Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဝင်ပြုစုထားတဲ့ စာရင်းတွေအရ လက်ရှိ ပြည်နယ်အတွင်းက မြို့နယ် ၇ ခုမှာ စစ်ရှောင်စခန်း ၄၀၀ ကျော်ရှိနေပြီး အားလုံးနီးပါးဟာ ဒေါ်ကတ်သရင်းတို့လိုပဲ ပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ
နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ

People’s Spring

“ကိုယ့်ဟာကိုယ် ရုန်းကန် ရှာစားနေရတယ်။ ရွာခံအလုပ်တွေလိုက်လုပ် သူတို့ပေးတာလေးနဲ့စား ၊ တချို့က စားစရာမရှိတော့ ဘေးအိမ်ကနေချေးစား၊ ပြန်ရလာမှပြန်ဆပ်နဲ့ ပြန်ကုန်သွားလိုက်ပေါ့” ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ၊ဒေါရောက်ခူကျေးရွာအနီးက ဆေးခန်းဟောင်း စစ်ဘေးရှောင်စခန်းမှာ ၂ နှစ်လောက် နေထိုင်ခဲ့ရပြီဖြစ်တဲ့ ဒေါ်ကက်သရင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တဲ့ ဒေါ်ကတ်သရင်းတို့ရဲ့ စစ်ရှောင်စခန်းကို အရင်တုန်းက​တော့ တစ်လတစ်ကြိမ်လောက် လာရောက်လှူဒါန်းတဲ့ အဖွဲ့အစည်းတွေရှိပါတယ် ။ဒါ​ပေမယ့် အခုနောက်ပိုင်းကြတော့ အလှူရှင်တွေပါးရှားလို့ စစ်ရှောင်တွေ ကိုယ်ထူကိုယ်ထအနေနဲ့ ရှာဖွေစားသောက်နေကြရတာပါ။

နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ
နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ

“ဆန်က ရွာရဲ့ ရံပုံငွေ ဆန်ပဲရှိတယ်။ လုံးဝ စားစရာမရှိတဲ့ မိသားစုက ကော်မတီကို ပြောမှရတယ်။ နည်းနည်းပါးပါး ရှာစားနိုင်တဲ့သူကိုတော့ မပေးဘူး။ သွားတောင်းရင် နင် အရောင်းအဝယ် လုပ်နေပြီပဲ၊ ဒါက လုံးဝမရှိတဲ့သူအတွက်ပဲ ဆိုတော့ သွားတောင်းစားဖို့ကလည်း အဆင်မပြေဘူး” လို့ ဒေါ်ကတ်သရင်းက ရင်ဖွင့်ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့စစ်ရှောင်စခန်းမှာတော့အိမ်ထောင်စု ၂၀ ကျော် နဲ့ လူဦးရေ ၁၀၀ ကျော်လောက် နေထိုင်နေကြပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တရားဝင်ပြုစုထားတဲ့ စာရင်းတွေအရ လက်ရှိ ပြည်နယ်အတွင်းက မြို့နယ် ၇ ခုမှာ စစ်ရှောင်စခန်း ၄၀၀ ကျော်ရှိနေပြီး အားလုံးနီးပါးဟာ ဒေါ်ကတ်သရင်းတို့လိုပဲ ပြဿနာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

စစ်​ဘေး​ရှောင်ပြည်သူ​တွေများတာ​ကြောင့် စစ်ရှောင်စခန်းတွေအပေါ် IEC ရဲ့ ထောက်ပံ့ပေးနိုင်မှုပမာဏ့ လုံလောက်မှုမရှိတဲ့အခြေအနေမှာ လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေနည်းပါးသွားတဲ့ ပြဿနာကိုပါရင်ဆိုင်နေရတာဖြစ်ပါတယ်။

▪︎တစ်ပြည်နယ်လုံး ဒုက္ခသည်ဖြစ်နေတဲ့ ကရင်နီ

အရင်တုန်းက ကယားပြည်နယ်လို့ခေါ်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းက ကရင်နီပြည် လို့ ခေါ်တဲ့ဒေသဟာ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဘေးဒဏ်ကို အကြီးအကျယ်ခံရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ မြို့နယ် ၇ ခုစလုံးမှာ တိုက်ပွဲမဖြစ်တဲ့မြို့နယ်ရယ်လို့ မရှိဘဲ အားလုံးဟာ စစ်ဘေးဒဏ်ကို အပြင်းအထန် ခံစားခဲ့ရတဲ့ ၊ ခံစားနေရတဲ့ ဒေသတွေဖြစ်ပါတယ်။

နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ
နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ

၂၀၂၁ ခုနှစ်က နောက်ဆုံးအတည်ပြုထားတဲ့ စာရင်းအရ ကရင်နီပြည်နယ်မှာ လူဦးရေ ၃ သိန်းကျော် ရှိပါတယ်။ ကရင်နီရဲ့စစ်မီးဟာ ရှမ်းပြည်တောင်ပိုင်းအတွင်းက ဖယ်ခုံမြို့နယ်အထိ ကူးစက်လာတဲ့အခါမှာ ဖယ်ခုံလူဦးရေနဲ့ပေါင်းရင် စုစုပေါင်း ၄ သိန်းခွဲလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆိုကြပါတယ်။ လက်ရှိမှာ ဒီ ၄ သိန်းခွဲအထဲက ၃ သိန်းကျော်ဟာ အမြဲတန်းနေရပ်ရယ်လို့မရှိတော့ဘဲ စစ်ဘေးကြောင့်​ဘေးလွတ်မယ့်ထင်တဲ့​နေရာ​တွေကိုထွက်ပြေးတိမ်းရှောင် နေကြရတာပါ။

ဒုက္ခသည်တချို့ဟာ IEC နဲ့ ချိတ်ဆက်မှုရှိတဲ့ စစ်ရှောင်စခန်းတွေမှာခိုလှုံနေပြီး တချို့ကတော့ မြို့နယ်ပြောင်းရွှေ့ပြီး စစ်ရှောင်ကြပါတယ်။​ဒါအပြင် နီးစပ်ရာ ဆွေအိမ်မျိုးအိမ်ကို ပြောင်းရွှေ့သွားတာမျိုးတွေရှိသလို ၊ လယ်တောထဲမှာ တဲထိုးပြီး နေထိုင်တဲ့စစ်ရှောင်တာမျိုးတွေအထိ စုစုပေါင်း ပုံစံ ၃ မျိုးနဲ့ စစ်ရှောင်ကြတယ်လို့ IEC ကနေ သိရပါတယ်။

ဒါကြောင့်လည်း အခုအထိ စစ်ဘေးရှောင်အရေအတွက်ကို အတိအကျစာရင်းကောက်ယူဖို့ ခက်ခဲနေပြီး အကြမ်းဖျဉ်းအရ တစ်ပြည်နယ်လုံး စစ်ဘေးရှောင်နေကြတယ်လို့ အလွယ်မှတ်ယူနေကြရပါတယ်။

ကရင်နီပြည်နယ်မှာ အစောဆုံးအနေနဲ့ စစ်ဘေးဒဏ်ကို စတင်ခံစားရတာကတော့ ရှမ်း(တောင်)နဲ့ဆက်စပ်နေတဲ့ ဒေသတချို့အပါအဝင် ဒီမော့ဆိုမြို့နယ် ဖြစ်ပါတယ်။ ဒီဒေသက စစ်ရှောင်တွေဆိုရင် အခုအထိ စစ်ဘေးရှောင်စခန်းမှာပဲ ရှိနေပြီး တချို့က နှစ်ကြိမ်/သုံးကြိမ်အထိ ရွှေ့ပြောင်းခဲ့ရတဲ့သူတွေ ရှိနေပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ မြို့တော်လွိုင်ကော်ရဲ့ မြို့ပြလမ်းတွေပေါ်အထိ တိုက်ပွဲကျယ်ပြန့်လာသလို တစ်ပြည်နယ်လုံး စစ်ရှောင်ဆိုတဲ့ အနေအထားကိုပါ ရောက်ရှိခဲ့ပါတယ်။

