Connect with us

Hi, what are you looking for?

ဆောင်းပါး

“ဒီတခါဆောင်းမှာလည်း အညာဟာ ဗလာနတ္ထိ”

စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်၊ စောင်၊ ခြင်ထောင်နဲ့ ယာယီတဲထိုးဖို့ မိုးကာတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)
(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)

​Scorpio/People’s Spring

တန်ဆောင်မုန်းလပြည့်မတိုင်မီ အဖိတ်နေ့(နိုဝင်ဘာ ၁၄ရက်)ညက အညာရာသီဥတုဟာ အေးမြတဲ့အငွေ့အသက်လေးတွေနဲ့ ဆောင်းတွင်းကာလကို စတင်ရောက်ရှိပါတယ်။ တနှစ်ပတ်လုံး ပူလောင်ခဲ့သမျှ ခဏတာ အေးရတော့မယ့်အချိန်လေးပါ။ ပြင်ပ ရာသီဥတုကသာ အေး​လာပေမယ့် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ ရင်ထဲမှာတော့ နွေခေါင်ခေါင် ပူလောင်နေပါတယ်။

ယာထဲတောထဲ၊ ခြံတွေဝင်းတွေထဲ ဖြစ်သလိုနေထိုင်နေကြရတဲ့ ဘုတလင်က စစ်ရှောင်ပြည်သူတွေဟာ ရာသီကအေးလာလို့ ဝတ်စရာအနွေးထည် မရှိကြဘူး။ ညဘက်အေးလာလို့ ခြုံစရာစောင် မပါကြဘူး။ တဖျောက်ဖျောက်ကျနေတဲ့ဆီးနှင်းတွေကို ကာရံဖို့ကလည်း အမိုးအကာမရှိ။ အနွေးထည်၊ စောင် မရှိလို့ ခြင်ထောင်လေးများထောင်ရမလားဆိုတော့လည်း ခြင်ထောင်လည်း ရွာကအိမ်မှာကျန်ခဲ့ပြီ။ ရွာကအိမ်တွေကကော…။

စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ်က ရွာ ၈ ရွာက နေအိမ်ပေါင်း ၅၀၀ ကျော်ကို မီးရှို့သွားတဲ့အတွက် စစ်ရှောင်တွေဟာ ပြန်စရာနေအိမ်မရှိတော့တဲ့အပြင် လူလွတ်ထွက်ပြေးလာရလို့ ဆောင်းတွင်းကာလမှာ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံစစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)
(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)

“အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတယ်။ သူတို့က သာမန်စစ်ရှောင်ထက်ဆိုးတယ်။ သာမန်စစ်ရှောင်က အိမ်ကျန်တယ်။ သူတို့ကျတော့ မီးပါအရှို့ခံရတော့ အကုန်လုံး ဘာမှကိုမကျန်တော့တာ။”လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် အနွေးထည်၊ စောင်၊ ခြင်ထောင်နဲ့ ယာယီတဲထိုးဖို့ မိုးကာတွေလိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

နောက်တခုရှိတာက ရာသီဥတုအေးလာတာကော၊ ပြေးကြလွှားကြရင်း ဖျားကြနာကြတာကောကြောင့် စစ်ရှောင်သက်ကြီးရွယ်အိုတွေ သေဆုံးတာတွေရှိနေပြီး ဘိုးဘွား ၁၀ ဦးလောက် သေဆုံးခဲ့တယ်လို့ စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

“ဆေးဝါးနဲ့ အဝတ်အထည် တော်တော်များများ လိုအပ်နေတယ်။ ဆောင်းတွင်းနဲ့ပတ်သက်တဲ့ ဆေးဝါးတွေလိုတယ်။ လူကြီးတွေမှာဆိုရင် သလိပ်ကြပ်တာတွေ အတော်များများဖြစ်တယ်။”လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပြတယ်။

စစ်ရှောင်ရင်း သေဆုံးကြသူတွေကို သုဿန်တောင်မပို့နိုင်ဘဲ နီးစပ်ရာမှာသာ မြေမြှုသင်္ဂြိုလ်ရတယ်။ စစ်ကြောင်းသတင်းနားစွင့်ရင်းနဲ့ နာရေးရက်လည်တွေ ပြုလုပ်ကြရတယ်လို့ ဒေသခံတွေက ပြောပြတယ်။

အဲဒီစစ်ကြောင်းကြောင့်ပဲ ဘုတလင်မှာ ရွာပေါင်း ၃၀ ကျော်က ပြည်သူ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)
(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)

“စစ်ရှောင်တွေဟာ တစ်လနီးပါး ကြာမြင့်ပြီ။ အခုချိန်မှာလိုအပ်တာက အနွေးထည်တွေ၊ မိုးကာစတွေ ကျန်းမာရေးစောင့်ရှောက်မှုတွေ အဓိက လိုအပ်နေပါတယ်။”လို့ ဒေသခံစစ်ရှောင်ကူညီသူ ကိုသက်ထွေးက ပြောပါတယ်။

ဘုတလင်စစ်ရှောင်တွေအတွက် နောက်ထပ် တပူပေါ်နှစ်ပူဆင့်ရတာကတော့ မြွေအန္တရာယ်ပါ။ အောက်တိုဘာလနဲ့ နိုဝင်ဘာလအတွင်း စစ်ရှောင်ပြည်သူ ၅ ဦး မြွေကိုက်ခံခဲ့ရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

