Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“PDF​တွေစစ်​ရေးအသာအသာရဖို့လေယာဉ်ပစ်လက်နက်​တွေလိုအပ်နေ”

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့မှာ မြေပြင်အခြေအနေတွေပေါ် မူတည်ပြီးတွက်ဆချက်(assessment)တစ်ခုရှိပြီး အဆိုပါ တွက်ဆချက်နဲ့ မူဝါဒတစ်ရပ်ကိုလက်ကိုင်စွဲထားပါတယ်။

စစ်​ကောင်စီတပ်ရဲ့ လေတပ်ကနိုင်ငံအနှံ့လေကြောင်းတိုက်ခိုက်မှု​တွေမစတင်ခင်လပေါင်းများစွာကတည်းကတော်လှန်ရေးနိုင်ငံရေးသမား​တွေ၊ စစ်ကဲ​တွေ၊ တိုက်ခိုက်ရေးသမား​တွေနဲ့ သာမန်ပြည်သူတွေဟာ လေကြောင်းရန် ကာကွယ်ရေးမရှိတာနဲ့ ပတ်သက်တဲ့ ပြဿနာနဲ့ နပမ်းလုံး နေခဲ့ရပါတယ်။

အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက်နည်းမျိုးစုံနဲ့လည်းကြိုးပမ်းခဲ့ကြပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကို အကူအညီတောင်းတာမျိုး၊ လေထဲမှာတိုက်အိမ်ဆောက်သလိုမျိုး ဖြစ်ပေမယ့်လည်း လက်လှမ်းမမှီလောက်အောင် စျေးကြီးလွန်းပြီး လူလိမ်လူညာပေါလှတဲ့ နိုင်ငံတကာ လက်နက်မှောင်ခို စျေးကွက်ကိုလည်းသူတို့ရောက်လာခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီကြိုးပမ်းမှု နည်းလမ်းနှစ်မျိုးလုံးကတော့တော်လှန်ရေးတပ်ဖွဲ့တိုင်းရဲ့ အလိုချင်ဆုံးစာရင်းထဲမှာ ပါနေတဲ့ ရွေ့လွယ်ပြောင်းလွယ်လေယာဉ်ပစ်လက်နက် (MANPADS) ရရှိရေးကို အာရုံစိုက်ကြပါတယ်။

သို့ပေမယ့်လည်း ကြိုတင် မှန်းဆကြည့်လို့ ရနိုင်လောက်တဲ့ အနာဂတ် ကာလလောက် အတွင်းမှာတော့ မြန်မာ့အတိုက်အခံအင်အားစုတွေကို ကူညီဖို့အတွက် လေယာဉ်ပစ်ပုခုံးထမ်းလက်နက် လောင်ချာတွေကို မရောက်လာနိုင်ဘူးဆိုတာကို ၂၀၂၃ အစပိုင်းမှာတင် ပါဝင်ပတ်သက်သူအားလုံးနဲ့ လေ့လာသူတွေဟာ သဘောပေါက်တာထက် ပိုခဲ့ကြပါပြီ။

၁၉၈၀ ပြည့်နှစ်များက အာဖဂန်နစ္စတန်လို သို့မဟုတ် ၂၀၁၀ ခုနှစ်များက ဆီးရီးယားလိုမျိုး၊ ၂၀၂၀ ပြည့်နှစ်အလွန် မြန်မာ့အရေးမှာ အိမ်နီးချင်းနိုင်ငံများက MANPADS လိုမျိုး အဆိုပါ လေကြောင်းရန်ကာကွယ်တဲ့ လက်နက် တွေကို မြန်မာနိုင်ငံထဲ ပို့ဆောင်ပေး​ရေးအတွက်လုပ်ပေးဖို့ စိတ်ဝင်စားဟန်မရှိကြပါဘူး။ တခြားအင်အားကြီးနိုင်ငံနဲ့ လက်နက်မှောင်ခိုစျေးကွက်ကယုံကြည်ရတဲ့ အရောင်းအဝယ်သမားတွေကလည်း ပံ့ပိုးပေးဖို့ အစီအစဉ်မရှိသေးတာကို တွေ့နေရပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့မှာ မြေပြင်အခြေအနေတွေပေါ် မူတည်ပြီးတွက်ဆချက်(assessment)တစ်ခုရှိပြီး အဆိုပါ တွက်ဆချက်နဲ့ မူဝါဒတစ်ရပ်ကိုလက်ကိုင်စွဲထားပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီ့မူဝါဒကတော့ မြင်​တွေ့နေရတဲ့လက်ရှိ မြန်မာပြည်တွင်းက မတည်ငြိမ်မှုဟာ ကြီးထွားလာပြီး စကစပြိုလဲသွားသည်အထိ ဖြစ်ပေါ်လာနိုင်ပေမယ့် မမြင်ရတဲ့သက်ရောက်မှုကတော့ စစ်ကောင်စီ ပြိုလဲသွားတဲ့အခါမှာ တိုင်းပြည်ထဲမှာ ပျံ့နှံ့နေတဲ့ လက်နက်တွေက တော်လှန်ရေးအင်အားစုတွေအတွက် မီးစ ဖြစ်လာနိုင်တယ်ဆိုတာပါပဲ။