IECရဲ့ အတွင်းရေးမှူး ၂ ဖြစ်သူ ကိုဗညားက ” စစ်ဘေးရှောင် တိုးလာတာပဲရှိတယ်။ လွိုင်ကော်အနားက လူတွေလည်း ထွက်ပြေးတယ်။ ဖားဆောင်းမှာလည်း တိုက်ပွဲဖြစ်တယ်။ ရှမ်းပြည်ထဲရောက်နေတဲ့ စစ်ရှောင်တွေလည်း အကြောင်းကြောင်းကြောင့် ကရင်နီကို ပြန်လာကြတယ်။ ဆီဆိုင်နဲ့ ကရင်နီ နယ်စပ်မှာလည်း တိုက်ပွဲရှိလာတော့ ရှမ်းပြည်အစပ်မှာရှိတဲ့ စစ်ရှောင်တွေက ပြန်ပြီးတော့ ရွှေ့​ပြောင်းရပြန်ပါတယ်။ ဆီဆိုင်ဘက်ဆို ၂ခါ ၊ ၃ခါပြန် စစ်ရှောင်ရတဲ့ပုံစံတော့ ရှိတယ်။ အချုပ်ပြောရရင် ကရင်နီမှာ စစ်ရှောင် ၃သိန်းခွဲ လောက် ရှိသွားနိုင်တယ်” လို့ပြောပါတယ်။

IEC က အပြည့်အ၀ မလွှမ်းခြုံနိုင်တဲ့ စစ်ရှောင်ထောက်ပံ့ရေးတစ်ပြည်နယ်လုံး စစ်ရှောင် ၄ သိန်းလောက်အထိ တိုးနေပေမယ့် IEC အနေနဲ့ လူ ၁ သိန်းခွဲလောက်ကိုပဲ အထောက်အပံ့ပေးထားနိုင်တယ်လို့ သိရပါတယ်။ ဒါတောင် စားနပ်ရိက္ခာ နဲ့ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ IEC အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

အခုနောက်ပိုင်း စစ်ရှောင်စခန်းအသီးသီးကနေ IEC ကို လိပ်မူပြီးပေးပို့လာတဲ့ စာတွေများပြားသလို စာတွေရဲ့ ၉၉ ရာခိုင်နှုန်းဟာ စားနပ်ရိက္ခာအကူအညီတောင်းတဲ့ စာတွေဖြစ်တယ်လို့ IEC က ဆိုပါတယ်။

နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ
နှစ် လ ကြာရင် ရိက္ခာပြတ်တော့မယ့် ကရင်နီစစ်ဘေးရှောင်တွေ

“စားနပ်ရိက္ခာလိုအပ်ချက်က အင်မတန် မြင့်သွားတယ်။ ဆန်၊ ဆီ၊ဆားက စိန်ခေါ်မှုကြီး ဖြစ်လာတယ်။ ကျနော်တို့ကလည်း အရေးပေါ်ပဲ ပေးနိုင်တဲ့အတွက်လူတစ်ဦးကို ၂ ပြည်၊ ၃ပြည်လောက်ပဲ ပေးနိုင်တယ်။ ၁ ပြည် ၂ ပြည်ဆိုတာကလည်း တစ်ပတ်စာပဲရှိတယ်” လို့ ကိုဗညားက ပြောပါတယ်။

စစ်ရှောင်တွေအများဆုံး အကူညီတောင်းတာက စားနပ်ရိက္ခာနဲ့ ဒုတိယကတော့ အမိုးအကာဖြစ်တယ်လို့ သိရပါတယ်။

ဆေးခန်းဟောင်းစစ်ရှောင်စခန်းရဲ့ တာဝန်ခံ ဒေါ်ကတ်သရင်းက “တဲပြိုရင် သစ်ခုတ်/ဝါးခုတ်ပြီး ပြန်ဆောက်လို့ရသေးတယ်။ အဓိကလိုတာ စားဖို့အတွက်ပဲ။ ရိက္ခာတအားလိုတယ်။ ဘေးအိမ်က ချက်ဖို့မရှိဘူးဆို သနားလို့ တဝက်ဖဲ့ပေးလိုက်ရတာ အများကြီးပဲ” လို့ပြောပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးဘက်ကို တိမ်းရှောင်သွားတဲ့ စစ်ရှောင် ​ခြောက်သောင်းဝန်းကျင် ၊ လိပ်သို နဲ့ တောင်ငူဘက်ကို တိမ်းရှောင်သွားတဲ့ စစ်ရှောင် ထောင်ဂဏန်းဝန်းကျင်နဲ့ မယ်စဲ့ ၊ ရှားတောနယ်စပ်က ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ စစ်ရှောင် ရာဂဏန်းကတော့ IEC ရဲ့ လွှမ်းခြုံမှုအောက်က လွတ်ကင်းနေပြီး အထောက်အပံ့မရကြဘူးလို့ IEC ကနေ သိရပါတယ်။

