အာဇာနည်နေ့မတိုင်မီ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ ” နဝင်း “ဟု ၎င်းတို့ အမည်ပေးထားသည့်အစည်းအဝေးခန်းမတွင် လူငယ်အချို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း ပြုလုပ်မည့် အစီအစဥ်တစ်ခုအတွက် တိုင်ပင်နေကြသည်။
ထိုလူငယ်များသည် Youth Association Of Thingangyun (YAT)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-မြေပြင်)၊ Labour Alliance အဖွဲ့ဝင် (CTUM)၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း နှင့် Revolution Force (RF) မှတာဝန်ခံသပိတ်ခေါင်းဆောင်များဖြစ်သည်။
ထိုလူငယ်များသည် ရန်ကုန်မြို့ပေါ်တွင်စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း သပိတ်စစ်ကြောင်းထွက်ကာ ဆန္ဒထုတ်ဖော်ရန် စီစဥ်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က ဆန္ဒပြလူငယ်များအား တွေ့သည်နှင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေချိန်မို့ သပိတ်အဖွဲ့ဝင်များအား အထိအခိုက်နည်းနိုင်သမျှ နည်းစေရန် ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။ ပိုပြီး အန္တရာယ်များစေသည်က မြို့ပြ၏ CCTV ယဥ်ကျေးမှုကြီးဖြစ်သည်။
“အဓိကစိန်ခေါ်မှုကတော့ CCTV တွေပဲဖြစ်ပါတယ်။CCTV အများဆုံးနေရာဖြစ်တဲ့အတွက် CCTV မှတ်တမ်းတွေကိုဖျက်ပေးဖို့ ” မြို့ပြကို CCTV နဲ့မသတ်နဲ့ ” အမည်ရကမ်ပိန်းနဲ့လူထုကို ကြိုတင်သတင်းစကားပါးထားပြီး တကယ်လို့ CCTV မှာပါခဲ့ရင်လည်း ခြေရာကောက်လို့မရအောင် ရုပ်ဖျက်ခြင်း၊သွားလာရေးလမ်းကြောင်းများဖြတ်တောက်ခြင်း အစရှိတဲ့နည်းနာတွေနဲ့ CCTV ကနေတာဝန်ယူထောက်လှမ်းနေရတဲ့ဖရဲသီးရဲတွေဆီကနေရရှိတဲ့ နည်းနာတွေကိုပါပေါင်းစပ်အသုံးပြုခဲ့ပါတယ်။”ဟု ကိုရေဘဝဲက ပြောသည်။

ထို့အပြင် ၎င်းတို့ရွေးချယ်ထားသည်က ရန်ကုန်မြို့လယ်ခေါင် လသာမြို့နယ်တရုတ်တန်းအနီးဖြစ်သည်။လသာရဲစခန်းနှင့် လမ်းမတော်ရဲစခန်းကြားတွင်မှ ဆန္ဒပြရန် စီစဥ်ခဲ့ကြခြင်းပင်။
အစည်းအဝေးခန်းထဲရှိ အမျိုးသမီးတစ်ဦးက “သပိတ်ဖော်ဆောင်မယ့်နေရာဟာ CCTV အများဆုံးနေရာဖြစ်တဲ့အတွက် လိုအပ်တဲ့ရုပ်ဖျက်မှုတွေ၊အသွားအလာလမ်းကြောင်းဖြတ်တောက်မှုတွေ ကိုအားလုံးပြင်ဆင်ကြပြီးပြီးလို့ယုံကြည်ပါတယ်ရှင်”ဟု ပြောသည်။