တချိန်တည်းမှာပဲတတိယမျိုးဆက်တရုတ်ထုတ် FN-6 လိုမျိုး ဒုံးတွေနဲ့ ခေတ်ကုန်နေပြီဖြစ်တဲ့ ဒုတိယမျိုးဆက် HN-5s လိုမျိုး လေယာဉ်ပစ် လက်နက်တွေ ပိုင်ဆိုင်ထားတဲ့ ဝ လက်နက်ကိုင်တပ်ဖွဲ့ (UWSA) ကလည်း ဖက်ဒရယ် ဒီမိုကရေစီအင်အားစုတွေကိုရောင်းပေးတာမျိုးကိုလည်းမတွေ့နေရပါဘူး။

ဝ ဟာတရုတ်ပြည်တွင်းနဲ့ ‘ဝ’ နယ်မြေအတွင်းမှာ ထုတ်တဲ့ အံ့အားသင့်လောက်စရာလက်နက်အစုံကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ပေါ်ပေါ်ထင်ထင်ပေးနေပေမယ့် တရုတ်စစ်တပ် (PLA)ကနေ ဝထဲမှာပါဝင်နေတဲ့သူတွေက ပုခုံးထမ်းလေယာဉ်ပစ်ဒုံးတွေကို တပ်ဆင်မပေးဖို့ ဗီတို သုံးပြီး တားထားပုံရပါတယ်။

ဒါကြောင့်မို့ လက်ရှိ မြန်မာ့ပဋိပက္ခအခြေအနေတွေမှာ မူဝါဒက ပြောင်းလာနိုင်စရာ မရှိသေးသလို ဝ အနေနဲ့လည်း ပေးထားချက် ဘောင်ထဲကနေ အနေအထားတစ်ခုအထိ လွတ်အောင်လုပ်ဆောင်မယ့်အရိပ်အယောင်လည်းမတွေ့ရပါဘူး။

▪︎ခက်ခဲတဲ့ အခြားရွေးချယ်စရာ​တွေ

လေကြောင်းရန်ကာကွယ်တဲ့ လက်နက်တွေ၊လေယာဉ်ပစ်ဒုံးတွေသာ မရှိရင် လေကြောင်းရန် ကာကွယ်ဖို့ အတွက် တော်လှန်ရေးအင်အားစုတွေ စဉ်းစားနိုင်တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ အဲ့ဒီ့နည်းလမ်းနှစ်ခုကို ပေါင်းပြီး တစ်ခုတည်း လုပ်လို့လည်း ရပါတယ်။ ဒါပေမယ့်လည်း အဆိုပါနည်းလမ်းတွေက လာမယ့်နှစ်မှာချက်ချင်းအကျိုးခံစားလို့ ရချင်မှ ရမှာပါ။

ပထမတစ်ချက်ကတော့လက်နက်ကြီး (heavy machine guns – HMGs) တွေ အထူးသဖြင့် နိုင်ငံထဲမှာ ပျံ့နေပြီးဖြစ်တဲ့ တရုတ်ထုတ် Type-77 အမျိုးအစား ၁၂.၇ မမ တွေကို တဖြေးဖြေးနဲ့ ပိုမိုတပ်ဆင်သွားပြီးတော့ အဓိက တိုက်ခိုက်ရေးတပ်တွေဖြစ်တဲ့ရှမ်းပြည်မှာဆို TNLA နဲ့ MNDAA ၊ရခိုင်ကမ်းရိုးတန်းဒေသမှာဆိုရင် AA တို့ကို အဆိုပါလက်နက်ကြီးတွေ ဖြန့်ဝေပေးထားတာ ဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့ သတင်းတွေအရ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရှမ်းပြည် နမ့်ဆန်မှာ ဖြစ်ပွားခဲ့တဲ့ TNLA နဲ့ စစ်တပ်ကြား တိုက်ပွဲမှာဆိုရင် စစ်တပ်ရဲ့ ရဟတ်ယာဉ်ကနေ လူအင်အားဖြည့်လို့မရအောင်၊ အထိနာအောင်လုပ်လိုက်နိုင်တာက TNLAဟာ တရုတ်ထုတ် လက်နက်ကြီး HMGတွေ သုံးနိုင်ခဲ့ပုံ ရပါတယ်။

Type-77 လက်နက်ကြီးကို ဘာလို့ သုံးခိုင်းတာလဲဆိုတော့ အဆိုပါ လက်နက်ကြီးက အနိမ့်ပျံ ရဟတ်ယာဉ်တွေနဲ့ fixed-wing လေယာဉ်တွေကို ထိထိရောက်ရောက် ဟန့်တားနိုင်တဲ့ အစွမ်းရှိလို့ပါပဲ။