” အရင်တုန်းကတော့ လိပ်သိုတို့ ဟိုဘက်ခြမ်းတွေဆီ ပို့နိုင်သေးတယ်။ အခုတော့ စစ်ရေးအရ အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်းမမီတာတွေ ရှိသွားတယ်” လို့ ကိုဗညားက ပြောပါတယ်။

လက်ရှိ မြေပြင်မှာ စစ်ရှောင်တွေကို ကူညီထောက်ပံ့နေတဲ့ Karenni hop အဖွဲ့ဝင် ကိုလွှမ်းကလည်း သူ့အတွေ့အကြုံအရ စစ်ရှောင်စခန်းတွေကို အလှူရှင်ဝင်ရောက်မှု အတော်နည်းပါးလာတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“သူတို့ရှိတာလေး နဲ့ရေဝယ်သုံး ၊ ဆန်ဝယ်စား။ ရိက္ခာက လောလောဆယ် ဝယ်လို့ရသေးတယ်။ အလှူရှင်နည်းသွားရင်တောင် ရှိတာလေးခွဲခြမ်းပြီးတော့ စားလို့ရသေးတယ်။

ဒီဖက်ဆို (ဒီမော့ဆိုဘက်ကိုဆိုလို) လက်သမားတို့ တောင်ယာသွားသူ၊ နေ့စားလိုက်သူတွေ ရှိတယ်။ ဘော်လခဲ-ဖားဆောင်းဘက်က ခက်ခဲတယ်။ ပိုခက်ခဲတာက ဖရူဆိုဘက်။ ပစ္စည်း ၊ အလှူရှင် အရောက်အပေါက် နည်းတယ်။ ခေါင်တယ်” လို့ ကိုလွှမ်းကပြောပါတယ်။

၂၀၂၁ ကတည်းက နေရပ်စွန့်ခွာထွက်ပြေးရပြီး ဒီမော့ဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အသက် ၂၄ နှစ်အရွယ် မမော်စိုးမယ် ကတော့ စစ်ရှောင်အများစုဟာ ပုံမှန်အလုပ်မရှိဘဲ ကျပမ်းအနေနဲ့ပဲ ကြုံရာ လိုက်လံလုပ်ကိုင်ရတာကြောင့် စားနပ်ရိက္ခာ အခက်အခဲရှိတယ်လို့ ပြောပါတယ်။

အဖွဲ့အစည်း နဲ့ အလှူရှင်တွေက ထောက်ပံ့တာရှိပေမယ့် အနည်းအကျဉ်းသာဖြစ်တယ်လို့သူကဆိုပါတယ်။

▪︎စားနပ်ရိက္ခာပြဿနာကိုပိုဆိုးစေတဲ့အကြောင်းရင်း​တွေ

အရင်ကတည်းက ကရင်နီပြည်နယ်မှာ ဒေသခံတွေအတွက် ဆန်စပါးဖူလုံဖို့ ပြည်နယ်အတွင်းစိုက်ပျိုးမှု​ကမ​လောက်တဲ့အတွက် ပြင်ပ ကနေလည်း တင်သွင်းရပါတယ်။တစ်နှစ်မှာ ၆ လနဲ့ ၈ လ လောက် အတွက်ပဲ ဆန်စပါးစိုက်ပျိုးထုတ်လုပ်နိုင်ပြီး ကျန်တဲ့ကာလတွေအတွက် ပြင်ပကနေ တင်သွင်းရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း ဆန်စပါးစိုက်ပျိုးနိုင်မှု အနှုတ်ပြသွားကြောင်းကို ကရင်နီရဲ့ လမ်းဘေးဝဲယာမှာရှိနေတဲ့ မစိုက်မပျိုးနိုင် လယ်ကွင်းတွေက သက်သေခံနေပါတယ်။

