Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“နေရာတင် အိပ်ချင်စိတ် ပေါက်တာ။ ဒါပေမဲ့ အိပ်ရင်တော့ မဖြစ်ဘူး ဒီနားပြုတ်မှာပဲဆိုပြီး အဲဒါ မျက်စိကို အတော့ကို ဖွင့်ယူရတယ်”

စစ်ကောင်စီတပ်များ ၏ တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ မျက်လုံးမဖွင့်နိုင်၊ မျက်ခွံ​လေးပြီးအိပ်ချင်ကာ ထူးဆန်းသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ရဲဘော်အချို့က ပြောသည်။

(ပုံအ​ဟောင်းဖြစ်ပါသည်)

စစ်​ကောင်စီတပ်ကပစ်​သောလက်နက်​ကြောင့် မျက်လုံးများပိတ်ကျပြီးထူးဆန်း​သော​ဝေဒနာခံစားခဲ့ရ​သောPDFတစ်ဦးနှင့်​မေးမြန်းခန်း

ယင်းမာပင်မြို့နယ် လက်ပံတော၊ ကန်သာ အပါအဝင် အဆိုပါဒေသရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် ကလေးငယ်အချို့နှင့် အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်ဒေသခံ ပြည်သူများ သေဆုံးထိခိုက်မှုများရှိခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်များ ၏ တိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ မျက်လုံးမဖွင့်နိုင်၊ မျက်ခွံ​လေးပြီးအိပ်ချင်ကာ ထူးဆန်းသည့် အခြေအနေမျိုး ကြုံတွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ရဲဘော်အချို့က ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အတွင်း စစ်ကောင်စီတပ်များက ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် အပြာရောင်အမှုန့်များ ပြန့်နှံ့သွားကာ အနီးတဝိုက်ရှိ ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်အများအပြား အချိန် အနည်းငယ် သတိလစ်မေ့မျောခြင်း၊ မူးဝေခြင်း၊ မျက်လုံးများ ပြာဝေခြင်းများ ဖြစ်ပေါ် ကြုံတွေ့ခဲ့ရသည်ဟုစုံစမ်းသိ့ရသည်။ ထို့ပြင် ရွှေဘိုနယ်ဘက်တွင်လည်း စစ်ကောင်စီတပ် ပစ်ခတ်သည့် ဗုံးကြဲခဲ့သည့် ပြာများကို ထိမိပါက အသားများ ဖြူဖွေးစုပ်သွားသည့် အခြေအနေမျိုး ကြုံရကြောင်းလည်း သတင်းပေးပို့မှုရှိလာသည်။

အဆိုပါ အခြေအနေများကြောင့် စစ်ကောင်စီတပ်က ဓာတုလက်နက်အသုံးပြု တိုက်ခိုက်လာနေသည်ဟု ဒေသခံပြည်သူကာကွယ်ရေးတပ်များကယူဆနေသည်။အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မတ်လ ၈ ရက်လက်ပံ​တော တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်တိုက်ခိုက်ပြီး ထူးဆန်း​​​သော​ဝေဒနာ​ခံစားခဲ့ရ​သော ယင်းမာပင်နယ်မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ အတွေ့အကြုံကို People’s Spring ကမေးမြန်းဖော်ပြလိုက်ပါသည်။

Public Service Announcement

Public Service Announcement

​မေး-ယင်းမာပင်ဘက်မှာ စစ်ကောင်စီတပ်တွေက တိုက်ခိုက်တဲ့အခါ တချို့လူတွေ မျက်လုံးမဖွင့်နိုင်ဘဲ အလင်းဒဏ်မခံနိုင်ဘူးဆိုတာမျိုး ထုတ်ပြန်တာ​တွေ့ရတော့ ကြုံရတဲ့ အခြေအနေကို ရှင်းပြပေးပါလား

​ဖြေ- ကျွန်တော်တွေ့ရတာက ကျွန်တော်ပင်ပန်းလို့လားလို့ ထင်မိတာ ကိုယ့်ကိုယ်ကိုယ်။ အမှန်ကတော့ မျက်စိက ကြည့်နေရင်းနဲ့ သူ့ဟာသူ မျက်စိမှိတ်တာမဟုတ်ဘူး မျက်ခွံပိတ်ပိတ်သွားတာ။ နောက် ဝါးခနဲ ဝါးခနဲ့ ပျောက်ပျောက်သွားတာ။

