ရှိန်း/People’s Spring
အိုးတိန်တွင်းရွာရဲ့မေလ ၁၂ ရက်နေ့ မနက်ခင်းဟာ သာသာယာယာပင် နိုးထလာပါတယ် ။
ကျောင်းသားတွေက ကျောင်းသွားဖို့ပြင်ဆင်နေကြပါတယ်။ပုံမှန်ဆိုရင်တော့မေလဟာနွေကျောင်းပိတ်ရက်တွေဖြစ်ပါတယ်။ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အညာမြေဟာ တော်လှန်ရေးကာလအတွင်း ကျောင်းပိတ်ထားရချိန် ကလေးငယ်တွေရဲ့ အသက်နဲ့အတန်းတွေ မမျှတာကြောင့် ၆ လ တစ်ကြိမ် အတန်းတင် စာမေးပွဲ ဖြေကာ တနှစ်ကို ၂ ကြိမ်တက်နေရတာမို့ နွေရာသီမှာပါ ကျောင်းကိုဆက်တက် နေရတာပါ။
မိုးဦးကျခါစမို့လူကြီးတွေကမိုးမြေပဲစိုက်ဖို့ တောင်ယာတွေဆီကိုသွားကြပါတယ်။

Public Service Announcement
ကျောင်းသွားတဲ့ ကျောင်းသား၊ကျောင်းသူတွေထဲမှာမသင်းမာရဲ့သားသမီး၄ ယောက်လည်းပါဝင်ပါတယ်။
မသင်းမာရဲ့ အမျိုးသားက ၄၅ နှစ်ပါ။ မသင်းမာက ၃၆နှစ်။ သူတို့မှာသားသမီး ၄ ယောက်ရှိပါတယ် ။သမီးကြီး ၁၅နှစ်၊သားလတ် ၁၂နှစ်၊သမီးလတ်၁၀နှစ် နဲ့ သမီးငယ်လေးက ၆နှစ်တို့ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်မှာရှိတဲ့အိုးတိန်တွင်းရွာဟာတောင်ရွာ ၊ မြောက်ရွာ နဲ့ ချောင်းဦးဆိုပြီးကပ်လျက်ရွာ သုံးရွာကို တအုပ်စုထဲသတ်မှတ်ထားတာပါ။မသင်းမာတို့ မိသားစုကတော့ အိုးတိန်တွင်းမြောက်ရွာကပါ။
မေလ ၁၂ ရက် နေ့မနက်ခင်းမှာ ကလေးငယ်တွေက ကျောင်းသွားနေပါတယ်။မသင်းမာက အဲဒီနေ့မှာ ကလေးတွေရော လူကြီးတွေပါ အန္တရာယ်ကင်းအောင် ကံဇာတာစစ်မယ် ၊ကံဇာတာဆေးမယ်ဆိုပြီး အိမ်ကနေ ဆိုင်ကယ်နဲ့ ဘေးရွာကိုထွက်လာတာပါ။
မနက် ၉ နာရီ ၄၅မိနစ်မှာ မသင်းမာလေယာဉ်သံကြားတာမို့ သွားလာနေရင်းဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။စိတ်ထဲမှာတော့ ဒီရွာမှာ PDF လည်းမရှိ၊တိုက်ပွဲတွေလည်းမရှိတာမို့ ဗုံးကြဲမှာ မဟုတ်ဘူးလို့သူတွေးလိုက်ပါတယ်။