၂၀၂၃ ခုနှစ်က ကရင်နီပြည်မှာ လယ်ဧက ၂၀ ရာခိုင်နှုန်းလောက်ပဲ စိုက်ပျိုးနိုင်ခဲ့ပြီး ပုံမှန်ထွက်ရှိနေတဲ့ ဆန်စပါးပမာဏရဲ့ ၄၀ ရာခိုင်နှုန်းကိုပဲ ရရှိခဲ့တယ်လို့ IEC က ပြုစုထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ဒီပမာဏဟာ နောက်ထပ် ၂ လ ၊ ၃ လလောက်ပဲ တောင့်ခံထားနိုင်မယ်လို့ ကိုဗညား က ပြောပါတယ်။

“အရင်နှစ်ကစိုက်ပျိုးခဲ့တဲ့အပေါ်မူတည်ပြီးဘာလုပ်နိုင်မလဲဆိုတာ တွက်ကိန်းတော့ ရှိပြီးသားပေါ့။ လက်ရှိ ၂ လ ၊ ၃ လ လောက်ကတော့ တောင့်ခံနိုင်မယ်လို့ ခံစားရတယ်။ နောက်ပိုင်းတော့ ပြောရခက်တယ်” လို့ ကိုဗညားက ဆိုပါတယ်။

ကရင်နီကို အဓိကဝင်ပေါက်အနေ နဲ့ ပင်လောင်း-လွိုင်ကော်လမ်းပိုင်း၊ မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော် လမ်းပိုင်းတွေ ရှိပါတယ်။ အဲ့ဒီလမ်းတွေမှာ အရင်တုန်းက ကုန်စည်စီးဆင်းနိုင်တာကြောင့် အနည်းငယ်ချောင်လည်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က တင်းတင်းကြပ်ကြပ် ပိတ်ဆို့လိုက်လို့ ကုန်စည်စီးဆင်းမှု ရပ်သွားခဲ့ပါတယ်။ စစ်​ကောင်စီက ခုခံတွန်းလှန်မှု အား​ကောင်းတဲ့​ဒေသ​တွေကို လုပ်​နေကြအတိုင်း ဖြတ် ​လေး ဖြတ် လုပ်တာဖြစ်ပါတယ် ။ ဖြတ်​လေးဖြတ်ဆိုတာ စစ်အာဏာရှင်​တွေ ​ခေတ်အဆက်ဆက်ကျင့်သုံးခဲ့ပြီး​တော့ ​တော်လှန်​ရေးနဲ့ ဆက်စပ်တယ်ထင်တဲ့​ဒေသကပြည်သူ​တွေကို စားနပ်ရိက္ခာ ၊ ဘဏ္ဍာ​ငွေ ၊ သတင်းအချက်အလက် နဲ့ ​တော်လှန်​ရေးအတွက် လူသစ်မစု​ဆောင်းနိုင်​အောင်နည်းမျိုးစုံနဲ့ ပိတ်ဆို့ဖြတ်​တောက်တာပါ။ ဒီ​နေ့​ခေတ်မှာ​​တော့ ဖုန်းနဲ့အင်တာနက်လိုင်း​တွေ ကိုပါဖြတ်​တောက်တာ​ကြောင့် ဖြတ်ငါးဖြတ်လုပ်​​နေတာလို့​ပြောရင်လည်းရပါတယ်။

ဒီလိုအခြေအနေတွေရဲ့ သက်ရောက်မှုကြောင့် ဒေသခံတစ်ဦးချင်းစီမှာ စီးပွားရေးအရ ဝင်ငွေ နတ္တိဖြစ်သွားခဲ့သလို နိုင်ငံတကာက ပေးပို့တဲ့ အကူအညီတွေနည်းပါးသွားတာ၊ အဝေးရောက် ကရင်နီပြည်သူတွေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ အလှူငွေထည့်ဝင်မှု လျော့ကျသွားတာတွေကြောင့် ပိုခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

လျှပ်စစ်မီး နဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရလို့လည်း ရောင်းဝယ်ဖောက်ကားမှုနဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်သွားပါတယ်။ ဒီရဲ့ သက်ရောက်မှုက ဒေသခံလူထုအတွက် နေရပ်စွန့်ခွာထွက်ပြေးရခြင်း မရှိရင်တောင် ဘာမှလုပ်ကိုင်လို့မရတော့ဘဲ နေရင်းထိုင်ရင်း စစ်ဘေဒဏ်သင့်သည့် အခြေအနေရောက်ကာ စားရေးသောက်ရေးခက်ခဲသွားတယ်လို့ ကိုဗညားက ဆိုပါတယ်။