အာဖဂန်နစ္စတန်တိုက်ပွဲတွေစဖြစ်တဲ့ ၁၉၇၉ နဲ့ ၁၉၈၆ ကြားမှာ အမေရိကန်က ပါကစ္စတန်ကနေတဆင့် Stinger ပုခုံးထမ်းဒုံးတွေကိုစပေးလိုက်တဲ့အခါမှာ လေကြောင်းတိုက်ပွဲ တွက်ချက်မှုတွေမှာအပြောင်းအလဲတွေဖြစ်ခဲ့တဲ့အပြင် ကွန်မြူနစ်ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၁၂.၇ မမ လက်နက်ကြီးတွေကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့ပါတယ်။

ဒါပေမဲ့အဲဒီလက်နက်ကြီးအသုံးပြုရာမှာအခက်အခဲသုံးခုရှိပါတယ်။ ပထမအချက်ကတော့တိကျတဲ့ပစ်အားနဲ့စက်သေနတ်တွေမှာတောင် ချက်ချင်းရွေ့နိုင်တဲ့ စွမ်းအင် မရှိသလို ဒုံးကျည်ခွင်းအပြီး ဖြစ်ပေါ်လာမယ့် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲတွေအတွက်လည်း အဖြေမရှိသေးပါဘူး။

ဒုတိယအချက်ကလေးတာပါ။ သုံးချောင်းထောက်ဒါမှမဟုတ်ယာဉ်တစ်ခုခုအပေါ်တင်ပြီးပစ်ရတဲ့အတွက် Type-77 အမျိုးအစားလက်နက်ကြီး​တွေဟာလူတွေနဲ့ သယ်ရခက်ပါတယ်။ ၅၆ ကီလိုဂရမ်ရှိတဲ့ သုံးချောင်းထောက်အပါအဝင် ဒုံးကျည်ဟာ လား၊ မြင်း ဒါမှမဟုတ် ကုတ်အားကောင်းတဲ့ ယာဉ်မျိုးနဲ့ သယ်ဖို့လည်း လိုပါသေးတယ်။ တရုတ်ထုတ် FN-6ပုခုံးထမ်းလေယာဉ်ပစ်ဒုံးကတော့ ၁၆ ကီလိုဂရမ်ပဲ ​လေးပါတယ်။

သူ့ရဲ့ ဗျူဟာကျကျ အသုံးပြုပုံကတော့ နှစ်လက် သို့မဟုတ် နှစ်လက်ထက်ပိုတဲ့စက်သေနတ်ထားပြီး ယာယီအခြေစိုက်စခန်း၊ကုန်းတွေကို ကာကွယ်ဖို့အတွက်တောက်လျှောက်ပစ်ပေးနိုင်တဲ့ အနေအထားမျိုး ရှိနေမှ ဒါမှမဟုတ် ရန်သူရဲ့ စခန်းတွေကို သေချာအကွက်ချပြီး တိုက်ခိုက်တဲ့အခါမှာ လေကြောင်းပစ်ကူတွေ ရောက်မလာနိုင်အောင် ကူညီပေးတာမျိုးပါ။

တတိယအားနည်းချက်ကတော့ လက်နက်ငယ်လေးတွေကို ထုတ်လုပ်နိုင်တဲ့ ‘ဝ’တပ်ဖွဲ့မှာရော KIA မှာပါ Type-77 ပုံတူ ထုတ်လုပ်နိုင်ပြီဆိုတဲ့ အချက်ကိုအတည်ပြုလို့မရသေးတာပါပဲ။

ဆိုလိုတာကတော့အကန့်အသတ်ရှိတဲ့တရုတ်ထုတ်လက်နက်ကြီးအရေအတွက်နဲ့ဝကနေပြန်ဖြန့်ပေးမယ့်အရေအတွက်ကြောင့် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ PDF တပ်ဖွဲ့တွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းမှာထက်စာရင်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ (ERO)တွေဆီ အရင်ရောက်မယ့်ပုံ ရှိပါတယ်။

▪︎မီးကိုမီးနဲ့တိုက်

လေယာဉ်တွေပျံလို့မရအောင် လေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာကလည်း လေကြောင်းရန်ကာကွယ်တဲ့ နောက်ထပ်နည်းတစ်မျိုးပါပဲ။ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပိုများလာတာနဲ့အမျှလေယာဉ်တွေကို ဖျက်ဆီးဖို့ ကြိုးစားလာတာတွေကလည်းတိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။

ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF တပ်ဖွဲ့တွေဟာ နမ့်ပွန်၊ မိတ္ထီလာ၊ မကွေး၊ တောင်ငူနဲ့ မကြာသေးခင်ကပဲ မင်္ဂလာဒုံ လေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေက ၈ ကီလိုမီတာအတွင်းမှာရှိတဲ့ ပစ်မှတ်တွေအတွက် ၁၀၇ မမ မြေပြင်ဒုံး(ရှပ်တိုက်ဒုံး) တွေကို အများအားဖြင့် အသုံးပြုတာပဲ ဖြစ်ပါတယ်။အဲဒီလက်နက်ကို အသုံးပြုဖို့က ဘီးတပ်ထားပြီး 12-barrel ပြောင်းရှိတဲ့ လောင်ချာရှိဖို့လိုပါတယ်။ ဒါပေမယ့် မြန်မာမှာကပြောင်းဝ၊လောင်ချာမပါဘဲ သုံးနေကြတာဖြစ်ပြီး လေယာဉ်ထိဖို့ နေနေသာသာ ပစ်မှတ်ကို ကောင်းကောင်းထိတာမျိုးဒီနေ့အထိ မရှိသေးပါဘူး။

လက်နက်တပ်ထားတဲ့ဒရုန်းတွေကို နိုင်ငံအနှံ့မှာရှိတဲ့ PDF တွေ အသုံးပြုတဲ့ပုံကိုကြည့်ခြင်းအားဖြင့်လေတပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာမှာလည်း တူညီတဲ့နည်းလမ်းအသုံးပြုလိမ့်မယ်လို့ မျှော်လင့်လို့ ရပါတယ်။ ဒါပေမယ့် ဒရုန်းသုံးပြီးတိုက်ခိုက်တာမျိုး မရှိသေးပုံကို ထောက်ရရင် စစ်တပ်က ၂၀၂၂ ခုနှစ်အတွင်းမှာ တရုတ်ကနေ ဝယ်ထားတဲ့ ဒရုန်းဟန့်တားတဲ့ ကိရိယာ​တွေရဲ့တိုက်ခိုက်ခံရမှုကနေ ကာကွယ်ပေးနေပုံပါပဲ။

ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းနဲ့ တိုက်ခိုက်တာထက်စာရင် ပိုပြီးထိရောက်တဲ့ နောက်တစ်နည်းကတော့ လေတပ်စခန်းတွေကို လက်နက်ငယ်တွေ ဖောက်ခွဲရေးကိရိယာတွေနဲ့ ဝင်ရောက်တိုက်ခိုက်တာပြီးလေယာဉ်တွေကိုအနီးကပ်ဖျက်ဆီးတာပါပဲ။ သီရိလင်္ကာက တမီးလ်ကျားတွေဟာ ၂၀၀၀ ခုနှစ်တွေမှာ စတင် အသုံးပြုခဲ့ပြီးတော့ ပါကစ္စတန်က ဂျီဟဒ် ပြောက်ကျား သူပုန်တွေဟာအဆိုပါနည်းကို လိုက်လံအသုံးပြုခဲ့ကြပါတယ်။

၂၀၀၁ ခုနှစ် ဇူလိုင်လမှာတမီးလ်ကျားကွန်မန်ဒို ၁၄ ယောက်ဟာ သီရိလင်္ကာ မြို့တော်ကိုလံဘိုရဲ့ မြောက်ဘက်မှာရှိတဲ့ “ကတူနာရာကီ”လေတပ်စခန်းကို ဝင်ရောက်စီးနင်းပြီး လေယာဉ် ရှစ်စီးကို ဖျက်ဆီးခဲ့သလို အခြားပစ္စည်းတွေကိုလည်း ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ ဘန်ဒါရာနိုင်ကီ နိုင်ငံတကာလေဆိပ်မှာလည်း အရပ်သားသုံး Airbus ဂျက်လေယာဉ် သုံးစီးကို ဖျက်ဆီးခဲ့ပြီး နှစ်စီးကိုလည်းအတော်လေးအထိအခိုက် ဖြစ်သွားစေခဲ့ဖူးပါတယ်။

၂၀၀၇ ခုနှစ် အောက်တိုဘာလမှာလည်းအလားတူ တိုက်ခိုက်မှုတွေကို တမီးလ်ကျားကွန်မန်ဒို ၂၁ ယောက်က အနုရာဒပူရမှာရှိတဲ့ လေတပ်စခန်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ လေယာဉ်ရှစ်စင်း ဖျက်ဆီးနိုင်ခဲ့ပြီး အခြားတစ်ဆယ်စီး အပျက်အစီးတွေ ဖြစ်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှု နှစ်ခုစလုံးက ကြိုတင်စီစဉ်ခဲ့ပြီး​တော့ အသေခံတိုက်ခိုက်တဲ့စစ်ဆင်​ရေးမျိုးဖြစ်တဲ့အတွက် ကျား ကွန်မန်ဒိုတွေအကုန် သေဆုံးခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့က အနေအထားချင်းမတူတဲ့အတွက် PDF တွေဟာ ပြန်လမ်းမရှိမယ့် မစ်ရှင်မျိုးကို အနာဂတ်မှာလုပ်ဆောင်လာမယ့် အရိပ်အယောင်တော့ မတွေ့ရပါဘူး။

လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အသက်သွေးကြောဖြစ်ပြီး နိုင်ငံအနှံ့မှာရှိတဲ့ အခြေစိုက်စခန်း တစ်နေရာနဲ့ တစ်နေရာကို အချိန်မှန် ပုံမှန် ပို့ဆောင်ဖို့ လိုအပ်တဲ့ လောင်စာဆီတွေကို ပစ်မှတ်ထားတာက အသေခံတိုက်ခိုက်တာထက်စာရင်ပိုလက်တွေ့ကျပါလိမ့်မယ်။

ဒီနည်းလမ်းကလည်း ဆီဘောက်ဆာကားတွေကို ဖျက်ဆီးနိုင်တဲ့ လောင်ချာနဲ့ စက်သေနတ်ရှိတဲ့ တပ်ဖွဲ့တွေနဲ့ ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေးရင်းမြစ် ကွန်ရက်တွေရှိဖို့ လိုပါတယ်။ ရှုပ်ထွေးလှတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက လာမယ့်လတွေမှာလုပ်နိုင်ဖို့ ခဲယဉ်းနေပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ လေယာဉ်ဆီတင်သွင်းတာကို ဆန်ရှင်ချတာကလည်းအောင်မြင်နိုင်တဲ့နည်းလမ်းတစ်ခုပါပဲ။အနောက်နိုင်ငံတွေရဲ့ ဆန်ရှင်တွေနဲ့ ဝိုင်းဖိကြလို့ အရှေ့တောင် အာရှ ဒေသတွင်းက သူ့ရဲ့ တစ်ခုတည်းသော မဟာမိတ်နိုင်ငံ လေတပ်က ပျံသန်းပြီးစစ်ဆင်ရေးတွေ ရှေ့ဆက်ဖို့ အခက်ကြုံလာတဲ့ အခြေအနေမှာ ကမ္ဘာ့ ရေနံထုတ်လုပ် တင်ပို့မှု ပမာဏ အကြီးမားဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားက ငြိမ်နေမှာတော့ မဟုတ်ပြန်ဘူး။

▪︎နည်းဗျူဟာကျကျ လုပ်ဆောင်ချက်

အထက်မှာ ဖော်ပြခဲ့တဲ့နည်းဗျူဟာပိုင်းဆိုင်ရာအားနည်းချက်တွေဟာ မဟာဗျူဟာမြောက် မေးခွန်းတစ်ခု ဖြစ်စေပါတယ်။ အဲ့ဒါကတော့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီ အုပ်စုဟာ တော်လှန်ရေးရဲ့ စစ်ရေးနဲ့ နိုင်ငံရေးရေချိန်အကျကို စောင့်နေချိန်မှာ မြို့ပြကို ထိန်းချုပ်နိုင်ပြီးတော့ စစ်တပ်ရဲ့ အရေးပါတဲ့ နေရာတွေကို ကာကွယ်နိုင်တဲ့ အပြင် စစ်တပ်ရဲ့ လေတပ်အင်အားဟာ အတိုက်အခံအင်အားစုတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို ချေပနိုင်လောက်အောင် လုံလောက်တဲ့ အင်အားရှိသလားဆိုတာပါပဲ။

သတိချပ်ပြီးပြောရရင်တော့ အဖြေက “ရှိတော့ရှိပေမယ့် မသေချာဘူး” ဆိုတာပါပဲ။ ခေတ်သစ် ပုန်ကန်မှုတွေရဲ့ ရာဇဝင်ကို ကြည့်လိုက်ရင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူ အသက်များစွာ ဆုံးရှုံးရတဲ့အထိ ဖြစ်ခဲ့ကြပေမယ့် အမြဲတမ်း တည်တံမနေနိုင်ပါဘူး။ ဒါ့အပြင် ပထဝီအလိုက် ပြန့်ကျဲနေတဲ့ ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့တွေကို နှိမ်နှင်းတဲ့အခါမှာ စစ်ရေးအရ ထိရောက်တဲ့ အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ပါဘူး။ နောက်ဆုံးမှာတော့ မြေပြင်မှာ တိုက်ရတဲ့ စစ်ပွဲတွေကပဲ အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြန်မာ့အတိုက်အခံအင်အားစုတွေဟာ အနိုင်ရနိုင်တဲ့အလားအလာမျိုးကို ပိုင်ဆိုင်ဖို့လည်း လိုပါတယ်။ စစ်ကောင်စီက ကြိုးပမ်းနေတဲ့ နယ်မြေထိန်းချုပ်မှုလိုမျိုး ရေရှည်ထိရောက်မှုမရှိတဲ့ ကြိုးပမ်းမှုမျိုး မဟုတ်ဘဲ စစ်တပ်ရဲ့ လက်နက်တွေကို သိမ်းတာမျိုး၊ ရန်သူ့တပ်တွေကို ဖျက်ဆီးတာမျိုးတို့ကို အချိန်ကာလ ပေးထားချက်များနဲ့အညီ မဟာဗျူဟာကျကျ မျှော်ရည်ချက်တွေထားပြီး တိုက်စစ်ဗျူဟာကို ဖွင့်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