လေယာဉ်ကတစ်ပတ် ပတ်ပြီးပြန်ဝဲသွားတယ်။နောက်တပတ် ပြန်ပတ်လာပြီးအိုးတိန်တွင်းရွာစာသင် ကျောင်းရဲ့ ပင်မဆောင်ပေါ်ကိုကြဲချလိုက်ပါတော့တယ်။အိုးတိန်တွင်းရွာစာသင် ကျောင်းဟာ အတန်း ၅ တန်း နဲ့ ဆရာမနား နေဆောင်ရှိတဲ့ ပင်မဆောင်ကအကြီးဆုံးဖြစ်ပါတယ်။ ကျန်တဲ့အတန်းတချို့က ထန်းလက်ကာယာယီဆောင်ကလေးတွေပဲရှိတာပါ။ကျောင်းတည့်တည့်ကိုဝုန်းခနဲဗုံး ကြဲချသံကိုကြားလိုက်တဲ့ အချိန်မှာ မသင်းမာရင်ထဲဗလောင်းဆူသွားပါတယ်။
“ကိုယ့်သားသမီးတွေ တခုခုဖြစ်ပြီလို့ပဲထင်လိုက်တာ”လို့ မသင်းမာကပြောတယ်။
ရောက်နေတဲ့နေရာနားက မူးဘောင် ပေါ်ကနေလှမ်းကြည့်လိုက်ချိန်မှာ ကျောင်းဘက်က ကလေးငယ်တွေအော်ဟစ်သံတွေကို အတိုင်းသားကြားလိုက်ရပါတယ်။
“အဖေကယ်ပါ၊ အမေကယ်ပါနဲ့အော်ဟစ်နေကြတယ်”လို့ မသင်းမာကပြောပါတယ်။
မသင်းမာလည်း စာသင်ကျောင်းဆီဆိုင်ကယ်ကို အမြန်မောင်းခဲ့ပါတယ်။စစ်လေယာဉ်က ဗုံးကြဲပြီးချိန်အထိကျောင်းရဲ့ကောင်းကင်ပေါ်ဝဲနေတုန်းပါ။
သားသမီးဇောနဲ့ ဘာမှ မမြင်တော့ဘဲ ဆိုင်ကယ်ကို ဒရကြမ်းမောင်းလာချိန် ရွာအဝင်မှာဆိုင်ကယ်က ခဏခဏလဲကျပါတယ်။ ဒါနဲ့နောက်ဆုံးပြန်ထပြီးကျောင်းဆီကို ပြေးလာကာ ဖိနပ်နဲ့ဆိုင်ကယ်ကို ထားခဲ့ပြီး ကြေမွနေတဲ့ ကျောင်းဆောင်ဆီပြေးပါတော့တယ်။
“ကျောင်းကလည်း အကုန်ညက်ညက်ကြေသွားတော့ မှန်ကွဲတွေကြားထဲကို ဖိနပ်မပါဘဲ လျှောက်နင်းရှာတာတာ”မသင်းမာက ပြောပါတယ်။
အဲဒီအချိန် ကျောင်းမှာ မသင်းမာနဲ့ တခြားမိဘတယောက်၊နှစ်ယောက်သာရောက်ပါသေးတယ်။
ဝဲနေတဲ့ လေယာဉ်ကို ဂရုမစိုက်အားဘဲ ပြိုပျက်နေတဲ့ အဆောက်အဦး ကြားထဲကနေ ကလေးတွေကိုလိုက်ရှာပါတယ်။
သိပ်မရှာလိုက်ရဘဲ မျက်နှာတခြမ်းမပါတော့တဲ့ ၁၀နှစ်အရွယ်သမီးလတ် မရွှန်းလဲ့ဝေ ကို တွေ့လိုက်ရပါတယ်။ ဝမ်းနည်းပူလောင်မှုကြောင့် တကိုယ်လုံးထူပူပြီး စိတ်လွတ်သွားချင်ပေမယ့် မသင်းမာ မငိုအားသေးပါ။ကျန်တဲ့ ကလေးသုံး ယောက်ကိုအားတင်းပြီယဆက်ရှာဖွေပါတယ် ။
ယမ်းငွေ့နဲ့ မီးခိုးတွေကြားထဲ လက်ပြတ် နေတဲ့ကလေးငယ်တွေ၊ခန္ဓာကိုယ်အစိတ်အပိုင်းပြတ်တွေ ၊အူတွေ၊ သွေးသံတရဲရဲ နဲ့ ငိုယိုနေတဲ့ ကလေးငယ် တွေကြားထဲကနေ ကျန်နေတဲ့ ရင်သွေးငယ်တွေကိုလိုက်ရှာပါတယ် ။
အချိန်အတော်ကြာတဲ့အခါမှာ သစ်ကိုင်းခြောက် တွေအောက်က တကိုယ်လုံးမှာ မှတ်မိစရာမကျန်တော့တဲ့ ဒဏ်ရာတွေ နဲ့ အသက်မဲ့နေတဲ့ ၁၂ နှစ်အရွယ်သားလတ် မောင်ဟိန်းချမ်းမြေ့အောင်ကို ထပ်တွေ့လိုက်ရပြန်ပါတယ်။