“ဗုံးကြဲခံရတယ်။ လက်နက်ကြီးနဲ့ ပစ်ခံရတယ်။ မီးမရတော့ဘူး။ တစ်ပြည်နယ်လုံး စစ်ဘေးသင့်တဲ့ သူတွေ ဖြစ်ကုန်တယ်။ အကူအညီပေးမှ ဆက်ပြီးတော့ အသက်ရှင်နိုင်မယ့်လူက ပိုများလာတဲ့ပုံစံမျိုး ပေါက်သွားတယ် ” လို့ ကိုဗညား က ဆိုပါတယ်။

အာဏာသိမ်းမှုဖြစ်ပြီး စံချိန်​တွေထပ်ခါထပ်ခါတင်​နေတဲ့ကုန်စျေးနှုန်းမြှင့်တက်မှုကလည်း ပိုပြီး အကြပ်​တွေ့စေတယ်လို့ IEC ရဲ့ လူမှုကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာန ဒုတိယ ဌာနမှူး မော်ရီးရီက ပြောပါတယ်။

“လူဦးရေတိုးလာတာနဲ့ ထွက်တဲ့ကုန်က မမျှဘူး၊ မလောက်ငှဘူး။ ကုန်စျေးနှုန်းတွေက တက်ပြီးရင်း တက်လာတယ်။ ဒီအခက်အခဲတွေ ဖြေရှင်းဖို့က ဒီထက်မကတဲ့ လှုဒါန်းမှုတွေ လိုနေသေးတယ်” လို့ သူက ဆိုပါတယ်။

▪︎IEC ဘာတွေလုပ်နေလဲ

စစ်ဘေးရှောင်တွေ လက်ရှိကြုံနေတဲ့ စားနပ်ရိက္ခာပြဿနာနဲ့ပတ်သက်ရင် စိုးရိမ်နေတယ်လို့တော့ IEC က ဝန်ခံပြောဆိုပါတယ်။ စားနပ်ရိက္ခာအတွက် နှစ် လလောက်ပဲ တောင့်ခံနိုင်တော့မယ်လို့ ဆိုထားပေမယ့် ဒါကိုဖြေရှင်းဖို့ တိကျသဲကွဲတဲ့ အဖြေမျိုးတော့ မရှိသေးပါဘူး။

IEC အနေနဲ့ကတော့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ရံပုံငွေရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် စစ်ရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေရဖို့ ခက်ခဲပေမယ့် ရံပုံငွေရရင်တော့ ဒေသတွင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ဆောင်ရွက်လို့ရကြောင်း IEC အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

“ရံပုံငွေကိုသာ တိုးပေးမယ်ဆိုရင် ကိုယ့်ဒေသမှာ ကိုယ့်ဟာကိုယ် လုပ်လို့ရတဲ့နည်းတွေရှိတယ်။ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ရံပုံငွေတွေ များများပေးဖို့ လိုတယ်။ ထိုင်းနိုင်ငံကနေ ကရင်နီပြည်နယ်ထဲကို နိုင်ငံတကာမှာ တွေ့နေရသလို ကားတန်းကြီးနဲ့ ဝင်လာတာမျိုးကတော့ လုံးဝ မဖြစ်နိုင်ပါဘူး” လို့ သူက ဆိုပါတယ်။

မကြာသေးခင်ကပဲ K3C (KIA ၊KNU ၊ KNPP ၊ CNF)လို့ခေါ်တဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့​တွေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အကြံပေးပုဂ္ဂိုလ်တို့ တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေရဖို့ ဆွေးနွေးခဲ့ပါသေးတယ်။

အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးဥပဒေ NDAA အရ ဒေါ်လာ ၁၂၁ သန်း အသုံးပြုမယ်လို့ ဆိုထားတာကြောင့် အဲ့ဒီအထဲကနေ ကရင်နီစစ်ရှောင်တွေအတွက် အကူအညီ တစုံတရာရနိုင်မယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကောက်ချက်ချနေကြပါတယ်။ NDAA ​ပေးမယ့်အကူအညီထဲမှာ စစ်​ဘေး​​ရှောင်ပြည်သူ​တွေအတွက် စားနပ်ရိက္ခာအကူအညီ​တွေ ပါလိမ့်မယ်လို့ ​လေ့လာသူ​တွေကသုံးသပ်ထားကြတာပါ။