လူအင်အားနည်းပါးပြီး စစ်ပန်းနေတဲ့ ရန်သူ့တပ်တွေကို ဖျက်ဆီးတာနဲ့ လက်နက်တွေကို သိမ်းတာဟာ နေပြည်တော်အတွက် အကြီးမားဆုံး စစ်ရေးအရ ထိုးနှက်ချက်ဖြစ်လာနိုင်သလို ပြင်ပကနေ အထောက်အပံ့မရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့​တွေအတွက်လည်း အရေးပါလာပါလိမ့်မယ်။

မြင်လွယ်အောင်ပြောရရင် ရန်သူရဲ့ လေကြောင်းပစ်အားကို ရင်ဆိုင်ရာမှာအမှောင်ထု၊ ပုံဖျက်မှုနဲ့နေရာအတည်အကျ အခြေမချမှုစတဲ့ ပြောင်းလွယ်ပြင်လွယ် နည်းဗျူဟာတွေကို စနစ်တကျ အသုံးချရပါလိမ့်မယ်။ လေကြောင်းတိုက်ခိုက်မှုတွေကနေ ရှင်သန်လွတ်မြောက်ဖို့ အခြေခံ အကျဆုံး နည်းလမ်းတွေလည်းဖြစ်တဲ့ အဲဒီ အချက်တွေကို မြန်မာနိုင်ငံအနှံ့မှာ အရပ်သားတွေကအစ သုံးစွဲနေကြပြီးသားတော့ ဖြစ်နေပါတယ်။

လေကြောင်း စိုးမိုးမှုကို ဖက်တွယ်ထားတဲ့ စစ်ကောင်စီကို ရင်ဆိုင်ရာမှာ စစ်ရေး အခင်းအကျင်း အစီအမံတွေနည်းတူ ပြောက်ကျား စစ်ဆင်ရေးရဲ့ အခြေခံ အကျဆုံး နည်းဗျူဟာတွေကလည်း အရေးပါနေဆဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်တော့ ရန်သူရဲ့ အားပျော့တဲ့ တည်နေရာတွေ၊ စခန်းတွေကို လူအင်အားရော၊ ပစ်အားပုံ ပုံအောအသုံးပြု တိုက်ခိုက်ပြီး လျင်လျင်မြန်မြန် ပြန်ဆုတ်ခွာ၊ လူစုခွဲ၊ ခြေရာဖျောက်သွားတာမျိုးတွေပါပဲ။

လူအင်အားနဲ့ ပစ်အားကို ပုံအောပြီးသုံးတယ်ဆိုတာက နေရာတစ်ခုမှာ တိုက်ခိုက်သူနဲ့ ခုခံသူအင်အားကိုသုံးဆ၊ တစ်ဆလောက် ဖြစ်စေတာမျိုးလို့ဖော်မြူလာထုတ်ထားနိုင်ပါတယ်။

လက်ရှိ လေ့လာစောင့်ကြည့်ထားတာတွေထက် မြန်မာနိုင်ငံမှာ အဲဒီဖော်မြူလာကို အတော်လေး မျက်ကွယ်ပြုထားကြမယ် ဆိုရင်လည်း ပိုကောင်းတဲ့ အကြောင်းပြချက်၊ ဒါမှမဟုတ် စိန်ခေါ်မှုတွေ ရှိနေလို့ ဖြစ်နိုင်ပါတယ်။

နည်းဗျူဟာပိုင်း ပိုမိုအာရုံစူးစိုက်နိုင်မှုနဲ့ ပြန့်ကြဲနေတဲ့တော်လှန်ရေး အင်အားစုတွေက စစ်ကောင်စီရဲ့ မြေပြင်တပ်တွေကို ထိုးနှက်တိုက်ခိုက်ရင်း သူတို့ရဲ့ လေတပ် အားသာမှုကိုပါ တတိတိ လျော့ပါးအောင် စီမံဖို့ဆိုရင်တချို့ စစ်ဆင်ရေး ကဏ္ဍတွေမှာ ပိုပြီး မြင့်မားတဲ့အဆင့်မျိုးပူးပေါင်းအကောင်းအထည်ဖို့ လိုအပ်နေဆဲပါ။

မြန်မာနိုင်ငံမှာတော့ ရှင်းရှင်းကြီး မြင်နေရတာ၊ ဒါမှမဟုတ်လည်း အတော်ကြီး ထင်သာမြင်သာ ဖြစ်နေတာက တော်လှန်ရေး အင်အားစုတွေကြားမှာ တစ်နိုင်ငံလုံးအဆင့် စုစည်းသွားဖို့ မဖြစ်နိုင်သေးဘူး။ ဒါမှမဟုတ်ဆန္ဒမရှိကြ​သေးဘူး ဆိုတာပါပဲ။ တော်လှန်ရေး အဖွဲ့တွေကြားမှာ စည်းခြားထားတာကတော့ ပထဝီဝင်၊ ယဉ်ကျေးမှုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက စုဖွဲ့မှုနဲ့ အယူအဆတွေ ကွဲပြားခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် ပိုရှုပ်ထွေးနေတာတစ်ခုကအမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ EROတွေကြားမှာ နိုင်ငံရေးအရ ညှိမရတာတချို့ ရှိနေတာပါပဲ။ ဒီတော့နေပြည်တော်ဖက်က ထပ်ပြီး ကမ်းလှမ်းတာတွေ ထွက်မလာခင် ဖက်ဒရယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ အသာစီးယူနိုင်မယ့်မူကြမ်းကို ဖော်ထုတ်ဖို့နဲ့ အဓိကကျတဲ့လူနည်းစုတိုင်းရင်းသားအသိုက်အဝန်းတွေကို စည်းရုံးနိုင်ဖို့ကNUGအတွက်အရေးတကြီး လိုအပ်လိမ့်မယ်။