“သား လေးဆီပြန်သွားလိုက် သမီးလေးဆီပြန်သွားလိုက်နဲ့ ရူးမတက်ပဲ”လို့ မသင်းမာက ဖွင့်ဟပါတယ်။
ဒီလိုနဲ့ သမီးအကြီးနဲ့ အငယ်ဆုံး သမီးငယ်ကိုထပ်ရှာရပြန်ပါတယ်။အဲဒီအချိန်မှာ လေယာဉ်လည်း ပြန်သွားပြီးရွာထဲကနဲ့ ဘေးရွာက လူတွေလည်း ဝိုင်းလာပါတယ်။
သမီးအကြီးရဲ့ အတန်းဟာ ထန်းရွက်တဲနဲ့ ဆောက်ထားပြီးပင်မဆောင်နဲ့အနည်းငယ်လှမ်းတာမို့ အထိခိုက်နည်းခဲ့ပါတယ်။အငယ်ဆုံးလေးရဲ့ အတန်းကလည်း မုန့်စားဆင်းချိန်မှာ ပိတ်ပေးလိုက်တာမို့ ကလေးကသူ့အမကြီး ဆီသွား ဆော့နေချိန်ဖြစ်ပါတယ်။
ရွာထဲကလူ တစ်ယောက်က အကြီးဆုံးနဲ့အငယ်ဆုံးလေး ရှိကြောင်းပြောတာမို့အပူအနည်းငယ် ကျပြီး အဲဒီအချိန်မှ မသင်းမာ တစ်ယောက် ရင်သွေးငယ် နှစ်ဦးဆုံးရှုံးခဲ့မှုအတွက် အားပါးတရငိုနိုင်ပါ တော့တယ်။
အမျိုးသားဖြစ်သူလည်း ရောက်လာပြီမို့ ကလေးငယ်နှစ်ဦးရဲ့ ရုပ်အလောင်းနှစ်လောင်းကိုဆိုင်ကယ် ပေါ် ရအောင်တင်ပြီး အိမ်ပြန်ခေါ်လာပါတယ်။ တကယ်တော့ မသင်းမာတို့မိသားစုဟာ အသက် ၁၂နှစ်အရွယ်သားဖြစ်သူ ဟိန်းချမ်း မြေ့အောင်တပို့တွဲလမှာရှင်ပြုဖို့ပြင်ဆင်နေတာပါ ။
သားဖြစ်သူလေးက အဖြစ်ဆိုးကြီးမကြုံခင်အရင်ရက်ကမှ “အမေ အလှူရက်မရွေးရသေးဘူးလား”လို့ မေးနေခဲ့တာပါ ။
အလှူအတွက် စိတ်အားထက်သန်နေတဲ့ သားလတ် ဟိန်းချမ်းမြေ့အောင် နဲ့ သမီးလတ်ရွှန်းလဲ့ဝေ တို့က အလှူမှာ ပိုက်ဆံကြဲဖို့အတွက် စုဗူးလေး တွေကိုယ်စီစုထားကြပါတယ်။
သားနဲ့ သမီး စစ်ကောင်စီရဲ့လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် သေဆုံးပြီးတဲ့နောက် မသင်းမာလည်း စိတ်ထောင်းကိုယ်ကြေအိပ်ယာထဲလဲသွားပါတယ်။ကလေးတွေ သေဆုံးပြီး ၃ ရက်မြောက်နေ့ နေ့ခင်း
ပိုင်းမှာတော့ အလှူမှာ ကြဲဖို့စုထားတဲ့ ကလေးတွေရဲ့စုဗူးနှစ်ခုက ရုတ်တရက်ပြုတ်ကျပါတယ်။
ကလေးတွေအနားများရှိနေမလားဆိုတဲ့မိခင်စိတ်နဲ့သားနဲ့ သမီး ဖြစ်ချင်တာရှိရင်အမေ့ကိုပြောပါ။အမေလုပ်ပေးပါမယ်လို့သူပြောလိုက်တယ်။