“မြွေတွေပြန်ပေါတော့မယ့်အချိန် ရောက်တော့မှာ။ သီးနှံသိမ်းချိန်လည်း ရောက်တော့မှာဆိုတော့ ပိုးထိလူနာက ထပ်ပြီးများလာနိုင်တယ်။ အခုလည်း ဘုတလင်မှာ ပိုးထိလူနာတွေများနေတယ်။မနေ့ကကို တစ်ဦးကိုက်လို့ ဆေးကိုသွားပေးလိုက်ရသေးတယ်။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။ အများဆုံးအကိုက်ခံရတာကတော့ မြွေပွေးတို့ မြွေဟောက်တို့များတယ်လို့ သိရတယ်။

ဘုတလင်စစ်ရှောင်တွေဟာ ကိုယ့်အိမ်ကိုယ့်ရာမှာတော့ လယ်ပိုင်ရှင်တွေဖြစ်ခဲ့ကြပေမယ့် စစ်ရှောင်ရင်း တဝမ်းတခါးအတွက် သူများလယ်တွေယာ​တွေမှာ အငှားပြန်လိုက်လုပ်ရပါတယ်။ အဲသလိုလုပ်ရင်း မြွေနဲ့တည့်တည့်တိုးခဲ့ကြတာလို့ ဒေသခံအချို့က ပြောပါတယ်။

“ဒီအချိန်က နှမ်းရိတ်တဲ့အချိန်။ နှမ်းရိတ်ရင်းနဲ့လည်းကိုက်မိတာတွေရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဘုတလင်စစ်ရှောင်တွေဟာ စစ်ကြောင်းပြန်သွားလို့တောင် ရွာပြန်အခြေချနေထိုင်လို့ မရတော့မယ့်အခြေအနေတွေဖြစ်သွားပြီလို့ စစ်ရှောင်ကူညီသူတွေက ပြောတယ်။

စက်တင်ဘာ ၃ဝ ရက်က ဘုတလင်မြို့နယ်အတွင်းမှာ စစ်​ကောင်စီစစ်ကြောင်းတစ်ကြောင်းလုံး ပျောက်ဆုံးအောင် တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ကျေးရွာများအား အောက်တိုဘာ ၁၁ ရက်ကစပြီး စစ်ကြောင်းထိုးခဲ့တာပါ။

စစ်ကြောင်းတစ်လျှောက် ပြည်သူ ၂၆ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး ၃ ဦးထက်မနည်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြတ်တောက်ခံခဲ့ရပါတယ်။

(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)
(ဘုတလင်မြို့နယ်က စစ်ရှောင်ပြည်သူများအား တွေ့ရစဥ်။ဓာတ်ပုံ-S&C)

“မီးရှို့သွားတဲ့နေရာတွေကိုသွားကြည့်တော့ စိတ်ထိခိုက်စရာ တော်တော်လေးကောင်းတယ်။ လက်ရှိက စစ်ကြောင်းကလည်း ထိုးတုန်း။ မီးကလည်း ရှို့တုန်း။ အခုထိကို စစ်ကရှောင်နေရတုန်း။ နေရာပါပျောက်ပြီးတော့ နေရာအတည်တကျလည်းမရှိဘူး။ အခုကတော်တော်ဆိုးဆိုးရွားရွားကို ဖြစ်နေတယ်။”လို့ S”&C အဖွဲ့က ကိုစိုးမိုးအောင်က ပြောတယ်။

ဘုတလင်တင်မကပါဘူး။ အညာမှာစစ်ကိုင်းတိုင်း၊ပုလဲ၊ ရွှေဘို၊ရေဦး၊ ကန့်ဘလူ၊ အင်းတော်၊ ကသာ၊ မန္တလေးတိုင်း၊မတ္တရာ၊ မြင်းခြံ၊ တောင်သာ၊မကွေးတိုင်း၊ ပခုက္ကူဘက်တွေမှာလည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးသတ်ဖြတ်နေလို့ ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရကာ အနွေးထည်တွေစောင်တွေ လိုအပ်နေတယ်လို့ ဒေသခံစစ်ရှောင်ကူညီသူတွေက ပြောတယ်။

“ရာသီဥတုကအေးလာတော့ အနွေးထည်တွေရအောင် စီစဥ်နေကြတယ်။ ဖျားကြနာကြတာတွေ တော်တော်လေးဖြစ်နေတယ်။ ကျွန်တော်တို့လည်း ဆေးအဖွဲ့တွေနဲ့ ကုသပေးနေရတယ်။”လို့ မြင်းခြံပကဖအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

ဒီတခါဆောင်းဟာ အာဏာရှင်လက်အောက်မှာ လေးကြိမ်မြောက် ကြုံရတဲ့ဆောင်းရာသီပါ။ ဒါပေမယ့် နောက်ထပ်လာမယ့်နှစ်တွေမှာတော့ ဆောင်းက သိပ်မချမ်းလောက်တော့ဘူးလို့ S&C မီးဘေးစစ်ဘေးပညာရေး ထောက်ပံ့ကူညီရေးအဖွဲ့က ကိုစိုးမိုးအောင်က ပြောပါတယ်။

“မီးရှို့ခံရတော့ သစ်ပင်တွေလည်း တစ်ရွာတစ်ရွာ မနည်းဘူးပါသွားတာ။ အရိပ်အာဝါသလည်းမရှိတော့ ပူတော့မှာ။”လို့ ကိုစိုးမိုးအောင်က အညာရဲ့အနာဂတ်ကို ပြောပြလိုက်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ ကာကွယ်‌ရေးအဖွဲ့ကနေ ရပ်/ရွာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ရဲဘော်တွေကို အပတ်စဥ် (၁) မွမ်းမံသင်တန်းပေးခဲ့ရာ သင်တန်းသား ၁၅၀ တက်ရောက်ခဲ့တယ်လို့ ဘုတလင်ကပဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။