▪︎C3Cလား၊ ဒါမှမဟုတ်?

ဒီအခြေအနေတွေ အရဆိုရင် တစ်နိုင်ငံလုံး အဆင့်အတွက် အကောင်းဆုံး မျှော်လင့်နိုင်တာကတော့ NUGက ဆွေးနွေး အကောင်အထည်ဖော်ထားပြီးဖြစ်တဲ့စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပုံစံတစ်ခုကို အခြေခံခြင်းပဲ ဖြစ်ပါတယ်။ အဲဒါကတော့ C3Cလို့ အတိုကောက် ခေါ်ဝေါ်တဲ့ ဗဟိုစစ်ရေးကွပ်ကဲမှုနဲ့ ညှိနှိုင်းရေးကော်မတီ (Central Command and Coordination Committee)ပဲ ဖြစ်ပါတယ်။ အနည်းဆုံးတော့ အဲဒီ စစ်ရေး ပလက်ဖောင်းဟာ စစ်ပွဲရဲ့ ရှေ့ဆက်မယ့် နောက်တစ်ဆင့်မှာနိုင်ငံအနှံ့ကကွဲပြားတဲ့စစ်ဆင်ရေး လှုပ်ရှာမှုတွေကြား ခပ်လျော့လျော့ ချိတ်ဆက်မှုမျိုးကိုတော့ယူဆောင်လာပေးမှာ ဖြစ်ပါတယ်။

နောက်ပြီး နိုင်ငံပိုင်နက်ထဲက အထူးပြုနယ်မြေတချို့မှာစစ်ရေးအရ စီမံခန့်ခွဲမှုတွေကို ပူးပေါင်း ဆောင်ရွက်ဖို့က ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ခြေ ရှိလာမယ့်အပြင် ဒီကိစ္စက အရမ်းလည်း အရေးပါနေပါတယ်။

တောတောင် ထူထပ်တဲ့ မြေပြင် အနေအထားနဲ့ ကချင်၊ ချင်း၊ ကရင်နဲ့ ကရင်နီ EROတွေ အခြေစိုက် လှုပ်ရှားနေတာကြောင့် အဲဒီနယ်မြေ အသီးသီးဟာ တော်လှန်ရေးရဲ့ အဓိက ခြေကုပ်မြဲတဲ့ စစ်ဆင်ရေး ဗဟိုချက်တွေအဖြစ် ရှိနေနှင့်ပြီးသားပါ။ ဒီတော့ ၂၀၂၁ ခုနှစ်မှာ NUGက အဲဒီနယ်မြေတွေမှာ စစ်ဆင်ရေး ကွပ်ကဲမှု ဌာန (MDC) သုံးခုကိုသတ်မှတ် ကြေညာခဲ့တယ်ဆိုတာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။

အနည်းဆုံးတော့စာရွက်ပေါ်က စာရင်းအရ MDC -1ဟာ ကချင်နဲ့ ချင်းပြည်နယ်တွေကို လွှမ်းခြုံထားပြီး MDC 2က ကရင်ပြည်နယ်၊ MDC 3က ကရင်နီ ပြည်နယ်တွေကို အခြေပြုပါတယ်။ အဲဒီ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနတွေမှာ လက်နက် အပြည့်အစုံ တပ်ဆင်ထားပြီး အတွေ့အကြုံ ပြည့်ဝတဲ့ ERO တပ်သားတွေက PDFတပ်သားသစ်တွေကို လက်တွဲခေါ်ရင်းNUGရဲ့ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ညှိနှိုင်းဆောင်ရွက်ကြပါတယ်။ NUG ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ERO အဖွဲ့ဝင် စစ်ဦးစီးတစ်ဦးရဲ့ လက်အောက်မှာ PDF တပ်သားတွေကို ဖြန့်ကျက်ပေးစေနိုင်ပါတယ်။