အိုးတိန်တွင်းရွာဟာစစ်တပ်အာဏာသိမ်းပြီနောက်ပိုင်း စစ်ကြောင်းနှစ်ကြိမ်သာဖြတ်ဖူးပြီး တခြားရွာတွေထက်တည်ငြိမ်တယ်လို့ပြောလို့ရတဲ့ရွာဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေမရှိသလိုတပ်ဖွဲ့ တွေ၊ရဲဘော်တွေ စာသင် ကျောင်းအတွင်းတပ်စွဲ နေထိုင်တာလုံးဝ မရှိခဲ့ဘူးလို့ ရွာခံ တွေကတညီတညွတ်တည်းပြောပါတယ်။အခုဆိုရင် ဒီရွာက ကလေးငယ် တွေရဲ့ စိတ်ထဲ ဒေဝေါကြီးထပ် ကြောက်ဖို့ ကောင်းတဲ့ ပုံရိပ်ကိုစွဲနေပါပြီ။
“ရွာထဲမှာ ကလေးတွေက လေယာဉ်သံကြားရင်ငိုကြတယ်”လို့ ရွာခံတဦးကပြောပါတယ်။
မမျှော်လင့်ထားတဲ့လေကြောင်းတိုက်ခိုက်မှုခံထားရတာမို့ ညဆိုရင် အိုးတိန်တွင်းရွာဒေသခံ တွေဟာ ရွာပြင်ကို အသီးသီးထွက် အိပ်ကြပါတယ်။
“တိုက်ပွဲဖြစ်လို့ ဒီလိုလုပ်တယ်ဆိုလက်ခံသေးတယ်။အခုက သက်သက်မဲ့ဗျာ။ကျောင်းကို ပတ်ကြည့်ပြီးမှကြဲချတာ။”လို့ ရွာခံ အမျိုးသားတဦးက ပြောပါတယ်။
မသင်းမာရဲ့ အငယ်ဆုံး သမီးလေးက လေယာဉ်သံကြားရင်ငိုယိုပြီး “ငါ့အကိုနဲ့ အမကို အသက်ရှင်အောင်လုပ်ပေးကွာ”လို့ အော်ဟစ်လေ့ရှိပါတယ်။
အိုးတိန်းတွင်းရွာ စာသင် ကျောင်း လေယာဉ်နဲ့ ဗုံးကြဲခံရမှုမှာကျောင်းသား၊ကျောင်းသူ ၂၂ ဦး နဲ့ ဆရာမ ၂ဦးသေဆုံးပြီး ကလေး ၁၀၀ ကျော်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအထဲမှာ မသင်းမာတို့လို သားသမီး ၂ယောက်အထိ ဆုံးရှုံးတဲ့ မိသားစုက ၃စုရှိပါတယ်။စစ်ကောင်စီက ဒီရာဇဝတ်မှုကို သူတို့ မကျူးလွန်ကြောင်း ဆင်သေကို ဆိတ် သရေနဲ့ ဗုံးဖို့ ကြိုးစားပြီး ဗြောင်လိမ်နေပါတယ်။
မသင်းမာက တော့”သူတို့ (စစ်ကောင်စီ)မလုပ်လို့ ဘယ်သူကလာလုပ်မှာလဲ။ဘယ်PDFမှရွာထဲမရှိလည်းမရှိဘူး”လို့ ပြောပါတယ် ။
ဇွန်လဆိုရင် မြန်မာတနိုင်ငံလုံးမှာအ ခြေခံပညာကျောင်းများ ပြန်ဖွင့်ပါ တော့မယ်။စစ်ကောင်စီ
ရဲ့ ပညာ ရေးဝန်ကြီးဌာနာမည်နဲ့ မေလ၂၀ ရက်နေ့က “ကျောင်းနေ အရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆိုတဲ့ SMSစာတို တွေပေးဖို့လာပါတယ်။
တဖက်မှာလည်း စာသင် ကျောင်းတွေကို လေကြောင်းနဲ့ဗုံးလိုက်ကြဲ နေတာမို့ အညာ ဒေသကစာ သင်ကျောင်းအားလုံး ပိတ်ထားရပါတယ်။