​ဒါပေမဲ့ ဖြစ်နေတဲ့ ပြဿနာက မနက်ဖြန် သို့မဟုတ် ဘယ်သောအခါဖြစ်နေတဲ့ ဒီအကူအညီတွေ ရောက်လာမယ့် အချိန်အထိ လက်ရှိ ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ စားနပ်ရိက္ခာက စောင့်ဆိုင်းတောင့်ခံနိုင်ပါ့မလားဆိုတာကတော့ အားလုံးအတွက် ဖြေရခက်တဲ့ မေးခွန်းဖြစ်နေပြန်ပါတယ်။

K3C အဖွဲ့ဝင် KNPP အတွင်းရေးမှူး( ၂ )ဦးအောင်ဆန်းမြင့် က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နဲ့တွေ့ဆုံခဲ့စဉ်က ဆွေးနွေးဖြစ်ခဲ့တာတွေကို ထုတ်ပြန်အသိပေးထားပေမယ့် ဒီအထဲမှာ ဒုက္ခသည်တွေအတွက် ဘယ်လိုလုပ်မယ်၊ ဘယ်တော့လုပ်မယ်ဆိုတာတွေ တိတိကျကျ ပြောဆိုဆွေးနွေးခဲ့ခြင်းမရှိတာကို တွေ့ရပါတယ်။

“ထိုင်းကနေလုပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကိစ္စတွေရှိတယ်၊ အဆီယံနိုင်ငံတွေပါတယ်။ အဲ့ဒီကနေ နိုင်ငံတကာရံပုံငွေရဖို့ ထိုင်းက ကြိုးစားနေတယ်။ ဒါပေမဲ့ လုပ်နေတဲ့ process တွေက နည်းနည်းလေး နည်းလမ်းမမှန်သေးတော့ ဒါနဲ့ပက်သက်ပြီး တင်ပြခဲ့တာရှိတယ်၊ NDAA ကနေ ၁၂၁ သန်း အတည်ပြုလိုက်တဲ့အပေါ် ဘယ်ကိစ္စ ဘယ်လောက်သုံးမယ်ဆိုတာ ရှင်းပြတယ်။ အဲ့ဒီအပေါ်မှာ ကျနော်တို့နဲ့ ဘယ်လိုလုပ်နိုင်မလဲ ဆိုတာပါပဲ။ အတိအကျကြီး ဆုံးဖြတ်တာ မရှိပါဘူး” လို့ ဦးအောင်ဆန်းမြင့် က ပြောဆိုထားပါတယ်။

ဒါအပြင် ဒီကြားထဲ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ K3C တို့ တွေ့ဆုံခဲ့ပြီး ကရင်နီဒုက္ခသည်တွေအတွက် နယ်စပ်ဖြတ်ကျော် အထောက်အပံ့တွေပေးဖို့ K3C က တောင်းဆိုခဲ့ပါသေးတယ်။

▪︎စိုးရိမ်စရာဖြစ်နေတဲ့ ကရင်နီဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာပြဿနာ

ကရင်နီစစ်ရှောင်တွေကို ကူညီနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ IEC အကြား တလတကြိမ် ပုံမှန်တွေ့ဆုံဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံစဉ် စစ်ရှောင်ထောက်ပံ့ရေးရံပုံငွေအတွက် တွက်ချက်တဲ့အခါ အရင်နှစ်က ၄၀ ရာခိုင်နှုန်းရခဲ့ပေမယ့် အခု ၂၀၂၄ ခုနှစ်အတွက် ၂၀ ရာခိုင်နှုန်းရဖို့တောင် မသေချာသေးဘူးလို့ အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

“တချို့က လူသားချင်းစာနာထောက်ထားမှု ရံပုံငွေမဟုတ်ဘူး။ တခြားခေါင်းစဉ်တွေ ကွဲသွားတော့ ပေးလို့မရတော့တဲ့ အခြေအနေတွေက နိုင်ငံတကာအနေနဲ့လည်း ဖြစ်သွားတယ်။ ပိုဆိုးတာက ရနေတဲ့ဟာက အရေးပေါ်အသုံးစရိတ် အတွက် ဖြစ်တယ်။ တကယ်တော့ လူသားချင်းစာနာထောက်ထားမှု ရံပုံငွေက ရပ်သွားတာ ရှိတယ်။ ဒါကြောင့် ကျနော်တို့ စခန်းတွေကို ရောက်ရှိလာမဲ့ ပမာဏက ကျသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