ထိုလူငယ်များသည် သပိတ်တစ်ခုဖော်ဆောင်မည်ဆိုပါက ရန်ကုန်မြေပြင်အခြေအနေပေါ်မူတည်ပြီး မြို့နယ်အနေအထားနှင့် စစ်ကောင်စီရဲ့ လုံခြုံရေးအနေအထားများကို လေ့လာမှု၊စစ်ဆေးမှု၊ကြိုတင်ပြင်ဆင်မှုများ အကြိမ်ကြိမ်ပြုလုပ်လေ့ရှိကြောင်း ကိုရေဘဝဲက ပြောသည်။
ကိုရေဘဝဲတို့သည် ခေတ်လူငယ် Z မျိုးဆက်များဖြစ်သော်လည်း ဗေဒင်၊နက္ခတ်၊တားရော့ အစရှိသည့် ပညာရပ်များကို ဝါသနာပါ၍ လေ့လာ၊ တတ်မြောက်ကြသည့် လူငယ်သပိတ်ရဲဘော်များလည်း အများအပြားရှိနေသည်။
သပိတ်ထွက်မည့်နေရာကို အတိအကျစီစဥ်ပြီးသည့်နောက် ထိခိုက်မှုအနည်းဆုံးနှင့် အောင်မြင်မှုအများဆုံး သပိတ်တိုက်ပွဲဖော်ဆောင်မည့် နေ့ရက်နှင့်အချိန်ကို တိုင်ပင်တွက်ဆကြသည်။ပေါင်းခြင်းနံမှတ် ၂ ၊ ၉ ၊ ၁၀ သုံးခုထဲမှ ရက်တစ်ရက်ကို တားရော့ကတ်ပြား ဗေဒင်ဖြင့်ပါ ရွေးရာတွင် ၉ ဂဏန်းကိုရွေးချယ်ခဲ့ကြသည်။
သပိတ်အတွေ့အကြုံ များ နှင့် တားရော့ကတ်ပြား၏ ဟောပြောတွက်ချက်မှုကြောင့် အာဇာနည်နေ့မတိုင်မီ ဇူလိုင်လ ၁၈ ရက်နေ့ (ပေါင်းခြင်း)ကို ရွေးချယ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ထို့နောက် မြေပြင်သပိတ်ဆင်နွှဲကြမည့် အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးကြသည်။မြေပြင်ကင်းထောက်ပိုင်းကိုတာဝန်ယူထားသော RF တာဝန်ခံက “သပိတ်မစမီ ရန်သူသတိထားမိအောင် စုစု စုစုလုပ်မနေကြဖို့လည်းလိုအပ်ပါတယ်။ “ဟု အကြံပြုသည်။
Labour Alliance အဖွဲ့ဝင် (CTUM)တာဝန်ခံကလည်း ” အရပ်ဝတ်တွေနဲ့ စတစ်ကာအမဲကပ်ထားတဲ့ အိမ်စီးကားတွေလည်း သတိပြုကြမယ်နော် “ဟု သတိပေးသည်။
ထို့နောက် ကိုရေဘဝဲက ” အောင်အောင်မြင်မြင်ကြွေးကြော်ပြီးသွားရင် မီးတုတ်တွေကိုလမ်းလယ်ကျွန်းဘက်ကပ်ချထားခဲ့ပါခင်ဗျာ။လမ်းဘေးစျေးသည်ပြည်သူတွေ အလန့်တကြားနဲ့ထိခိုက်မိမှာစိုးရိမ်စရာပါ။ဒီတခေါက်လည်းထုံးစံအတိုင်း လက်နက်မဲ့လူထုလှုပ်ရှားမှုနဲ့ စကစနားရွက် တံတွေးဆွတ်ကြစို့ရဲ့ခင်ဗျာ။ကဲ သပိတ်စထွက်မယ့်ပွိုင့်ကိုရောက်ဖို့ (၅) မိနစ်အချိန်ရပါမယ်ဗျို့ “ဟု ဆိုလိုက်သည်။
ထိုနောက် သပိတ်အဖွဲ့ဝင်များ မြို့လယ်ထွက်ရန် ပြင်ဆင်ကြလေပြီ။ ညနေ ၆ နာရီကျော်မှာတော့တရုတ်တန်း၊ လမ်းမတော်ရဲစခန်းနှင့် လသာရဲစခန်းကြားတွင် မီးတုတ်များကိုင်ဆောင်ကာ လူငယ်များအလျှိုလျှို ဖြင့်ထွက်လာကြချေပြီ။
သပိတ်တပ်ဦးအလံ အနီရောင်အောက်ခံပိတ်စတွင် ” လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာ (၉) ဦးမက ” ဟူသည့်စာသားအားအဖြူရောင်ဖြင့် ဆန်းသစ်စွာရေးချယ်ထားကြသည်။