အညာကမိဘ တွေကလည်း စစ်ကောင်စီရဲ့ ဗုံးကြဲမှု ကြောင့် ကလေးတွေရဲ့ ရှေ့ရေးထက် အသက်ရှင် ရေးကို ဦးစား ပေးနေရပါတယ်။
မိသားစုအတွက်ကံဇာတာသွားစစ်တဲ့ မသင်းမာလည်းစစ်ကောင်စီရဲ့လူမဆန်တာ ကြောင့် ကံဇာတာ စစ်ခွင့်မရဘဲ သားနဲ့ သမီးကိုဆုံးရှုံးလိုက်ရပါတယ်။သားလေးတွေကို သားရှင်ပြုလှူဖို့ရည်မှန်းခဲ့ပေမယ့် အခုတော့ အစီအစဥ်တွေ ကြွေမွပျက်စီးသွားပါပြီ။
မရွှန်းလဲ့ဝေ လေးက ကြီးလာရင်ဆရာဝန်ကြီးဖြစ်ချင်ခဲ့တာပါ ။ဟိန်းချမ်းမြေ့အောင် လေးကတော့ဘောလုံးသမားလုပ်ချင်တယ် ဘုန်းကြီး ဝတ်ချင်တယ်လို့ သူတို့ရည်မှန်းချက်တွေကိုပြောတက်သူပါ။
“မိဘကိုလုပ်ကျွေးချင်တယ်။ဘုန်းကြီး ဝတ်ရင် ပိုက်ဆံမရရင် အမေတို့ကိုလုပ်မ ကျွေးရမှာမို့လို့ပြောတယ်။ ဘုန်းကြီး ဝတ်ချင်စိတ်ကပိုများတယ်။ မေမြို့နဲ့ ရန်ကုန်ကို ဘုန်းကြီးသွားဝတ်ဖို့ ပြောတယ်။အလှူပြီး ရင်ထည့် ပေးမယ်လို့ လိမ်ထားရတယ်။ တကယ်ကမထည့်ပေးနိုင်ဘူး”လို့ သားလတ်ရဲ့ ဆန္ဒကို မိခင်က လွမ်းလွမ်းဆွေးဆွေးပြန်ပြောပြပါတယ်။
အပြစ်ကင်းစင်တဲ့ကလေးငယ်လေးတွေကိုရက်ရက်စက်စက်သတ်ဖြတ်သွားတဲ့အတွက် ဗုံးကြဲဖို့သတင်းပေးသူကိုရော ၊စစ်ကောင်စီကိုရော မသင်းမာ လုံးဝ မကျေပါဘူး ။ဝမ်းနည်းပူလောင်မှုကြောင့်မကြာခဏငိုကြွေးနေရပေမယ့် တရားမျှတမှုပြန်ရှာနိုင်ဖို့ အားမွေးနေပါတယ်။
ဝမ်းနည်းကြောင်း ၊ရှုံ့ချကြောင်းစာတွေပဲထုတ်တဲ့နိုင်ငံတကာအစိုးရတွေကိုလည်း မသင်းမာမေးခွန်းတစ်ခုထုတ်ပါတယ်။
“ဒီလိုပဲပစ်ထားမလား။ဒီလိုပဲပစ်ထားဆိုတခြားရွာတွေ ၊တခြားကျောင်းတွေပစ်သွားရင်လူတွေလည်း ဘာမှ ရှိမှာမဟုတ်တော့ဘူး။အဲတာကြောင့် တခြားနိုင်ငံတွေလည်းကူညီပေးပါအုံးလို့။ရှုံ့ချ ရုံကလွဲလို့ သူတို့လည်း ဘာမှ မတက်နိုင်ဘူးလားလို့ မေးချင်တာ”
မေလကုန်ပိုင်းမှာ အညာမှာလည်းမိုးတွေသည်းထန်နေပါတယ် ။မိုးတွေရွာရင်မသင်းမာ တယောက် ပိုပြီးဝမ်းနည်းလာပြီး ငိုနေမိပါတယ်။
“အခုဆိုမိုးတွေရွာတော့တအားသတိရတယ်။မိုးတွေရွာတော့လည်း ငိုရတာ။ကိုယ့်သားသမီးတွေ မိုးရွာထဲ နေရမှာဆိုပြီးတော့” လို့မသင်းမာကငိုရှိုက်ရင်းပြောပြပါတယ်။