​မေး-အဲဒါက ဘယ်လိုအချိန်မျိုးမှာ ကြုံရတာလဲ

​ဖြေ-ဘယ်လိုအချိန်လဲဆိုတော့ ကျွန်တော်က သူတို့(စစ်​ကောင်စီတပ်) နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ သူတို့ကအကြီး(လက်နက်ကြီး)နဲ့ လှမ်းထုတဲ့အခါမှာ ကျွန်တော်တို့နဲ့ ပေ ၅၀ လောက်အကွာမှာ ၄၊ ၅လုံးလောက်ကျတာ။ ကျွန်တော်တို့ နောက်ကျော ပေ ၅၀၊ ၃၀ ပတ်ချာလည်လောက်မှာကျတယ်။ ကျတဲ့အခါ ဝပ်နေတဲ့အခါ လွတ်တယ်ပေါ့ဗျာ။ ဒါပေမဲ့ အဲဒီကျတဲ့နေရာ ပတ်ဝန်းကျင်ကို ကျွန်တော်က မီးကျောင်းသွားတွားသွားပြီးတော့ အဲဒီကြားထဲက ဖြတ်ထွက်လာတဲ့အခါမှာ အဲဒီနေရာတင် အိပ်ချင်စိတ် ပေါက်တာ။ ဒါပေမဲ့ အိပ်ရင်တော့ မဖြစ်ဘူး ဒီနားပြုတ်မှာပဲ(အသတ်ခံရမှာပဲ)ဆိုပြီး အဲဒါ မျက်စိကို အတော့ကို ဖွင့်ယူရတယ်။ မျက်ရည်ကျတာ ဘာညာတော့ မရှိဘူးနော။


​မေး-အဲဒီလိုမျိုး တခြားလူတွေရော ကြုံရသေးလား။

​ဖြေ-အဲဒီလို ပုံစံမျိုးတချို့လူတွေလည်း ဖြစ်တဲ့သူတွေလည်း ဖြစ်တယ်။ ရာသီဥတုဒဏ်နဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့် တို့ဖြစ်နေတာလို့ထင်နေတာ အများစုက။

​မေး-အရင်တုန်းကရော အဲဒီလိုမျိုးဖြစ်ဖူးလား။

​ဖြေ-မကြုံဖူးပါဘူးဗျာ။ကျွန်တော်တော့ မှန်ပြောင်းကြည့်ရင်း စကုတ်ကြည့်ရင်း မျက်စိက ပိတ်ပိတ်သွားလို့ ကျွန်တော်မကြည့်နိုင်လို့ သူများကို ကြည့်ခိုင်းရတာ။

​မေး-အဲဒီဖြစ်စဉ်က ဘယ်မှာဖြစ်တာလဲ။ ဘယ်နေ့ကလဲ။

​ဖြေ-လက်ပံတောဘက်မှာ ဖြစ်တာ။ တစ်နေ့(မတ်လ ၈ရက်နေ့)ကပေါ့။ မနေ့က မနက်ခင်းက အဲဒီ ဘုန်းကြီးကျောင်းကနေ ပြီးတော့ ကန်သာ့မြောက်ဘက် သီးကုန်းရွာကိုရွှေ့တာ။ ဆိုတော့ ဖြစ်တုန်းက အဲဒီအနီးဝန်းကျင်ကို မကပ်နိုင်ဘူး။


​မေး-မျက်လုံးပိတ်ပိတ်သွားတာ အချိန်ဘယ်လောက်ကြာလဲ။

​​ဖြေ-အဲဒီလိုဖြစ်တာက ကျွန်တော်ကတော့ အနည်းဆုံး တစ်နာရီခွဲလောက်တော့ ကြာတယ်နော။ ကျွန်တော် ကတော့ လွတ်ရာကင်းရာကို သွားပြီးတော့ သီးသန့် အနားယူပြီး မျက်စိမှိတ်ထားပြီး အိပ်နေတာ။