ပြည်နယ်အတွင်းက စစ်ရေးတွေမှာ တော်လှန်ရေးတပ်တွေဘက်က နယ်မြေစိုးမိုးမှု အားကောင်းလာပြီး စီးပွားရေး စိုက်ပျိုးရေး ၊မွေးမြူရေးတွေ ပြန်လုပ်နိုင်ရင်တော့ စစ်ရှောင်အတွက် စားနပ်ရိက္ခာပြဿနာကို အထိုက်အလျောက်ဖြေရှင်းနိုင်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကောက်ချက်ချကြပါတယ်။

ဒါပေမဲ့ လက်ရှိ ကရင်နီပြည်နယ်ရဲ့ စစ်ရေးအခြေအနေကိုကြည့်ရင် တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက်တပ်ဆိုင်ထားတဲ့ မြို့နယ်တွေကများနေပြီး အပြီးသတ်သိမ်းပိုက်ထားနိုင်တဲ့ ဒေသတွေတော့ နည်းနေသေးတာကို တွေ့ရပါတယ်။

IEC အတွင်းရေးမှူး ကိုဗညား က ” အဓိကကတော့ စစ်ပွဲဘယ်လောက်ကြာမလဲ ၊ ဘယ်လိုပုံစံနဲ့ ကြာမလဲပေါ့။ ပြည်နယ်ရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်နိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးတွေ ပြန်လုပ်နိုင်ရင်၊ ရောင်းဝယ်ဖောက်ကားနိုင်ရင် စီးပွါးရေး နလန်ပြန်ထူမလားပေါ့။ ၁နှစ်၊ ၂နှစ်နေလို့ နိုင်ငံတကာ အကူအညီတွေလာခဲ့ရင် ဒီကြားကာလထဲတောင့်ခံနိုင်မလားပေါ့။ ဒီလိုမဟုတ်ပဲ စစ်ပွဲမှာ ထိန်းချုပ်နိုင်မှုအင်အားက တဖြည်းဖြည်း နည်းလာမယ်၊ စစ်ကောင်စီက နေရာတွေအများကြီး ပြန်ယူလာရင်တော့ စစ်ဘေးရှောင်တွေအတွက် ပြောလို့မရအောင် အခက်အခဲ ကြုံတွေ့နိုင်တယ်” လို့ သုံးသပ်ပါတယ်။ ။

(အလှူရှင်နည်းပါးလာမှု ၊ စစ်​ဘေး​ရှောင်​နေရတာ​ကြောင့် စပါးစိုက်ပျိုးနိုင်မှုနည်းပါးခဲ့မှု ၊ စစ်တပ်က စားနပ်ရိက္ခာအပါအဝင် ဖြတ်ငါးဖြတ် ပြုလုပ်ထားမှု ၊ ကုန်​ဈေးနှုန်းအဆမတန်မြင့်တက်မှု​ စတာ​တွေ​​ကြောင့် ကရင်နီပြည်က စစ်​ဘေး​ရှောင်ပြည်သူ​တွေကို စားနပ်ရိက္ခာအခက်အခဲဖြစ်​စေ​​နေပါတယ်)

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာအဖွဲ့အစည်းများ၊ သတင်းဌာနများအနေဖြင့်လည်း သတင်းတု၊ သတင်းမှားများအပေါ် အခြေခံ၍ မိမိတို့ အဖွဲ့အစည်းအပေါ် တစ်ဖက်သတ် အပြစ်တင်ပြောဆိုရေးသားနေကြမည့်အစား ပကတိမြေပြင်အမှန်တရားကို သိရှိနားလည်အောင် ဦးစွာပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။

ဗီဒီယို

အဆိုပါ တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။

သတင်း

တိုက်လေယာဥ်မှူးဖြစ်သည့် အသက် ၄၃ နှစ်အရွယ် ဗိုလ်မှူးခိုင်သန့်မိုးကို ကရင်နီတပ်ပေါင်းစုက ဖမ်းမိထားပြီး ဥပဒေကြောင်းအရ အရေးယူနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အသိပေးထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။