“လူမျိုးကြီးဝါဒတိုက်ဖျက်ကြဟေ့၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ဒို့အရေးဒို့အရေး၊သပိတ်သပိတ် မှောက်မှောက်၊ မင်းအောင်လှိုင်မင်းအောင်လှိုင် မအေ-ိုးမအေ-ိုး” စသည့်ကြွေးကြော်သံများအကြား လမ်းဘေးစျေးသည်များနှင့် တရုတ်တန်းအနားရှိလူထုတရပ်လုံးမှာ ငေးကြည့်နေကြသည်။
အင်္ကျီအဖြူ၊ပုဆိုးဝတ်ဆင်ထားသော YAT မှသပိတ်တာဝန်ခံတစ်ဦးက”ကျဆုံးလေပြီးသောအာဇာနည်ခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည်အပေါင်းအား အလေးပြု ” ဟု ဆော်သြလိုက်သည်နှင့် သပိတ်ရဲဘော်များနှင့် အနီးဝန်ကျင်ရှိလူထုမှာ လက်သီးကျစ်ကျစ်ပါအောင်ဆုပ်၍ အံကိုကြိတ်ကာဦးညွှတ်လျက်။
ထို့နောက် စက္ကန့်ပိုင်းခန့်ငြိမ်သက်ပြီးသည်နှင့် “အရေးတော်ပုံ အောင်ရမည်၊အရေးတော်ပုံ အောင်ရမည်၊အရေးတော်ပုံ အောင်ရမည်” ဟုကြွေးကြော်သံဖြင့်ပိတ်ကာ အောင်မြင်စွာလူစုခွဲကြသည်။
ထိုနောက်လူငယ်များမှာကြိုတင်စီစဥ်ထားသည့်လမ်းကြောင်းများအတိုင်း တည်တည်ငြိမ်ငြိမ်ဖြင့်ကိုယ်ယောက်ဖျောက်ကာ ရဲရဲလျှောက်လှမ်းသွားခဲ့ကြသည်။
ထိုအရောင်စုံ၊လူမျိုးစုံ လူငယ်များရဲရဲလျှောက်လှမ်းနေကြသည့်လမ်းမှာ ဖက်ဒရယ်လမ်းမှလွဲ၍ မည်သည့်လမ်းမှမဖြစ်နိုင်ကြောင်း ကိုရေဘဝဲက ဆိုပါသည်။

“နဝင်း “ဟုအမည်ပေးပြီး နဝင်းဓာတ်ယူကာ လသာရဲစခန်းနှင့် လမ်းမတော်ရဲစခန်းကြား တရုတ်တန်းအနီး လူစည်ကားရာမြို့လယ်တွင် ပြုလုပ်ခဲ့သည့် သပိတ်ကတော့ အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
“ဒါဟာ အကြမ်းဖက်စစ်ကောင်စီကို “ခင်ဗျားတို့အနေနဲ့ ရန်ကုန်ကိုအုပ်ချုပ်လို့မရဘူး” ဆိုတာ လက်နက်မဲ့ သပိတ်တိုက်ပွဲလှုပ်ရှားမှုနဲ့ ထင်ဟပ်ပြသလိုက်တာပါပဲ”ဟု ကိုရေဘဝဲက ပြောပါသည်။
လုံခြုံရေး တင်းကျပ်ထားသည်ဆိုသောရန်ကုန်မြို့လယ်တွင် မီးတုတ်များကိုင်၍ ဆန္ဒပြကြွေးကြော်နေသော လူငယ်များ၏ ရုပ်သံဖိုင်ကို ရေဘဝဲ ဖေစ်ဘွခ်စာမျက်နှာမှတစ်ဆင့် အာဇာနည်နေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်လိုက်ရာ အချိန်တိုအတွင်းလျှင်မြန်စွာပျံ့နှံ့သွားသည်။ပြည်သူလူထုထံမှ အံသြဝမ်းမြောက်မှုဖြင့် သပိတ်တိုက်ပွဲမှ လူငယ်များအပေါ်အားပေးမှုများ ဇူလိုင် ၁၉ ရက်တွင် ပဲ့တင်ထွက်လာသည်။နားရွက် တံတွေးဆွတ်ခံရသော စစ်ကောင်စီက ဆန္ဒပြရာအနီးရှိ CCTV များမှတစ်ဆင့်ခြေရာခံရန်ကြိုးစားသည်။
သို့သော် နောက်ကျသွားပါပြီ။သပိတ်တိုက်ပွဲမှရဲဘော်တွေအားလုံး လုံခြုံဘေးကင်းရာသို့ရောက်နေကြပြီဖြစ်လေသည်။
