင်း ၄၉၂ ဦးထဲက အယောက် ၁၀၀ ဝန်းကျင်သာ ပါဝင်ခဲ့ပြီး စစ်တပ်က ကိုယ်စားလှယ် ၆၀၀ လောက် ထပ်မံ ခန့်အပ်ခဲ့ပါတယ်။

နောက်တော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြန်ပြီး NLDက အစိုးရဖွဲ့ခွင့် ရလာတယ်။ နောက်ဆုံး အနေနဲ့ ၂၀၂၀ မှာ ထပ်အနိုင်ရတဲ့နောက် လွှတ်တော် ကိုယ်စားလှယ်တွေ ညီလာခံ မစတင်ခင် စစ်တပ်က အဓမ္မ အာဏာသိမ်းလိုက်တော့တာပါပဲ။ အခုအခါ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် NLD ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီး အကျဉ်းချထား ခံရချိန်မှာ စစ်ကောင်စီ ဗိုလ်ချုပ်တွေ သူတို့စိတ်ကြိုက် ရွေးကောက်ပွဲ ကော်မရှင်ကို လက်ရွေးစင် စုဖွဲ့ဖို့ အလုပ်ရှုပ်နေကြပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာ တင့်ကားတွေ မောင်းနှင်ပြီး ဟန်ရေးပြခဲ့တာတွေ၊ ဆန္ဒပြသူတွေဆီ ကျည်ဆန်တွေ ပလူပျံအောင် ကျဆင်းလာခဲ့တာတွေ၊ ထောင်နဲ့ချီ များပြားတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက နယ်စပ်တွေဆီ ထွက်ပြေးပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ခုခံစစ် ဆင်နွှဲလာတာတွေ ဆိုတာဟာ ၁၉၇၀ ပြည့်လွန် နောက်ပိုင်းတွေကစလို့ မြန်မာနိုင်ငံ အလယ်ပိုင်း (ပြည်မ) နယ်မြေတွေမှာ သိပ်များများစားစား မမြင်ခဲ့ရပါဘူး။

အဲဒီ ခုခံစစ် ဆင်နွှဲတဲ့ တော်လှန်ရေး အဖွဲ့တွေဟာ စိတ်ဓာတ် ပြင်းပြပြီး ကျားကုတ်ကျားခဲ အားထုတ်တတ်ကြတယ် ဆိုပေမယ့် PDFလို့ ခေါ်ဝေါ်တဲ့ ဒေသခံ အင်အားစုတွေဟာ ဗဟို ဦးဆောင်မှု တစ်ခုအောက်မှာ စနစ်တကျ ချိတ်ဆက် လှုပ်ရှားတာမျိုးတော့ မရှိပါဘူး။ နိုင်ငံအနှံ့မှာ ချုံခိုတိုက်ခိုက်တာ၊ တိုက်ပွဲဖော်ဆောင်တာတွေ ရှိနေပေမယ့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား ရုန်းကန်မှုမှာ အခြေခံ ခိုင်မာတဲ့ မဟာဗျူဟာမျိုး ရုပ်လုံးပေါ်လာတာတော့ မတွေ့ရသေးပါဘူး။

နောက်ပြီး စစ်ကောင်စီရဲ့ တောင့်တင်းတဲ့ လက်နက် အင်အားကို လက်တွေ့ကျကျ စိန်ခေါ်နိုင်ဖို့ လုံလောက်တဲ့ လက်နက် ပိုင်ဆိုင်မှုမျိုးလည်း မရှိသေးပါဘူး။ တစ်ဖက်မှာတော့ စစ်ကောင်စီ တပ်တွေကလည်း စစ်မျက်နှာ ပေါင်းစုံမှာ တတိတိ လုံးပါး ပါးလာနေပါတယ်။ ဒီတော့ မင်းအောင်လှိုင် လေလုံးထွားနေသလိုမျိုး တော်လှန်ရေး အင်အားစုတွေကို အမြစ်ပြတ် ချေမှုန်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ပြင်ပ ကမ္ဘာနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ဘာမှ ဝင်မပါသေးသ၍ မြန်မာ့ နိုင်ငံရေး အနာဂတ်နဲ့ ပတ်သက်လို့ ကောက်ချက်ဆွဲစရာ တစ်ခုပဲ ရှိပါတယ်။ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ ဆိုးရွားတဲ့ အခြေအနေတွေဟာ အတော်ကြာအောင် ဆက်ပြီး တည်တံ့နေပါလိမ့်မယ်။ ပြည်တွင်းရေး အရှုပ်အထွေးတွေ၊ ဒုက္ခသည်တွေက အိမ်နီးချင်း နိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံရတာတွေ ပိုများပြားလာပါလိမ့်မယ်။ အပေးအယူ စေ့စပ် ညှိနှိုင်းမှုတွေ၊ ပြည်သူ့ သဘောထား အမြင်တွေကို ထည့်တွက်တယ်ဆိုတာ လုံးဝ မရှိတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေကိုလည်း ဆက်ပြီး တွေ့မြင် ကြားသိနေရဦးမှာ ဖြစ်ပါတယ်။

(Asia Timesတွင် Bertil Lintner ရေးသားထားသည့် Annihilation over compromise for Myanmar’s generals ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုသည်)

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။