​မေး-အခြားလူတွေရော။

​ဖြေ-အခြားလူတွေရဲ့ ပုံစံက ကျွန်တော့်လောက်မဆိုးဘူး။ ကျွန်တော်က ကျတဲ့ဟာတွေကြားထဲက ပြန်ထွက်လာတာကိုးဗျ။ တခြားလူတွေလည်း အဲဒီလိုပုံစံခံစားရတယ်။ ဒါပေမဲ့ သူတို့ကို မေးကြည့်တော့ သူတို့က ပင်ပန်းလို့ဖြစ်တယ်လို့ထင်နေတာ။

​မေး-ဒီလိုအခြေအနေကြုံရတော့ ဘယ်လိုပြောလိုပါသလဲ။

​ဖြေ-အဲဒီလိုမျိုး အခြေအနေဆို အန္တရာယ်များတာပေါ့ဗျာ။ သူတို့က ဒီထက်ဆိုးဝါးတဲ့ ဓာတုလက်နက် စသဖြင့် ဒီလိုမျိုး တော်တော်ပြင်းထန်တဲ့ လက်နက်တွေသုံးစွဲပြီး တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ မြေပြင် အနေအထားဆိုတာ တူမီး၊ လက်လုပ်သေနတ် ဒါလေးတွေနဲ့တွန်းလှန်နေတဲ့ ရဲဘော်တွေ အတွက် ဒါအန္တရာယ်များတယ်လို့ သုံးသပ်မိတယ်။ ပိုပြီး သတိကြီးပြီး သတိထားပြီး လှုပ်ရှားမှ လုပ်မှ ဖြစ်မယ်။ ဒါတော်တော်အန္တရာယ်များတဲ့အရာလို့ သတ်မှတ်တယ်။ အခုထွက်လာတဲ့ စကစ အဖွဲ့ဟာ လက်နက်အနေအထားက သာမန်ထက် တော်တော့်ကို ကောင်းတဲ့ အနေအထားရှိတယ်။

​မေး-မတ် ၈ ရက်တိုက်ပွဲမှာ အထိအခိုက်တွေရော ရှိကြသေးလား။

​ဖြေ-အထိအခိုက်က စစ်ရှောင်တွေထိခိုက်မှုရှိတယ် ကျဆုံးမှုရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရဲဘော် တိုက်ခိုက်ရေးအဖွဲ့တွေဘက်က လက်နက်ကြီး အဆံမှန်လို့ ပေါင်မှန်တာ တစ်ယောက်ရှိတယ်။ နောက်တစ်ခုက ကိုယ့်လက်နက်နဲ့ကိုယ် အခန့်မသင့်ဖြစ်ပြီး လက်ကျိုးတဲ့ ကလေးတစ်ယောက်ရှိတယ်။ အဲဒီနှစ်ခုပဲရှိတယ် ကျန်တဲ့အပိုင်းတော့မရှိဘူး။

​မေး-စစ်​ကောင်စီတပ်ဘက်ကရော အထိအခိုက်ရှိနိုင်သေးလား။

​ဖြေ-သူတို့ဘက်က အထိအခိုက်ရှိနိုင်သေးလားဆိုတော့ ခုဏတုန်းက လက်ပံတော ဘုန်းကြီးကျောင်းဘက်က အိမ်ထဲမှာထည့်ပြီး မီးတိုက်သွားတဲ့ ရုပ်အလောင်း ၁၀လောင်း ရယ် ၊အမေကြီးတစ်ဦးနဲ့ရယ်ဆို စုစုပေါင်း ၁၁လောင်းပေါ့။ အဲဒီ ၁၁လောင်းမှာ ၈လောင်းက ပိုင်ရှင်သိတယ်။ သုံးလောင်းက ခုထိ မသိသေးဘူး။ ရွာမှာလည်း လူတွေမစုံသေးတော့ စိစစ်လို့က မရဘူးဖြစ်နေတယ်။ ရွာတွေမှာ လူတွေစုံလို့ စိစစ်လို့ ရပ်ဝေးက စစ်ရှောင်လည်းမရှိဘူး ပိုင်ရှင်ရှာမတွေ့ဘူးဆိုရင်တော့ နောက်ထပ် သုံးလောင်းက သူတို့ လက်ပံတောဘက်ကို အတက်ကို ဆိုင်ပြီးတိုက်ပွဲ ခဏတဖြုတ်ဖြစ်လိုက်သေးတယ် အဲဒီပွဲက ကျလာတဲ့ သုံးလောင်းဖြစ်မယ်လို့ယူဆတယ်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။