အကောင်းဆုံး မျှော်လင့်နိုင်မယ့် အခြေအနေမှာတော့ အဲဒီ စီမံအုပ်ချုပ်မှု စနစ်ဟာ နိုင်ငံရဲ့ သက်ဆိုင်ရာ အစိတ်အပိုင်းအလိုက် ပျံ့နှံ့နေတဲ့ PDFတွေကို ဗမာလူမျိုးအများစုနေထိုင်ရာ နိုင်ငံ အလယ်ပိုင်း ဒေသတွေဆီ ပိုမို ဆွဲသွင်းနိုင်ပါလိမ့်မယ်။ အဲဒီနယ်မြေတွေမှာ ကွဲပြားတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ အပြောင်းအလဲ မြန်ဆန်တဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အားကောင်းကောင်းနဲ့အစမ်းသပ် ခံနေရဆဲ ဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

တချို့သံသယစိတ်ကြီးမားတဲ့လေ့လာဆန်းစစ်သူတွေကတော့ဒေသတွင်း အဆင့်မှာတောင် တော်လှန်ရေး အင်အားစုတွေကို စုစည်းဖို့ မရနိုင်လောက်ဘူးဆိုတဲ့ အတွေးမျိုး ရှိကြပါတယ်။ EROတွေနဲ့ ၂၀၂၁ ခုနှစ်ကျမှ ပေါ်ထွန်းလာတဲ့ PDFတွေကြားကစစ်ရေးအရ ကွဲပြားမှုအရှိတရားတွေကိုသာမကဘဲ ERO အချင်းချင်း ကြားမှာလည်း ဒီအတွေးနဲ့ ပတ်သက်လို့ ရဲရဲကြီး ပြောနိုင်တဲ့ အနေအထားတွေ ရှိနေပြန်ပါတယ်။

ဆယ်စုနှစ်တွေ အများကြီး ကြာညောင်းတဲ့ထိကရင်၊ ကချင်နဲ့ တခြား EROတွေဟာ မူရင်း အခြေစိုက်တဲ့ နယ်မြေတွေမှာပဲ တပ်မဟာတွေ ခွဲဖြန့်ထားပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေအစား ဒေသတွင်းမှာ ပြောက်ကျားနည်းဗျူဟာဆန်ဆန် ခံစစ်သာ ဆင်နေခဲ့ပါတယ်။ တချို့ EROတွေ၊ အထင်အရှား ပြသစရာဆိုရင် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)ဟာ အတွင်းပိုင်းမှာ ပြိုင်ဆိုင် တိုက်ခိုက်မှုတွေနဲ့အတူ အဖွဲ့ငယ်တွေ ကွဲထွက်ကုန်တယ်။

အဆုံးမှာတော့ သယ်ယူပို့ဆောင်ရေးနဲ့ ရင်းမြစ်ဆိုင်ရာ ကိစ္စတွေကလည်း ခေါင်းခဲစရာတွေ ရှိနေပြန်တယ်။ ကိုယ်ပိုင် ခံယူချက်နဲ့ အတွေးအမြင်တွေ အသီးသီး ရှိနေကြတဲ့ ကွဲပြားတဲ့လက်နက်ကိုင်ယူနစ်တွေကို တိုက်စစ်အတွက်လိုလိုလားလားရှိတဲ့ စစ်ဆင်ရေးတွေအတွက် တည်မြဲတဲ့ စစ်တပ်တွေအဖြစ် ပုံသွင်းရတာဟာ ဒေသအလိုက် စစ်ရေး စီမံခန့်ခွဲမှုတွေနဲ့ ထောက်ပံ့ရေး ရင်းမြစ်တွေ ရရှိမှု အပေါ်မှာ အကြီးအကျယ် မှီခိုနေပါတယ်။ အဲဒီ ရင်းမြစ်တွေထဲမှာ ခဲယမ်းမီးကျောက်၊ ဆန် (ရိက္ခာ)၊ နောက်ပြီးတော့ငွေကြေးတွေ အားလုံး ပါဝင်နေပါတယ်။

မကြာခင်လပိုင်းတွေအတွင်းပူပြင်းခြောက်သွေ့တဲ့နွေရာသီကို ပြန်ရောက်လာပါတော့မယ်။ တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ဝေဟင်ကနေ မနားမနေ ဗုံးကြဲတာ ခံနေရတဲ့ ဖိအားတွေ အောက်မှာ အဲဒီ စိန်ခေါ်မှုတွေဟာ စစ်ပွဲရဲ့ အနာဂတ်မှာ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုတွေကို ထဲထဲဝင်ဝင် ပုံဖော်လာနိုင်တယ် ဆိုတာကို အသိအမှတ်ပြုပြီး တုံ့ပြန် ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။

(Asia Times သတင်းဌာနမှာ ​စစ်​ရေး​လေ့လာသူ အန်တိုနီဒေးဗစ်​ရေးသားတဲ့ “Myanmar PDFs need MANPADs to have a fighting chance” ​ဆောင်းပါးကိုဆီ​လျော်​အောင်ဘာသာပြန်​ဖော်ပြထားပါတယ်။​ဆောင်းပါး ပါ အာ​ဘော်မှာ အန်တိုနီဒေးဗစ် ရဲ့အာ​ဘော်သာဖြစ်ပြီး​တော့ People’s Springရဲ့အာ​ဘော်မဟုတ်ပါ)